Monday 20 July 2015

အမေရိကန်ဒေါ်လာ ၅၀၀ ခိုးယူမှုဖြင့် ဂျပန်နိုင်ငံသားကို အမှုဖွင့်

ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းနှင့် ကမ္ဘာအေး ဘုရားလမ်းထောင့်ရှိ ယုဇနတာဝါရှိ ကုမ္ပဏီရုံးခန်းတစ်ခုမှ အမေရိကန်ဒေါ်လာ ၅၀၀ နှင့် အဝတ်အစားများ သိမ်းဆည်းထားသည့် ဗီရိုတစ်လုံးကို ခိုးယူခဲ့သည်ဟုဆိုကာ အသက် ၃၉ နှစ်အရွယ် ဂျပန်နိုင်ငံသား အမျိုးသားတစ်ဦးကို ဇူလိုင်လ ၁၈ ရက်နေ့က ဗဟန်းမြို့မ ရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
“အမှုဖွင့်ခံထားရတဲ့ ဂျပန်နိုင်ငံသားက ယုဇနတာဝါမှာ တည်းနေသူ၊ သူတို့လူမျိုးတူ ဂျပန်နိုင်ငံသားပိုင် ကုမ္ပဏီရုံးခန်းထဲက သစ်သားဗီရိုတစ်လုံးကို ယူခဲ့တယ်။ ဒါ့အပြင် သူတည်းနေတဲ့ ယုဇနတာဝါမှာပဲ ညဘက်ရောက်ရင် အရက်မူးသောင်းကျန်းနေတာမို့ သွားထိန်းရာက ဗီဇာသက်တမ်းကျော်ပြီး မြန်မာနိုင်ငံမှာ ဆက်လက်နေထိုင်နေတာကို သိရှိရတာကြောင့် လဝက ဥပဒေနဲ့ပါ ထပ်မံအမှုဖွင့်ထားတယ်” ဟု ဗဟန်းမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။
အဆိုပါ အမှုဖွင့်ခံရသူ ဂျပန်နိုင်ငံသား Mr. MATSUKAWA KOJI မှာ စီးပွားရေးဗီဇာဖြင့် ယခုနှစ် မတ်လ ၂၂ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သူဖြစ်ပြီး ယုဇနတာဝါ၊ အခန်းအမှတ် ၄၀၃ တွင် တည်းခိုနေသူ ဖြစ်ကြောင်း၊ ဇူလိုင်လ ၁၄ ရက် ည ၉ နာရီက ယင်းတာဝါရှိ အခန်းအမှတ် ၂၀၅ တွင် ဖွင့်လှစ်ထားသော ဂျပန်နိုင်ငံသားပိုင် Rize Entertainment Co.,Ltd ရုံးခန်း အတွင်းရှိ အမေရိကန်ဒေါ်လာ ငါးရာနှင့် အဝတ်အစားများ၊ ပတ်စပို့စာအုပ်များ သိမ်းဆည်းထားသည့် သစ်သားဗီရိုတစ်လုံးကို ယူဆောင်သွားသောကြောင့် အမှုဖွင့်ကာ စစ်ဆေးနေခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဟစ်တလာနှင့် နာဇီတို့ကဲ့သို့ အလေးပြုပြခဲ့သည့် ဗြိတိန်ဘုရင်မကြီး၏ ပုံရိပ်ဟောင်းများ ဆန်းသတင်းစာ ဖော်ပြ၍ ဗြိတိန်တွင် ပွဲဆူ

ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက် ကလေးငယ်ဘဝက နာဇီခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာကဲ့သို့ အလေးပြုပြကာ ဆော့ကစားခဲ့ပုံများ ပါဝင်သည့် ဗီဒီယိုမှတ်တမ်းဟောင်းကို The Sun သတင်းစာက ဖော်ပြလိုက်ရာ ဗြိတိန်လူ့အဖွဲ့အစည်းအတွင်း အငြင်းပွားစရာများ ပေါ်ပေါက်ခဲ့ရကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ ကျော်ခန့် ၁၉၃၃ ခုနှစ်ဝန်းကျင် ဂျာမနီတွင် အဒေါ့ဖ်ဟစ်တလာနှင့် နာဇီတို့အာဏာ ရရှိခဲ့သည့် အချိန်ကာလအတွင်း ဗြိတိန်တော်ဝင် မိသားစု ရိုက်ကူးခဲ့သော ဗီဒီယိုမှတ်တမ်းတွင် ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက် (ထိုစဉ်က ၆ နှစ်အရွယ်) က ဟစ်တလာကဲ့သို့ အလေးပြုပြကာ ဆော့ကစားနေပုံများ ပါဝင်ခဲ့သည်ကို The Sun သတင်းစာက ဖော်ပြခဲ့ခြင်း ဖြစ်သည်။
“ဒီလိုဖော်ပြလိုက်တာဟာ အင်မတန်စိတ်ပျက်ဖို့ ကောင်းပါတယ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ ကျော်ခန့်က ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းပါ၊ တော်ဝင်မိသားစုရဲ့ ပုဂ္ဂိုလ်ရေး မှတ်တမ်းတွေကို ရသွားပြီး အလွဲသုံးစား လုပ်တာပါ” ဟု ဘက်ကင်ဟမ် နန်းတော်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။

