Thursday 22 January 2015

၂၀၁၅ မှာ သဘာဝ ပတ်ဝန်းကျင် မထိခိုက်အောင် စားကြစို့

Photo: ၂၀၁၅ မှာ သဘာဝ ပတ်ဝန်းကျင် မထိခိုက်အောင် စားကြစို့
Thursday, January 22, 2015

မူရင်း စာရေးသူ အန်နာဘယ်လီ ဟာရာရိသည် အမေရိကန် နိုင်ငံ ဘော်စတန် အခြေစိုက် Local Belle ဘ၀နေမှု ပုံစံနှင့် ချက်ပြုတ် စားသောက် နည်းများ ဆိုင်ရာ ၀က်ဘ်ဆိုက် ထူထောင် ထားသူ ဖြစ်သည်။ ၎င်း၏ ၀က်ဘ်ဆိုက်သည် သန့်ရှင်း လတ်ဆတ်သော ဟင်းသီး ဟင်းရွက်နှင့် သီးနှံများ စားသောက်ရေး၊ ဒေသ ထွက်ကုန်များ ဦးစားပေး စားသောက်ရေး၊ ကျန်းမာရေးနှင့် ညီသော စားသောက်နည်းများ ရှိလာရေး ပညာပေး တင်ဆက်လျက် ရှိသည်။ အန်နာဘယ်လီ ဝေမျှ ထားသည့် ၂၀၁၅ မှာ သဘာဝ ပတ်ဝန်းကျင်ကို အကျိုးပြုစွာ စားသောက် နေထိုင်နည်း အချို့ကို တစ်ဆင့် မျှဝေလိုက် ပါသည်။

၁။ အသားလေးတော့ လျှော့စားကြပါ။
နေ့စဉ် နည်းနည်းစီ လျှော့စားမည် ဆိုလည်း ရသည်။ တနင်္လာ တစ်ရက်တော့ အသားကင်းစင်နေ့ အဖြစ် သတ်မှတ်လည်း ရသည်။ စနေ၊ တနင်္ဂနွေ ပိတ်ရက်များမှာ အသား မပါဘဲ စားမည် ဆိုလည်း ရသည်။ လိုရင်းကား အသား နည်းနည်းလောက် လျှော့စား ကြဖို့ ဖြစ်သည်။ မွေးမြူရေး လုပ်ငန်းသည် ကမ္ဘာကြီး ပူနွေးစေသော ဖန်လုံအိမ် ဓာတ်ငွေ့ အများအပြား ထွက်သည့် လုပ်ငန်း ဖြစ်ရာ ကိုယ်က အသားလျှော့ စားလိုက် ခြင်းသည် ကမ္ဘာကြီး ပူနွေးမှု လျော့ကျရေး အတွက်ပါ  ကူညီ လိုက်ခြင်း ဖြစ်သည်။  ဟင်းသီး ဟင်းရွက်နဲ့ ချည်း အရသာသိပ်ရှိအောင် စားနိုင်သည့် နည်းလမ်း များစွာ ရှိသည်။ ဟင်းသီးဟင်းရွက်တွေ သုံးပြီး တီထွင် ချက်ပြုတ်ခြင်းဖြင့် ကိုယ်လည်း မီးဖိုချောင် ထဲမှာ စိန်ခေါ်မှု အသစ်အသစ် တွေနဲ့ လုံးပမ်းကာ ဟင်းချက် ရတာ ပျော်စရာ ဖြစ်နေမည်။

၂။ ဒေသထွက်ကုန်တွေ များများ အားပေးပါ။   
ရှောပင်းစင်တာတွေ သွားပြီး ၀ယ်နေမည့် အစား တတ်နိုင်သမျှ အိမ်နားက ဈေးလေး ကိုလည်း အားပေးပါ။ ဟင်းသီးဟင်းရွက် စိုက်ပျိုးသူများ  ထံမှ တိုက်ရိုက် လာရောင်းသော ဈေးမျိုးမှာ ၀ယ်နိုင်လျှင် ပိုကောင်းသည်။ ကိုယ်လည်း လတ်လတ်ဆတ်ဆတ် စားရသည်။ ကိုယ်တိုင် စိုက်ပျိုး ထုတ်လုပ် သူများ ကိုလည်း တိုက်ရိုက် အားပေးရာ ရောက်သည်။ ထိုသူများ ရောင်းကောင်းခြင်းဖြင့် နောင်တွင်  ပိုတိုးချဲ့ စိုက်ပျိုးလာ နိုင်ကာ စိမ်းသော အစာများ ဈေးကွက်ထဲ ပိုးတိုးတက် ရောက်ရှိလာမည်။

