Saturday 9 June 2012

ပြဿနာအဖြေမှန်ရှာ၊ သတိတရားလက်ကိုင်ထား


          ယခုတလော ဒီမိုကရေစီဖြစ်ထွန်းစမြန်မာနိုင်ငံအတွက် စိုးရိမ်ဖွယ်ရာသတင်းတွေ ဖတ်ရှုကြားသိနေရလို့ စိတ်မကောင်းဖြစ်ရတယ်။ ဖြစ်စဉ်ဖြစ်ရပ်ကတော့ ရာဇဝတ်မှုကျူးလွန်တဲ့ ဖြစ်ရပ်ကစတာပါဘဲ။ ၂ဝ၁၂ ခုနှစ် မေလ ၂၈ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်မှာ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာအုပ်စု၊ သပြေချောင်း ကျေးရွာ၊ စံပြရပ်ကွက်နေ မသီတာထွေး အသက်(၂၇)နှစ် (ဘ) ဦးလှတင်ကို ကျောက်နီမော် ကျေးရွာနေ ထက်ထက် (ခေါ်)ရော်ရှီး(ဘ)ဦးကျော်သောင်း(ဘင်္ဂလီ/အစ္စလာမ်)၊ ရော်ဖီး(ဘ)ဆွေယော့တာမောက်(ဘင်္ဂလီ/အစ္စလာမ်)၊
 ခိုချီး (ဘ)အကွယ်ချေ(ဘင်္ဂလီ/အစ္စလာမ်)တို့ ၃ ဦးကမုဒိမ်းကျင့်၊ သတ်ဖြတ်၊ လုယက်ခဲ့တဲ့ရာဇဝတ်မှုဖြစ်ပွားခဲ့ခြင်းက စတာပါပဲ။
          အခင်းဖြစ်ပွားခဲ့မှုကို သေဆုံးသူ မသီတာထွေးရဲ့အစ်ကိုဖြစ်သူက သတင်းပေးတိုင်ကြားခဲ့လို့သက်ဆိုင်ရာ ရဲစခန်းက အမှုဖွင့်ဆောင်ရွက်ခဲ့ပြီး မေလ ၂၉ ရက်နေ့ မနက်ပိုင်းမှာပဲ ပြစ်မှုကျူးလွန်သူ တရားခံများကို သက်ဆိုင်ရာ ရဲစခန်းက စစ်ဆေးဖော်ထုတ်ဖမ်းဆီးရမိခဲ့တယ်။ မေလ ၃ဝ ရက်နေ့မှာ တရားခံများကို ကျောက်ဖြူ အကျဉ်းထောင် သို့ ပို့ဆောင်ချုပ်နှောင်ခဲ့ကာ တရားဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ ဆောင်ရွက်ခဲ့ကြပါတယ်။ ဖြစ်စဉ်ဖြစ်ပြီးနောက်ပိုင်း မေလ ၁ ရက်နေ့မှာဘဲ ကျောက်နီမော်ရဲစခန်းမှ ရမ်းဗြဲမြို့မှာ လူစုလူဝေးနဲ့ ဆူပူ အုံကြွမှုပုံစံဖြစ်လာလို့ တာဝန် ရှိသူတွေနဲ့ ရမ်းဗြဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘကြည်တို့က ရှင်းလင်းပြောဆို ထိန်းသိမ်း ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ ရာဇဝတ်မှုဖြစ်ပွားတာကို ရာဇဝတ်မှုလို့ တွေးတော ဆင်ခြင်ခြင်းမပြုဘဲ လူမျိုးရေး၊ ဘာသာရေးအတွေးတိမ်တိမ်နဲ့ '' ရခိုင်အမျိုးသမီးတွေကို မွတ်စလင်ကုလားတွေက ရည်ရွယ်ချက်ရှိရှိ ရက်စက် ယုတ်မာနေတယ် '' ဆိုတဲ့ သွေးထိုးလှုံ့ဆော်စာတွေကြောင့် ဇွန်လ ၃ ရက်နေ့က တောင်ကုတ်မြို့မှာ သံတွဲကနေ ရန်ကုန်ကိုပြန်လာတဲ့ မော်တော်ယာဉ် ၁ စီးကို လူအုပ်စုနဲ့ရပ်တန့်စေပြီး ယာဉ်ပေါ်ပါ အစ္စလာမ်ဘာသာဝင် လူ ၁ဝ ဦးကိုသတ်ဖြတ်ပြီး မော်တော်ယာဉ်ကို ဖျက်ဆီးခဲ့တဲ့ ရာဇဝတ်မှုကျူးလွန်ခဲ့တာ ဆက်လက်ဖြစ်ပွားခဲ့တာ တွေ့ရတယ်။
