Sunday 24 June 2012

ဒေါ်အောင်ဆန်းစုကြည် ဘာလူမျိုးလဲ… ?


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် မတွေ့ရတာကြာပြီဖြစ်တဲ့ အနောက်နိုင်ငံက အမျိုးတွေဆီ အလည်သွားရင်း ပျော်ရွှင်မြူးထူးနေကြောင်း သတင်းတွေမှာ ဖတ်နေရပါတယ်။ ဒီလို မြန်မာနိုင်ငံသားတစ်ယောက်ကို အနောက်နိုင်ငံတွေက ဖက်လှဲတစ်ကင်းကြိုဆိုနေတာကို တွေ့တော့ကျွန်တော်တို့ အမေစုအတွက် ၀မ်းသာဂုဏ်ယူမိပါတယ်။ ဒါပေမယ့်ဗျာ အမေစုရဲ့ ဥရောပ ခရီးစဉ်တွေမှာ ပြောတဲ့စကားတွေကို နားထောင်ကြည့်မိတော့ အမေစုက အနောက်နိုင်ငံသူကြီး လုံးလုံးလို့တောင် ထင်မိပါတယ်။
ပြီးခဲ့တဲ့ ဗြိတိန်လွှတ်တော်မှာ မိန့်ခွန်းပြောတော့ အမေစုရဲ့ ဟန်ပန်တွေကို ကြည့်ရတာတကယ့်ကို အားရစရာပါပဲ။ ဒါပေမယ့် နားထောင်နေရင်း ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းကို အောင်ဆန်းလို့ သုံးထားတာကို နားထောင်ကြည့်မိတော့ နားထဲကို သံရည်ပူ လောင်းချလိုက်သလိုပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာတစ်မျိုးသားလုံးက ဗိုလ်ချုပ် အောင်ဆန်းဆိုပြီး တွဲသိကြတာပါ။ အနောက်နိုင်ငံအသုံးအနှုန်းအရ ဖခင်ကို နာမည်အတိုင်းပြောပေမယ့် ကမ္ဘာက သိတာ ဗိုလ်ချုပ်အောင်ဆန်းလို့ပဲ သိထားကြတာပါ။ ခုလိုပြောလိုက်တော့ ဘယ်လိုပဲ အနောက်တိုင်းဆန်နေပါစေ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ ကျင့်ဝတ်နဲ့ သိက္ခာကို မလိုက်နာဘူးလို့ ခံစားလိုက်ရပါတယ်။