Tuesday 21 February 2012

မြန်မာနိုင်ငံရှိဈေးများတွင် ပိဿာချိန်သုံးစနစ်မှ နိုင်ငံတကာသုံး ကီလိုယူနစ်ဖြင့် ပြောင်းသုံးရန် ဆောင်ရွက်မည်

မြန်မာနိုင်ငံရှိ ဈေးများတွင် ပိဿာချိန်သုံးစနစ်မှ နိုင်ငံတကာသုံး (ကီလိုယူနစ်- မက်ထရစ်ယူနစ်စနစ်) သို့ ပြောင်းလဲ သုံးစွဲနိုင်ရန် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် UMFCCI တို့ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြောင်းလဲမှုအတွက် ဝန်ဆောင်မှုများ၊ နည်းပညာများကို မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ ပါဝင်ဆောင်ရွက်မည်ဖြစ်ပြီး ကုန်စည်ဒိုင်နှင့် လုပ်ငန်းရှင်များကို ပညာပေးဖြန့်ဝေရန် မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်ကြီးများအသင်း (UMFCCI) မှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းအနေနဲ့ ကီလိုဂရမ် အလေးတွေကို ဒီဇိုင်းရေးဆွဲမယ်။ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ အလေးရဲ့ Weight ကိုဖော်ပြထားမယ်။ အလေးတွေ ထုတ်ဖို့ တင်ဒါခေါ်မယ်။ အလေးအတုတွေကို စစ်ဆေးအရေးယူဖို့နဲ့ စံချိန်မီတဲ့ အလေးတွေကို နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ဦးသန်းဝင်းက ပြောသည်။ မက်ထရစ်ယူနစ်စနစ်ကို ပြောင်းလဲသုံးခြင်းအားဖြင့် အလေးချိန်မှန်ကန်ပြီး ကုန်သည်အကြီး၊ အလတ်၊ အငယ်တွေအားလုံး အခွင့်အရေးမျှတစွာ ရရှိမည်ဖြစ်ကြောင်း သိရသည်။ “ ဒီစနစ်ကို ပြောင်းသုံးရင် ဈေးကွက်ထဲမှာ အလေးချိန်တွေ ပိုမှန်ကန်လာမယ်။ နောက်ပိုင်းမှာ မက်ထရစ်ယူနစ်က နိုင်ငံတကာ စံညွှန်းဖြစ်လို့ တွက်ချက်ပေးရတာ ပိုလွယ်ကူလာမယ်။ အချို့အခက်အခဲတွေက သုံးစွဲသူတွေက အလေ့အကျင့်မရှိသေးတော့ တစ်ပိဿာကို ဘယ်နှကီလိုဂရမ်ရှိမလဲ စတဲ့ Use to တွေ မဖြစ်တာတွေ ရှိနိုင်တယ်။ နောက်တစ်ခုက အလေးဟောင်းတွေကို ပြန်ပြောင်းဖို့ အလေးအသစ်တွေ ဝယ်ရမယ့်အတွက် ကုန်ကျစရိတ် ရှိလာမှာဖြစ်ပါတယ်” ဟု စံချိန်၊ စံညွှန်းကုမ္ပဏီ ဥက္ကဋ္ဌ ဦးမြင့်ဇော်က ပြောသည်။ စနစ်သစ် သုံးစွဲလိုသူများအတွက် ပိဿာချိန်နှင့် ကီလိုဂရမ် မတ်ထရစ်ယူနစ်တို့ ကွာခြားချက် အညွှန်းများကို ရောင်းချမည့် ဈေးဆိုင်များတွင် ကပ်ထားပေးမည်ဖြစ်ပြီး အလေးပိဿာ အဟောင်းများကို ဝယ်ယူ၍ အသစ်ဖြင့် လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
                                                                                                                                     ခေတ်လူငယ်

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဖေဖော်ဝါရီ ၂၀ ရက်နေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။ ထိုသို့ တွေ့ဆုံရာ၌ ပြည်တွင်းနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများနှင့် ဒေသတွင်း ဆက်လက်ပူးပေါင်း ဆောင်ရွက်ဖွယ်ရာ လုပ်ငန်းစဉ်များအား ခင်မင်ရင်းနှီးစွာ ဆွေးနွေးကြကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။ 
                                                                                                                                       ခေတ်လူငယ်