၃။ သဘာဝ အတိုင်း စိုက်ပျိုး ထားတာတွေ ရွေးဝယ်ပါ။
သဘာဝ အတိုင်း စိုက်ပျိုး ထုတ်လုပ် ထားတာ များကို တတ်နိုင်သမျှ ရွေးဝယ်ပါ။ ထိုသို့ ရွေးဝယ်ခြင်းဖြင့် အပင်တွေကို ဓာတု ပစ္စည်း အမျိုးမျိုး နဲ့ ပြုပြင် စီရင်နေခြင်းများ ရပ်တန့်အောင် တစ်ချက်ဝင် ထိုးနှက် လိုက်ခြင်းနဲ့ တူသည်။ အကယ်၍ သဘာဝ စားစရာများက ဈေးကြီး၍ ဓာတုဆေးသုံး ထုတ်လုပ်ထား တာများ ၀ယ်ရမည် ဆိုလျှင်လည်း တတ်နိုင်သမျှ အန္တရာယ်ကင်းတာကို ရွေးဝယ်ပါ။ မိမိဝယ်မည့် ဟင်းသီးဟင်းရွက် အသီးအနှံ များသည် ဓာတုဗေဒနှင့် ပိုးသတ်ဆေး မည်မျှထိ သုံးထားကြောင်း တတ်နိုင်သမျှ သိအောင် လုပ်ထားပါ။

၎။ တာဝန်ယူမှုရှိရှိ မွေးမြူ ရောင်းချသော ရေထွက်ကုန်များ ၀ယ်စားပါ။
ငါး အပါအ၀င် ပင်လယ်စာ စားမည် ဆိုပါ ကလည်း သဘာဝပတ်ဝန်းကျင်ကို မထိခိုက်အောင် အထူးဂရုပြု မွေးမြူထုတ် လုပ်ထားသော ငါးနှင့် ပင်လယ်စာများကို ရွေးချယ် စားသုံးပါ။ ယခုအခါ ရေထွက် ပစ္စည်း အများစုကြီးတွင် သဘာဝ ပတ်ဝန်းကျင် မထိခိုက်အောင်၊ ရေနေ သတ္တ၀ါ မျိုးသုဉ်းမှုမရှိ အောင် စနစ်တကျ ထုတ်လုပ် ထားသည် ဟူသော အာမခံချက် စာတန်းများ၊ အမှတ်အသားများ ပါဝင်လာ နေပြီ။ ထိုအမှတ်အသား များသည် တာဝန်ယူ မှုရှိသော ရေထွက် ပစ္စည်းမှန်း အကြမ်းဖျင်း ခွဲခြားနိုင်သည့် အမှတ်အသား ဖြစ်သည်။

၅။ စည်သွပ်ဘူးတွေ၊ အသင့်စား စားစရာတွေ လျှော့စားပါ။
စည်သွပ်ဘူးများ၊ အသင့်စား စားစရာ များသည် ကျန်းမာရေး အတွက်လည်း ဆိုးကျိုးပေးသည်။ ထို့အပြင် အသင့်စား စားစရာ များသည် ရေရှည်ခံရန် အတွက် အာဟာရ များကို ကန့်သတ် ထုတ်လုပ်ရ သောကြောင့် ထိုအရာများ အစားများပါက လူသည် အာဟာရ အမျိုးအစား မစုံလင်သော ပြဿနာ ရင်ဆိုင် ရမည်။

၆။ ကိုယ်စားမှာ ကိုယ်စိုက်ပါ။
တိုက်ခန်းမှာ နေသူလား။ ၀ရန်တာလေး၊ ပြတင်းဘောင်လေး လောက်တော့ ရှိမှာပါ။ အဲမှာ ခပ်လွယ်လွယ် ပူစီနံ၊ ပင်စိမ်း စသဖြင့် အိုးကလေး နဲ့ ထည့်စိုက်လို့ ရသည့် ဟင်းခပ် အပင်လေးများ စိုက်ထား လိုက်ပါ။ ဟင်းခပ် အတွက် လိုလာရင် ခူးထည့် လိုက်ရုံပင်။ အဆင်လည်း ပြေသည်။ လတ်လည်း လတ်ဆတ်သည်။ နောက်ဖေး မြေကွက်လပ်လေးရှိ သူလား။ ဒါဆို ပိုတောင်ကောင်း သေးသည်။ ချက်ပြုတ် စားသောက် နိုင်သည့် ဟင်းစား အသီးအရွက် ပင်လေးများ စိုက်နိုင်သည်။ ငရုတ်ပင်က အစ ခရမ်းချဉ်၊ မုန်လာဥ၊ ချဉ်ပေါင် စုံနေအောင် စိုက်နိုင်သည်။ အိမ်နောက်ဖေး ဈေးဆိုင်တည် ဟူသော စကားအတိုင်း နောက်ဖေး မြေကွက်လပ်လေးမှာ ဟင်းစားပင်လေးများ စိုက်ခြင်းသည် လူ ကိုလည်း ဥယျာဉ် အလုပ်ရ စေကာ ကျန်းမာသန်စွမ်း စေသည်။ စားချင်သည့် အချိန်လည်း လတ်လတ် ဆတ်ဆတ် စားသောက် နိုင်သည်။ ကိုယ်စားဖို့ ကိုယ်စိုက် ရခြင်း အရသာသည် ချိုမြိန်ကြောင်း စိုက်ဖူး သူများ သိသည်။