ကြံ့ခိုင်ရေးပါတီက နုတ်ထွက်ခဲ့သော ကယားပြည်နယ် ဝန်ကြီးများ ပါတီကိစ္စ မဆွေးနွေးဟုဆို

ကယားပြည်နယ်သို့ သွားရောက်ခဲ့သော နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက နုတ်ထွက်ထားသော ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် ပြည်နယ်ဝန်ကြီးများ တွေ့ဆုံခဲ့သော်လည်း ပါတီတွင်း ကိစ္စရပ်များကို ဆွေးနွေးခြင်း မရှိကြောင်း ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးချစ်လှက The Voice သို့ ပြောကြားသည်။
ဇူလိုင်လ ၁၇ ရက်နေ့မှ စတင်ကာ ကယားပြည်နယ်သို့ သွားရောက်ခဲ့သော နိုင်ငံတော်သမ္မတ ခရီးစဉ်နှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
နိုင်ငံတော်သမ္မတသည် ကယားပြည်နယ် ဝန်ကြီးချုပ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ထုတ်ပယ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားခြင်းနှင့် ပြည်နယ်ဝန်ကြီးများက နုတ်ထွက်စာတင်သွင်းခြင်း ကိစ္စရပ်များကို ဆွေးနွေးပြောဆိုခြင်း မရှိကြောင်း ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးချစ်လှက ဆိုသည်။
“ဒေသဖွံ့ဖြိုးရေးအတွက် အမှာစကား ပြောတာပဲ ရှိပါတယ်၊ ပါတီပိုင်းကို ဘာမှမပြောပါဘူး၊ သီးသန့်တွေ့တာလည်း မရှိပါဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

“နှုတ်ခမ်းခြင်းနမ်းရဖို့အတွက် တိုက်ပွဲဝင်မယ့်သူထဲမှာ ကျနော်မပါဘူး” ဒါရိုက်တာ ၀င်းထွန်းထွန်းနဲ့ အင်တာဗျူး

မိဘမေတ္တာဘွဲ့ဇာတ်လမ်းများနဲ့ ပရိသတ်ရင်ထဲ ရောက်စေတဲ့ ဘဝသရုပ်ဖော် ဇာတ်ကားတွေကိုသာ ရိုက်ကူး တင်ဆက်တဲ့ မြန်မာဒါရိုက်တာ တယောက် ရှိပါတယ်။ သူရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေကို ကြည့်ပြီးရင် ပရိသတ်ရင်ထဲ တခုခု ကျန်ရစ်နေဖို့ကို အမြဲစဉ်းစားပြီး ရိုက်ကူးတတ်သူ တယောက်လည်း ဖြစ်ပါတယ်။ သူကတော့ ဒါရိုက်တာ ဝင်းထွန်းထွန်းပါ။ ဒါရိုက်တာ ဝင်းထွန်းထွန်းက ဝေဖန်သံတွေများခဲ့သလို မြန်မာဗီဒီယိုဇာတ်ကား ပရိသတ်တွေကြား စိတ်ဝင်စားမှု မြင့်မားစေခဲ့တဲ့ `မျက်လုံးလေး ကလယ်ကလယ်´ ဆိုတဲ့ ဗီဒီယိုဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ တယောက်လည်း ဖြစ်ပါတယ်။ ဝေဖန်မှုတွေကြောင့် လဲကျခဲ့ပေမယ့် ပြန်လည် ရပ်တည်နိုင်အောင် ကြိုးစားခဲ့တဲ့၊ ကိုယ့်ရဲ့ ဖန်တီးမှု အနုပညာသစ်တွေကို ရဲရဲဝံ့ဝံ့နဲ့ ပရိသတ်ထံ ထပ်မံ ချပြရဲခဲ့တဲ့ ဒါရိုက်တာ တဦးလည်း ဖြစ်ပါတယ်။
အနုပညာအပေါ် ထားရှိတဲ့ သူ့ရဲ့ ခံယူချက်၊ အနုပညာ ဖန်တီးမှုအပေါ် ထားတဲ့ သူရဲ့ အတွေးအမြင်တွေနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ဝင်းထွန်းထွန်းကို ဧရာဝတီသတင်းထောက် ယုမွန်ကျော်က ဆက်သွယ် မေးမြန်းထား ပါတယ်။
မေး။ ။ လက်ရှိ ဦးဝင်းထွန်းထွန်းရဲ့ အနုပညာလှုပ်ရှားမှုအကြောင်းက စပြီး သိချင်ပါတယ်။

