Thursday 22 January 2015

တရုတ်ကုန်သည်များ ထံမှ အကြွေးများ ပြန်လည် ရရှိစေရန် ၀န်ကြီးဌာန စီစဉ်

တရုတ် ကုန်သည်များမှ ပေးရန်ကျန်ရှိ နေသည့် အကြွေးများကို မြန်မာ ကုန်သည်များ ပြန်လည် ရရှိစေရန် အတွက် တရုတ် ကုန်သည် များ၏ အမည်စာရင်းကို တရုတ် နိုင်ငံသို့ ပေးပို့ သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီး ဒေါက်တာ ပွင့်ဆန်း က ပြောသည်။

ယမန်နေ့က ကျင်းပသည့် ပြည်သူ့ လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေး တတိယမြောက်နေ့ အစီအစဉ်တွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝင်းနိုင်၏ တရုတ်နိုင်ငံရှိ  ကုန်သည်များ ထံမှ အကြွေး သိန်းထောင်ချီ ရရှိရန် ရှိသည့် အတွက် မည်သို့ ဆောင်ရွက် သွားမည်ကို သိရှိလိုသည့် မေးခွန်းအား ဒုတိယ၀န်ကြီးက ပြန်လည် ဖြေကြားရာတွင် ထည့်သွင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ကျွန်တော်တို့ နိုင်ငံဘက်က မြန်မာ ကုန်သည်တွေ အနေနဲ့ ငွေရရန် ရှိတဲ့  တရုတ် ကုန်သည်တွေရဲ့ စာရင်းကို တရုတ်နိုင်ငံသို့ ပေးပို့ သွားမှာ ဖြစ်ပြီး ငွေကြေး ပြန်လည် ရရှိရေး ကုန်ကြွေးငွေ ကိစ္စနဲ့ ပတ်သက်လို့ ညှိနှိုင်း သက်မှတ်ပြီးတော့  တရုတ်နိုင်ငံနဲ့ အစည်းအဝေး ထပ်မံ ပြုလုပ် နိုင်ရေး နှစ်ဖက် ဆွေးနွေး ထားပြီး ဖြစ်ပါတယ် ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါက်တာ ပွင့်ဆန်းက ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်  ပြန်လည် ဖြေကြားခဲ့သည်။

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန အနေဖြင့် မိမိဘက်မှ ကုန်သည်များ ကုန်ကြွေးငွေ ပြန်လည် ရရှိရေး အတွက် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန် ပြည်နယ် ကူးသန်း ရောင်းဝယ်ရေး ဌာနနှင့် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ (၁၁) ရက်နေ့တွင် ပြုလုပ်ခဲ့သော ဒသမ အကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှု ပူးပေါင်း ညှိနှိုင်း ကော်မတီ အစည်းအဝေးတွင် ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ဆွေးနွေးမှုတွင် တရုတ် နိုင်ငံဘက်မှ တရားမ၀င် ကုန်သွယ်မှုပြု ခြင်းသည် မည်သည့် နိုင်ငံဘက်မှ ကုန်သည်ြ ဖစ်သည်ကို စုံစမ်း ရမည် ဖြစ်ကြောင်း၊ ကုန်သည် လုပ်ငန်းရှင်များ အနေဖြင့် နှစ်နိုင်ငံ စည်းမျဉ်း စည်းကမ်း များကို လိုက်နာ ရမည် ဖြစ်ပြီး တရားမ၀င် ကုန်သွယ်မှု ဖြစ်နေ လျှင် နစ်နာမှုများရှိနိုင်မည် ဖြစ်ကြောင်း စသည် တို့ကို ပြန်လည် ဆွေးနွေးခဲ့ ကြကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီး ဒေါက်တာ ပွင့်ဆန်းက ပြောသည်။

မြန်မာနိုင်ငံမှ ကုန်သည်များ အနေနဲ့ အကြွေးတွေ ပြန်လည် ရရှိဖို့ အတွက် အခက်အခဲ များစွာ ဖြစ်နေရ ပါတယ်။ အချိန် အတိုင်းအတာ တစ်ခုထိ စောင့်ကြည့် နေပေမယ့်လည်း ထူးခြားမှု မရှိခဲ့ပါဘူး။ ရရှိမယ့် အကြွေးတွေရဲ့ပမာဏက တစ်သိန်း နှစ်သိန်း မဟုတ်ဘဲ  မြန်မာကျပ်ငွေ သိန်းထောင်ချီခန့် ရှိပါတယ်။ ဆုံးရှုံး နစ်နာမှု အင်မတန် ကြီးမားပါတယ် ဟု ၎င်းက လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှ ကုန်သည် များသည် ပွဲရုံများ၊ ဒိုင်များ၊ ကုန်စည်ရုံများ ဖွင့်လှစ်ပြီး တောင်သူ များ၏ ဒေသ ထွက်ကုန် များကို အကြွေး စနစ်ဖြင့် ၀ယ်ယူပြီး နယ်စပ် ဒေသမှ တစ်ဆင့် တရုတ်နိုင်ငံသို့ ပြန်လည် တင်ပို့ ရောင်းချမှု များလည်းရှိ ကြသည်။ ယင်းကဲ့သို့ ရောင်းချရာတွင် တရုတ် ကုန်သည်များက အကြွေး စနစ်ဖြင့် ၀ယ်ယူကြပြီး၊ ပိုက်ဆံ ပြန်လည် ဆပ်ခြင်းဖြင့် လုပ်ကိုင် လာကြသည် မှာ လေးနှစ်ခန့်ရှိ လာပြီး ပြဿနာ တစ်ခုမ မရှိခဲ့ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦစိုင်းဝင်းခိုင်က ဆိုသည်။

သို့သော်လည်း ၂၀၁၄ ခုနှစ် သြဂုတ် လဆန်းပိုင်းမှ စတင်ကာ တရုတ် အစိုးရမှ တရုတ် ကုန်သည်များကို အကြောင်းကြောင်းကြောင့် ဖမ်းဆီးခြင်း၊ ဖမ်းဆီးမခံ ရသော ကုန်သည် အချို့ တို့သည်လည်း ကြောက်လန့် ပြီး ထွက်ပြေးကြရ သောကြောင့် မြန်မာနိုင်ငံမှ ကုန်သည် များမှာ အကြွေးများ ပြန်လည် ရရှိရန် အတွက် အခက်အခဲများစွာ ဖြစ်နေရကြောင်း ၎င်းက လွှတ်တော် အစည်းအဝေးတွင် ပြောကြား ခဲ့သည်။

Messenger News Journa 

No comments:

Post a Comment