၇။ မြေဆွေးစုပါ။
မြေလွတ်လေး နည်းနည်းရှိသူ ဖြစ်ပါက ကိုယ်စား ထားသည့် ဟင်းသီးဟင်းရွက် စားကြွင်း စားကျန်၊ အမှိုက်ဆွေး စသည် များကို မြေကျင်း လေးတူးပြီး စနစ်တကျ စုပုံ ထားပါ။ အချိန်ကြာလာသည်နှင့် အမျှ မြေ ဆွေး ဖြစ်လာမည်။ မြေဆွေးသည် ဟင်းစား ပင်လေးများ စိုက်ပျိုးရန် အတွက် အထူးသင့် လျော်သော မြေဆီဇာ ကြွယ်ဝသည့် မြေမျိုး ဖြစ်သည်။ မြေဆွေးစုသည့် အကျင့်လေး လုပ်ထား ခြင်းဖြင့် မလိုအပ်ဘဲ အမှိုက်တွေ ပစ်နေ ရခြင်းလည်း လျော့သွားမည် ဖြစ်ကာ သဘာဝ ပတ်ဝန်းကျင် သန့်ရှင်းအောင်လည်း ကူညီရာ ရောက်သည်။ ပြင်ပ ဓာတုအား ဖြည့်ဆေးတွေ သုံးစရာ မလိုဘဲ သဘာဝမြေ ဆွေးကိုပဲ သုံးကာ စိုက်ပျိုးခွင့်လည်း ရမည်။

၈။ သိုလှောင်တတ်ပါစေ။
ကိုယ်ပိုင် ဥယျာဉ်ခြံဝင်းလေး ရှိသူများ၊ ခူးဆွတ် သိုလှောင်ရန် အခြေအနေ ရှိသူများနဲ့ ပိုကိုက်ညီပါ လိမ့်မည်။ နွေရာသီမှာ ခူးဆွတ် ထားသော ဘယ်ရီသီးများကို စနစ်တကျ သိုလှောင် ထားမည် ဆိုပါက ဆောင်ဦးပေါက်၌ အိမ်မှာ နွေးနွေး ထွေးထွေး စားစရာ ဘယ်ရီယိုတွေထိုး နိုင်သည်။ ပန်းသီး နှစ်သက်သူများ ဖြစ်ပါ ကလည်း ပန်းသီးဆော့သ် လုပ်ကာ သေချာ လှောင်ထားခြင်းဖြင့် ရာသီမရွေး စားသုံး နိုင်သည်။ ယိုများ၊ ဆော့သ်များကို ဆိုင်မှ အလွယ်တကူ ၀ယ်စားလို့ ရသည် မှန်သော်လည်း ရာသီ အလိုက် ကိုယ်တိုင် သိုလှောင် ထားကာ သူ့ရာသီနဲ့သူ ယိုထိုး တန်ထိုး၊ မုန့်လုပ် တန်လုပ် စားရ ခြင်းသည် ဘာနဲ့မှ အစားထိုးမရသော နွေးထွေးသည့် ခံစားချက်ဖြစ်၏။

၉။ အိမ်မှာ ချက်ပြုတ်စားသောက်ပါ။
ကျန်းမာအောင် စားဖို့၊ သဘာဝ ပတ်ဝန်းကျင် မထိခိုက်အောင်စားဖို့ အထိရောက်ဆုံး နည်းလမ်းမှာ အိမ်တွင် ကိုယ်တိုင် ချက်ပြုတ် စားခြင်း ဖြစ်သည်။ ရုံးသွားရသူ များမို့ ကြားရက်များ မအားလပ်လျှင်ပင် ပိတ်ရက်များမှာ ချက်ပြုတ် စားသောက် နိုင်သည်။ ကြားရက် များမှာ  စားဖို့တစ်ပတ် လောက်ခံမည့် အကြော်အလှော်များကို ပိတ်ရက် များမှာ ကြို တင် ချက်ပြုတ်ခြင်းသည်လည်း နည်းကောင်း တစ်ရပ် ဖြစ်သည်။