          တစ်ဆက်တည်းမှာဘဲ ဇွန်လ ၃ ရက်နေ့မှာ စစ်တွေမြို့မှာ ဈေးကောက် ကောက်တဲ့ကိစ္စကနေ လူစုလူဝေးနဲ့ ရဲစခန်းကိုဝိုင်းပြီး အကြမ်းဖက်ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြလို့ ရဲစခန်းပျက်စီးမှုများ၊ ရဲတပ်ဖွဲ့မော်တော်ယာဉ် ပျက်စီးမှု တွေဖြစ်ပွားခဲ့တယ်။
          ရာဇဝတ်မှုဖြစ်ပွားတာကို တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်အုပ်စုဖွဲ့ပြီး မင်းမဲ့စရိုက်ဆန်ဆန် ဆောင်ရွက် လာတာကြောင့် အခြေအနေဟာ လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းဆီသို့ တွန်းပို့မယ့်အနေအထား အထိ ဖြစ်လာ တာကို ရတက်မအေးစရာ တွေ့မြင်နေရတယ်။
          နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတော်ကို ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ချီတက်လျှောက်လှမ်း နေချိန်မှာ ပြည်တွင်းမှာ တည်ငြိမ်အေးချမ်းမှု အပြည့်အဝရရှိရေးကို အထူးအလေးထား လုပ်ဆောင်နေပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးနဲ့ ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေတာ ပြည်တွင်း နိုင်ငံရေးတည်ငြိမ်မှု ရရှိအောင် အလေးထားဆောင်ရွက်တာတွေ တွေ့မြင်နေရချိန်မှာ လူမျိုးရေး၊ နိုင်ငံရေးအရ ပြည်တွင်းကပဲဖြစ်ဖြစ် ပြည်ပကပဲဖြစ်ဖြစ် သွေးထိုးလှုံ့ဆော် ဆောင်ရွက်လာမှာတွေကို သတိထားပြီး ဆောင်ရွက်နေရတာ ဖြစ်တယ်။ ရခိုင်ပြည်နယ်မှာ မေလကုန်ကာနီးနဲ့ ဇွန်လဆန်းမှာဖြစ်ပွားခဲ့တဲ့ မင်းမဲ့စရိုက်ဆန်တဲ့ အခြေအနေတွေကို ဥပဒေနဲ့အညီ ထိရောက်စွာအရေးယူနိုင်ဖို့ ဇွန်လ ၇ ရက်နေ့မှာ စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်းပြီး အလေးထားဆောင်ရွက်ခဲ့တယ်။
          ဒီအချိန်မှာဘဲ ဇွန်လ ၈ ရက်နေ့မှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ အကြမ်းဖက်မှုတွေ ထပ်မံ ဖြစ်ခဲ့တာကြောင့် ဖြစ်စဉ်ဖြစ်ရပ်များအပေါ် စိုးရိမ်ပူပန်ခဲ့ရတယ်။ ပိုဆိုးတာကတော့ အင်တာနက်သတင်းတွေ၊ မီဒီယာ တွေမှာ ဖတ်ရတဲ့သတင်းတွေရဲ့ နောက်ကပါလာတဲ့ သွေးထိုးမှုတွေ၊ နိုင်ငံရေးပါတီအချို့က တာဝန်ရှိသူတွေနဲ့ နိုင်ငံရေးပါတီအချို့က တာဝန်ရှိသူတွေရဲ့ ပြောစကားတွေဟာ ပြဿနာမှန်ရဲ့အဖြေမှန်ကို  မရှာဘဲ တိုင်းရင်းသား လူမျိုးတွေစည်းလုံးညီညွတ်မှုပြိုကွဲပြီးပြည်ထောင်စုကြီးပြိုကွဲတဲ့အထိရောက်ရှိအောင်ပြောဆိုလာတာတွေပဲဖြစ်