အာဇာနည်နေ့တွင် ဝန်ကြီးများရုံးသို့ လာရောက်ကြည့်ရှုသူ ၅၀၀ ဦးကို YHT က စစ်တမ်းကောက်

၆၈ ကြိမ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် နိုင်ငံခေါင်းဆောင်များ လုပ်ကြံခံခဲ့ရသည့် ဝန်ကြီးများရုံး (အတွင်းဝန်များရုံး) သို့ လာရောက်လေ့လာသူများအနက် လူ ၅၀၀ ဦးကို ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) က စစ်တမ်းကောက်ယူခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရှိရသည်။
အတွင်းဝန်များရုံး (ဝန်ကြီးများရုံး) နှင့် ပတ်သက်၍ လာရောက်လေ့လာသူ ၅၀၀ ဦးကို မေးခွန်းစာရွက်များ ဝေငှခဲ့ပြီး ဖြေဆိုစေခဲ့ခြင်းဖြစ်ကာ ဖြေဆိုသူများ၏ အကြံဉာဏ်ကို အတွင်းဝန်များရုံးကို ပြတိုက်အဖြစ် လုပ်ကိုင်မည်ဖြစ်သည့် အနော်မာအုပ်စုကို ပေးပို့သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ပြန်ကြားရေးနှင့် ဆက်သွယ်ရေး မန်နေဂျာ ဒေါ်ရွှေယင်းမာဦးက ပြောကြားသည်။
“လူ ၅၀၀ ကို မေးခွန်းဝေခဲ့တယ်။၂၅၀ လောက်က အဖြေပြန်ရတယ်။ ကျန် ၂၅၀ ဆီကတော့ အဖြေပြန်မရဘူး။ ဝန်ကြီးများရုံးက ဘယ်လောက်အရေးကြီးလဲ၊ လုပ်ကြံခံရတဲ့ အခန်းကို ဘယ်လိုပုံစံမျိုး မြင်ချင်လဲ၊ ထားစေချင်လဲ ဆိုတာမျိုး မေးခဲ့တယ်” ဟု ၎င်းက ဆိုသည်။

မဲစာရင်း မှားယွင်းမှုကြောင့် ရွေးကောက်ပွဲ နောက်သို့ ရွှေ့ဆိုင်းမည် မဟုတ်

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ထုတ်ပြန်ထားသော မဲစာရင်း မှားယွင်းမှုကို အကြောင်းပြပြီး ရွေးကောက်ပွဲ နောက်သို့ ရွှေ့ဆိုင်းကျင်းပမည် မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က The Voice သို့ ပြောကြားသည်။
မဲစာရင်း မှားယွင်းမှုများကို အချိန်လုံလောက်စွာ ပြင်ဆင်နိုင်ရေးအတွက် အထွေထွေရွေးကောက်ပွဲကို သုံးလ နောက်ဆုတ်ကျင်းပပေးရန် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ စာပေးပို့ထားခြင်းနှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
အထွေထွေရွေးကောက်ပွဲကို လက်ရှိ လွှတ်တော်သက်တမ်း မကုန်မီ ရက်ပေါင်း ၉၀ အတွင်း ကျင်းပပြုလုပ်ရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲကော်မရှင် နည်းဥပဒေများတွင် ပြဋ္ဌာန်းထားသောကြောင့် ရွေးကောက်ပွဲ သတ်မှတ်ရက်ကို နောက်ဆုတ်ရန် မဖြစ်နိုင်ကြောင်း ၎င်းက ရှင်းသည်။