အခြေခံပညာဆရာများ၏ အရည်အသွေး ဗဟိုမှ ကြီးကြပ် အဆင့်မြှင့်ပေးမည်

ဗဟို၏ ကြီးကြပ်မှုဖြင့် အခြေခံပညာအဆင့် ဆရာ၊ ဆရာမများ၏ အရည်အသွေးကို အဆင့်မြှင့် ပေးသွားမည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောသည်။ ”အခြေခံပညာ အဆင့်မြှင့် ဖို့ဆိုတာက ဆရာကောင်းမှရမယ်။ ဒီအတွက် အခုလိုဆောင်ရွက်ခြင်းဖြစ်တယ်”ဟု ဒုတိယ ဝန်ကြီးဦးအေးကြူက ပြောသည်။ အခြေခံပညာ အဆင့်ရှိ ဆရာ၊ဆရာမများ၏ လက်ရှိ အခြေအနေအမှန်ကို သိရှိထားသည့်အတွက် ယင်းကဲ့သို့ ဆောင်ရွက်ပေးရခြင်းဖြစ်ပြီး လျင်မြန်စွာ အကောင်အထည် ဖော်ပေးသွား မည်ဟု ဒုတိယဝန်ကြီး က ဆက်လက်ပြောသည်။
ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် အတွင်းရှိ အခြေခံပညာ မူလတန်းကျောင်းမှ ဆရာမတစ်ဦးက ”ဆရာမတို့လည်း မြို့နယ်အစည်းအဝေးတွေ တက်တိုင်းမှာ လူကြီးတွေ က ရှေ့မှာ လုပ်ရမယ့် အနေအထားတွေကို ရှင်းပြပါတယ်။ ရှေ့ခရီးမှာ ဆရာ၊ဆရာမတွေ တော်တော်လေး ကြိုးစားသွား ရတော့မယ့် အနေအထားပဲ”ဟု ပြောသည်။ မြန်မာ့ပညာရေး မြင့်မားတိုးတက်ရေး တွင် အဓိက အရေးပါသည့် သင်ကြားရေးပိုင်းဆရာ၊ဆရာမများ၏ အရည်အသွေးမှာ လက်ရှိခေတ်ကာလနှင့် အံဝင်ခွင်ကျ မဖြစ်မှု များရှိနေသေးရာ၊ ယင်းကိစ္စအား အရေးထား ဆောင်ရွက်ပေးမည့် အပေါ် မြန်မာ့ပညာရေးစောင့်ကြည့် နေသူများက ကြိုဆိုလိုက်ကြသည်။ ဒုတိယဝန်ကြီးက ”ဆရာ၊ ဆရာမတွေရဲ့လက်ရှိအရည်အသွေးထက် ပိုမြှင့်ဖို့ ပြည်ပနဲ့လည်း ပူးပေါင်းသွားမှာပဲ။ ဟိုဘက်က လာပို့ချ၊ အဲဒီလို ကနဦး စီစဉ်ထားတယ်။ ပြည် တွင်းမှာလည်း လိုတဲ့သင်တန်းတွေကို ထပ်ပြီးပို့ချပေးမယ်။ ဒါက အရည်အသွေးပိုင်း၊ နောက်တစ်ခုက အဆင့်မြှင့်ပိုင်း၊ လုပ်ခလစာရရှိမှု နည်းပါးမှုကို တိုးမြှင့်ပေးသွားမယ့် အပိုင်း၊ ဒါလည်း အခု အဆင့်နှစ်ဆင့် ကျော်ဖြတ်ပြီးသွားပြီ၊ ဒီလိုဆိုတဲ့အတွက် စည်းကမ်းပိုင်းကို ဗဟိုကနေ ကြီးကြပ်ရတော့မှာပေါ့”ဟု ပြောသည်။                                                                                                                        
                                                                                             Popular Myanmar News Journal

ထောင်ကျော်တန် ဆင်း(မ်)ကတ် ပေါ်ထွက်လာရန် ကြံ့ခိုင်ရေးပါတီ အဆိုတင်သွင်းမည်

ရန်ကုန် ဖေဖော်ဝါရီ ၂၀

ပြည်သူလူထုအကြား ငါးထောင်တန် မိုဘိုင်းလ် တယ်လီဖုန်းများ အကြောင်း ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုဆွေးနွေး နေကြချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ကျင်းပဆဲဖြစ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆက်သွယ်ရေး ဥပဒေနှင့် လိုက်လျောညီထွေ ဖြစ်မည့် ငွေကျပ်ထောင်ကျော်တန် ဆင်း(မ်)ကတ်များ ပေါ်ထွက်လာရန် အဆို တင်သွင်းသွားမည် ဖြစ်ကြောင်း ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှု စီစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်သိန်းလင်းက ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ပြောကြားသည်။

ယင်းအဆို တင်သွင်းနိုင်ရေးအတွက် လတ်တလောတွင် ပညာရှင်များထံမှာ အကြံဉာဏ်နှင့် သတင်းအချက်အလက်များ ရယူနေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

" ပြည်သူအများကြီး အကျိုးရှိမယ့် ကိစ္စလို့ မြင်လို့ အဆိုတင်ဖို့ စီစဉ်တာပါ " ဟု ၎င်းက The Voice Weekly သို့ ပြောကြားသည်။

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက မတ်လဆန်းတွင် ထုတ်လုပ်ရောင်းချမည့် တန်ဖိုးနည်းဖုန်းများ၏ ဈေးနှုန်းမှာလည်း ကျပ်တစ်သိန်းခွဲ ဝန်းကျင်သာ ရှိမည် ဖြစ်ကြောင်း အတည်မပြုနိုင်သေးသည့် သတင်းများ ထွက်ပေါ်လျက် ရှိသည်။
                                                                                                                             The Voice Weekly