Monday 17 March 2014

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ရွှေသန်လျင် အခမဲ့ဆေးခန်း မြေနေရာအား ကျူးကျော်အဖြစ် မြို့နယ်စည်ပင်မှ တရားစွဲဆိုထားခြင်းကို သက်ဆိုင်ရာဝန်ကြီးများထံ တင်ပြမည်

Photo: ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ရွှေသန်လျင် အခမဲ့ဆေးခန်း မြေနေရာအား ကျူးကျော်အဖြစ် မြို့နယ်စည်ပင်မှ တရားစွဲဆိုထားခြင်းကို သက်ဆိုင်ရာဝန်ကြီးများထံ တင်ပြမည်
Monday, March 17, 2014

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် ဖွင့်လှစ်ထားသည့် ရွှေသန်လျင် အခမဲ့ဆေးခန်း မြေနေရာအား ကျူးကျော်အဖြစ် မြို့နယ်စည်ပင်မှ တရားစွဲဆိုထားခြင်းကို သက်ဆိုင်ရာဝန်ကြီးများထံ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ တရားစွဲဆိုခံထားရခြင်းနှင့် ပတ်သက်၍ ရွှေသန်လျင် အခမဲ့ဆေးခန်းမှ တာဝန်ရှိသူများက မတ် ၁၆ ရက်၌ သတင်းစာရှင်းလင်းပွဲကို အဆိုပါဆေးခန်းတွင် ပြုလုပ်ခဲ့ပြီး ရပ်ကွက်နေပြည်သူများ စုပေါင်း၍ ယင်းကဲ့သို့ တရားစွဲဆိုမှုအပေါ် ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြသည်။

ရွှေသန်လျင် အခမဲ့ဆေးခန်းကို ရွှေသန်လျင် နာရေးကူညီမှုအသင်းမှ ၂၀၁၄ ဇန်န၀ါရီတွင် ယာယီမှတ်ပုံတင် ပ-ရက/၀၀၇၈ ဖြင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ဓမ္မရတနာလမ်း (၈၈) ရပ်ကွက်၌ ဖွင့်လှစ်ခဲ့ပြီး နေ့စဉ်လူနာ ၄၀ ခန့်ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါဆေးခန်း ဖွင့်လှစ်ထားသည့် မြေနေရာအား စည်ပင်ပိုင်မြေဖြစ်ပြီး ကျူးကျော်မြေတွင် ဖွင့်လှစ်ထားသည်ဟုဆိုကာ ပုဒ်မ ၆၈၊ ၆၉ တို့ဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူးမှ ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

“ဒီဘက်မှာက ဆင်းရဲနွမ်းပါးတဲ့သူတွေ များတယ်။ အဲဒါကြောင့် သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင်ဖို့အတွက် အလှူရှင်လည်းရှိတာနဲ့ ဆေးခန်းဆောက်ဖို့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးကတစ်ဆင့် မြို့နယ်အုပ်ချုပ်ရေးမှူးဆီ ခွင့်တောင်းခဲ့ပါတယ်။ သူတို့ဘက်ကတော့ ဖွင့်ခွင့်ပြုခဲ့ပေမယ့် မြို့နယ်စည်ပင်ကို ခွင့်ပြုချက်တောင်းပါဆိုလို့ ကျွန်တော်တို့ ခွင့်ပြုချက်သွားတောင်းပေမယ့် သူတို့က ခွင့်မပြုခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က ရပ်ကွက်ရဲ့ အချက်အချာကျတဲ့ နေရာကိုရွေးပြီး ဆေးခန်းကိုဆောက်ခဲ့တယ်။ ဆေးခန်းစဖွင့်ကတည်းက စည်ပင်ကပုဒ်မ ၆၈ နဲ့ တရားစွဲတယ်။ အဲဒါနဲ့ ကျွန်တော်တို့ ဒဏ်ငွေသွားဆောင်ခဲ့ရတယ်။ အခု နောက်ထပ်တစ်ခါ ပုဒ်မ ၆၉ နဲ့ တရားပြန်စွဲတယ်။ ကျွန်တော် ဒဏ်ငွေမဆောင်နိုင်ပါဘူး။ အဲဒီပုဒ်မမှာ ဒဏ်ငွေက တစ်နေ့ကို တစ်သောင်းဆောင်ရမယ်လို့ ပါတယ်။ ကျွန်တော်တို့ ဆေးခန်းမှာက ဆင်းရဲတဲ့ပြည်သူတွေက လှူဒါန်းထားတဲ့ လစဉ်ထောက်ပံ့ငွေ ဖြစ်တဲ့အတွက် ဒဏ်ငွေမဆောင်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။ ဒဏ်ငွေမဆောင်ရင် ထောင်ဒဏ်တစ်နှစ်ချမှတ်ရင်လည်း လက်ခံမယ်လို့ ပြောခဲ့ပါတယ်။ ဒီမြို့နယ်မှာက ကျူးကျော်တွေ အများကြီးပါ။ အဲဒီအများကြီးရှိတဲ့ နေကြတဲ့နေရာမှာမှ ဒီဆေးခန်းကိုပဲရွေးပြီး တရားစွဲတာက လုံးဝမဖြစ်သင့်ပါဘူး။ သက်ဆိုင်ရာ ၀န်ကြီးချုပ်အထိ ဆေးခန်းနေရာ အတည်တကျဖြစ်ဖို့အတွက် တင်ပြတောင်းဆိုသွားမှာပါ” ဟုေ ရွှေသန်လျင် အခမဲ့ဆေးခန်းမှ ဥက္ကဋ္ဌ ဦးအောင်နိုင်ဝင်းက ဆိုသည်။