တယ်။
          အခုလို မတည်မငြိမ်မှုတွေဖြစ်လာရင် နိုင်ငံတော်တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးအတွက် ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေ ရှိပြီးသားဖြစ်တယ်။ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ တရားဥပဒေစိုးမိုးမှုအတွက် ဖွဲ့စည်းတာဝန်ပေးအပ်ထားတဲ့ တပ်ဖွဲ့ဖြစ်တယ်။ ရဲတပ်ဖွဲ့ရဲ့ လုပ်ထုံး လုပ်နည်းများနဲ့အညီ သက်ဆိုင်ရာနယ်မြေရဲ့ တရားဥပဒေစိုးမိုးရေး၊ အေးချမ်းသာယာရေးကို ဆောင်ရွက် သွားမှာပဲဖြစ်တယ်။ သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ ခရိုင်၊ မြို့နယ်၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများကလည်း အုပ်ချုပ်ရေး အာဏာများနဲ့အညီ ဆောင်ရွက်သွားကြမှာဖြစ်တယ်။ ဒေသခံပြည်သူတွေအနေနဲ့ တစ်ဦးချင်းစီကစလို့ မိမိဒေသရဲ့ တည်ငြိမ်အေးချမ်းရေးအတွက် တည်ဆဲဥပဒေများနဲ့အညီ လိုက်နာနေထိုင်ခြင်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေး၊ ဘာသာရေးအသင်းအဖွဲ့များကလည်း မိမိတို့ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဥပဒေနဲ့အညီ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရမှာဖြစ်တယ်။ နိုင်ငံရေးပါတီများကလည်း မိမိတို့ပါတီကို လူအထင် ကြီးအောင်၊ လူထုကိုယ့်ဘက်ပါအောင်ဆွဲပြီး ပြဿနာကိုအေးချမ်းအောင်မဖြေရှင်းဘဲ လူတွေရှေ့ကနေ မကောင်းတဲ့ အကြံနဲ့ ရှေ့ထွက်ရပ်ပြီး အသံကောင်းဟစ်တာတွေမလုပ်ဖို့ စိတ်ရင်း အမှန်နဲ့ ဒေသတည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်ကြဖို့ လိုပါတယ်။
          ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဥက္ကဌ ဒေါက်တာအေးမောင်က ''နောက်ပိုင်းဆိုရင်နယ်စပ် လုံခြုံရေး အတွက် ရခိုင်ပြည်နယ်ကို ရခိုင်ပြည်သူပြည်သားတွေလက်ထဲအပ်သင့်တယ်။ ရှမ်းကို ရှမ်း လက်ထဲအပ်ဖို့လိုတယ်။ တိုင်းဒေသတွေလက်ထဲအပ်ဖို့လိုတယ်။ မိမိရပ်ကွက်ကျေးရွာလုံခြုံအောင် ပြည်သူ့စစ်ကို အခိုင်အမာ ဖွဲ့စည်း ဖို့လိုတယ်။ ပြည်သူရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နိုင်အောင် လုံခြုံရေးစီမံကိန်းတွေ ခွင့်ပြုဖို့ အစိုးရမှာ တာဝန်ရှိတယ် '' ဆိုပြီး ဇွန်လ ၈ ရက်နေ့ည ၇ နာရီမှာ Eleven Media Group ကို ပြောခဲ့တယ်။ ဒီပြောစကားတွေ ဟာ ယခုဖြစ်နေတာတွေပေါ်မှာထက်ကို ရခိုင်ပြည်နယ်ခွဲထွက်ဖို့၊ ရှမ်းပြည်နယ် ခွဲထွက်ဖို့ ကိုယ်ဖာသာကိုယ် ရပ်တည်ဖို့ဆိုတဲ့ ပုံစံမျိုးကို ဦးတည်ပြီးပြောနေတာဖြစ်တယ်။ ဖြစ်ပွားတဲ့ပြဿနာကို မှန်ကန်စွာမဖြေရှင်းဘဲ ပြဿနာ ပေါ်ကနေ နိုင်ငံရေးအမြတ်ထုတ်ဖို့ ပြောလာတာဖြစ်တယ်။ ကိုယ့်ဒေသကို ကာကွယ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဖွဲ့ဖို့ ပြောလာတာဖြစ်တယ်။ ပြည်ထောင်စု ကြီးအတွက် အလွန် ရင်လေးဖွယ်ရာတွေပဲ ဖြစ်တယ်ဆိုတာ တွေ့မြင်နေရတယ်။ ပြည်ထောင်စုသားတွေ အားလုံး သတိထားပြီးဆောင်ရွက်ကြဖို့လိုတယ်။
          နောက်တစ်ခုကတော့ စစ်တပ်နဲ့ပတ်သက်လို့ အချို့က စစ်တပ်ကိုလွှတ်ပါလား၊ ပစ်ပါလား၊ ခတ်ပါလား နဲ့ ပြောလာကြတာတွေလည်းတွေ့ရတယ်။အခုလိုသာမန်ဆူပူမှုမျိုးမှာတော့စစ်တပ်ကဝင်မပါသင့်သေးဘူးလို့
ထင်တယ်။ ဒေသအာဏာပိုင်တွေ ရဲတပ်ဖွဲ့တွေက ထိန်းသိမ်းဆောင်ရွက်လို့ရတဲ့အပိုင်းမှာ စစ်တပ်က နေရာတကာ ပါလို့ မကောင်းသေးပါဘူး။ နိုင်ငံတော်ရဲ့လုံခြုံရေးကို အမှန်တကယ်ခြိမ်းခြောက်လာလို့ လိုအပ်လာရင် နိုင်ငံတော် သမ္မတက ဥပဒေနဲ့အညီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို တာဝန်ပေးအပ်လာတဲ့ အချိန်အခါမျိုးကျမှသာ ပါသင့်တယ်။ နိုင်ငံတကာရဲ့အမြင်နဲ့ လူထုရဲ့အမြင်မှာ အမြင်ရှင်းဖို့အတွက် ဒီအတိုင်း ဆောင်ရွက်တာ အကောင်းဆုံး ဖြစ်မှာပါ။ တစ်ကယ်တမ်းလိုအပ်လာလို့ တာဝန်ပေးအပ်ရင်တော့ စစ်တပ်အနေနဲ့ နိုင်ငံတော်ရဲ့အန္တရာယ်ကို တာဝန် ကျေကျေကာကွယ်ပေးသွားနိုင်မယ်လို့ မြင်ပါတယ်။
          အဓိကကတော့ ပြဿနာအမှန်အပေါ်မှာ အဖြေမှန်မရှာဘဲ လူမျိုးရေး၊ ဘာသာရေး၊ အဓိကရုဏ်း ဖြစ်အောင် ဆောင်ရွက်လာမှုတွေကိုနိုင်ငံတော်နဲ့ပြည်သူအားလုံးအသိတရားရှိရှိနဲ့ကာကွယ်ဖြေ
ရှင်းသွားကြဖို့လိုကြောင်း နှိုးဆော် ရေးသားတင်ပြလိုက်ပါတယ်။


ပြည်ငြိမ်းချမ်း