ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုသည် ထင်သလောက် ခရီးပေါက်ခြင်းမရှိချိန်တွင် ပီအာရ် (ရွေးကောက်ပွဲစနစ်)အရေး တင်သွင်းလာခြင်းဖြင့် နှောက်ယှက်ခံခဲ့ရသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နာယက ဦးတင်ဦးက သုံးသပ်လိုက်သည်။
“တချို့လည်း လက်မှတ်ထိုးဖို့ ကြောက်တာတွေ ရွံ့တာတွေ ရှိနေပါတယ်။ ဒါကြောင့် ကြောက်တာရွံ့တာ ပျောက်သွားအောင်လို့ အချင်းချင်းကူညီဖေးမပြီး တက်တက်ကြွကြွ ဆောင်ရွက်ကြပါလို့ ပြောချင်ပါတယ်”ဟု ၎င်းက ဇူလိုင် ၁ရက် တော်ဝင်နှင်းဆီ၌ ပြုလုပ်သည့် ရန်ကုန်တိုင်း ပါတီအလုပ်အမှုဆောင်များ စုံညီအစည်းအဝေးတွင် ပြောခြင်းဖြစ်သည်။၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှု အရှိန်ပိုမိုမြှင့်တင်ရန် လိုအပ်နေသည်ဟု ဦးတင်ဦးက တိုက်တွန်းခဲ့သည်။ လှုပ်ရှားမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နှင့် ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ဦးဆောင်ပြုလုပ်နေခြင်းဖြစ်ပြီး ဇူလိုင် ၁၉ရက်(အာဇာနည်)နေ့တွင် အပြီးသတ်ရန် စီစဉ်ထားသည်။
၎င်းတို့က တစ်နိုင်ငံလုံးတွင်လက်မှတ်ပေါင်း ခြောက်သန်းကျော်ရရန် မျှော်မှန်းထားသော်လည်း သတ်မှတ်ရက်ပြည့်ရန် နှစ်ပတ်ကျော်သာလိုတော့ချိန်တွင် သုံးသန်းကျော်သာ ရရှိထားသေးသည်။
ရန်ကုန်တိုင်း (NLD) ဥက္ကဋ္ဌ ဦးမြင့်ဌေးကလည်း အားနည်းချက်များ ရှိနေသည်ကို ၀န်ခံခဲ့ပြီး ရန်ကုန်၌ တစ်သန်းကျော်သာ ရရှိခြင်းမှာ ကျေနပ်ဖွယ်ရာမဟုတ်ဟု ပြောသည်။