၁၀။ ကြွပ်ကြွပ်အိတ် ရှောင်ပြီးဝယ်။
ရှောပင်းစင်တာထဲ သွားသည့်အခါ စားသောက်စရာ များကို ကြွပ်ကြွပ်အိတ်များနဲ့ အထုပ်တွေ ထုပ်ပြီး ရောင်းချတာမျိုး တတ်နိုင် သမျှ ရှောင် ၀ယ်ပါ။ ဆန်၊ သကြားနှင့် စား သောက်စရာများကို ဒီအတိုင်း ခင်းကျင်းပြီး ပေါင်ချိန်လိုက် ရောင်းချသည့် နေရာများမှာ သွားဝယ်ပါ။ တစ်ခါတည်းနှင့် ပေါင်ချိန် များများ ၀ယ်ယူခြင်းဖြင့် အိတ်တွေ သုံးရ သက်သာ သွားမည်။ ကိုယ့်ကြောင့် ကမ္ဘာမြေပေါ်မှာ ကြွပ်ကြွပ်အိတ် အမှိုက်နည်းနိုင် သမျှ နည်း အောင် ကူညီကြစို့။

၁၁။ မတတ်သာမှ ရေသန့်ဘူးဝယ်။
ရေဘူးကောင်းကောင်းတစ်လုံး ၀ယ် ထားလိုက်ပါ။ အပြင်ထွက်လျှင် အိမ်ကနေ ရေဖြည့်သွားပါ။ အပြင်ရောက်လျှင်လည်း ရေသန့်ရ နိုင်ပါက မိမိ ရေဘူးလေးနဲ့ ဖြည့်ယူပါ။ အသင့်ဖောက်သောက်နိုင်သော ရေသန့်ဘူး များကို ချည်း ၀ယ်သောက် နေပါက ကမ္ဘာမြေပေါ်တွင်  ကိုယ့်ပါးစပ်တစ်ပေါက် ကြောင့် ပလတ်စတစ်ဘူးတွေ ထပ်တိုးလာ လိမ့်မည်။ အိမ်မှာလည်း ရေသန့်စက် တပ်ထားလျှင် ပိုအဆင်ပြေသည်။ တစ်ချိန်လုံး ရေသန့်ဘူးတွေ ၀ယ်နေ စရာ မလိုတော့။ ထိုသို့ လုပ်ခြင်းဖြင့် ကြာလေ ငွေကုန်လည်း သက်သာ လာလေ ဖြစ်မည်။ သဘာဝ ပတ်ဝန်းကျင် ကိုလည်း စောင့်ရှောက် ပြီးသား ဖြစ်သွားမည်။

၁၂။ ဝေမျှ စားသုံးပါ။
ကျန်းမာစေသော၊ သဘာဝပတ်ဝန်း ကျင်ကို မထိခိုက်စေသော စားစရာများ၊ စားသောက်မှု ပုံစံ များကို မိတ်ဆွေ အပေါင်း အသင်း အိမ်နီးချင်း များနဲ့ပါ ဝေမျှနိုင်လျှင် ပိုပျော်ဖို့ ကောင်းသည်။ အိမ်နီးချင်းများနဲ့ စုပေါင်းပြီး အပတ်စဉ် တစ်ယောက်ယောက်၏ အိမ်တွင် အလှည့်ကျ ချက်ပြုတ် စားသောက် ကြသည့် ဓလေ့လေး ပျိုးထောင်ပါ။ ကျန်းမာအောင် မည်သို့ စားသောက် ကြမည်၊ သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက် ရအောင် မည်သို့ ချက် ပြုတ်ကြမည် ကိုလည်း ဆွေးနွေးနိုင် ကြသည်။ ကိုယ့်အလှည့် ကျသည့်  ရက်သတ္တပတ်ကို ရောက်လာ လျှင်လည်း ကိုယ့်အိမ်မှာ လာစား ကြမည့် သူများ ကျန်းမာအောင်၊ သဘာဝ ပတ်ဝန်းကျင်ကို ဖျက်ဆီးမိရာ မရောက်အောင် မည်သို့ ချက်ပြုတ် ကျွေးမွေးမည်ကို စဉ်းစား အကြံထုတ်ရ၊ စီစဉ်ရသည်က ပျင်းစရာ နေ့ စဉ် ဘ၀ကို စိတ်လှုပ်ရှားစရာ ကောင်းနေအောင် ဖန်တီးပေးလိမ့်မည်။

Ref: Ways to Eat More Sustainably in 2015 by Anabelle Harari (yahoo.com)

Messenger News Journal

No comments:

Post a Comment