ရွှေသန်လျင် နာရေးကူညီမှုအသင်းကို ၂၀၁၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိအချိန်ထိ နာရေးကူညီမှုပေါင်း ၂၀၀၀ ကျော်၊ အရေးပေါ်လူနာပေါင်း ၅၀၀ ကျော်အား ကူညီပေးခဲ့ပြီး အခမဲ့ဆေးခန်းကို ၂၀၁၄ ဇန်န၀ါရီမှ ဖွင့်လှစ်ခဲ့ပြီး နေ့စဉ် ညနေ ၅ နာရီမှ ၉ နာရီထိ ဆေးကုသမှုများ ပေးအပ်လျက်ရှိပြီး အောက်ဆီဂျင်အခမဲ့ လှုဒါန်းမှုများကို ဆောင်ရွက်လျက်ရှိကြောင်း ရွှေသန်လျင် နာရေးကူညီမှုအသင်းမှ သိရသည်။

Eleven Media Group

ရွှေသန်လျင် အခမဲ့ဆေးခန်းအား မတ် ၁၆ ရက်က တွေ့ရစဉ်
ရွှေသန်လျင် အခမဲ့ဆေးခန်းအား မတ် ၁၆ ရက်က တွေ့ရစဉ်

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် ဖွင့်လှစ်ထားသည့် ရွှေသန်လျင် အခမဲ့ဆေးခန်း မြေနေရာအား ကျူးကျော် အဖြစ် မြို့နယ်စည်ပင်မှ တရားစွဲဆိုထားခြင်းကို သက်ဆိုင်ရာဝန်ကြီးများထံ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း ကချင်ပြည်နယ်လူထုနှင့် တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ ပြောကြား

Photo: အမျိုးသားညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း ကချင်ပြည်နယ်လူထုနှင့် တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ ပြောကြား
Monday, March 17, 2014

အမျိုးသားညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မတ် ၁၆ ရက်က ကချင်ပြည်နယ်လူထုနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“ဒီကနေ့ဒီအချိန်မှာ မိမိတို့နိုင်ငံမှာ အမျိုးသားညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း” ကချင်ပြည်နယ်ခရီးစဉ် ခရစ်ယာန်ဘာသာရေး ဘုန်တော်ကြီးများနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် ထုတ်ဖော်လာသည့် တိုင်းရင်းသားများ၏ လိုလားချက်တောင်းဆိုချက်ကို ချန်လှပ်မထားရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့ပြောကြားသည်။ သမ္မတသည် ယနေ့ညနေပိုင်းက မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်ရှိ ကချင်နှစ်ခြင်း အသင်းချုပ်ရုံးတွင် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ သာသနာ့ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေးရောင်ခြည်တွေ သန်းနေတဲ့အချိန်မှာ တွေ့ဆုံခွင့်ရသည်အတွက် ၀မ်းမြောက်မိပါတယ်။ မကြာသေးတဲ့အချိန်က တိုင်းရင်းသားခေါင်းဆောင်တွေနှင့် အစိုးရအဖွဲ့က ၀န်ကြီးတွေ တပ်မတော်အရာရှိ တွေ့ဆုံခဲ့ပါတယ်။ အပြန်အလှန် နားလည်မှုတွေ တည်ဆောက်နိုင်ခဲ့လို့ အပစ်အခတ်ရပ်စဲရေး သဘောတူ ရေးထိုးမယ့်နေ့ရက်လည်း တဖြည်းဖြည်း နီးကပ်လာပါပြီ။ မြန်မာနိုင်ငံဟာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ နေထိုင်လာခဲ့ကြတာဖြစ်ပြီး လက်ရှိကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း နိုင်ငံသားတိုင်း၏ ညီမျှမှု၊ ကိုးကွယ်ယုံကြည်မှု၊ ထုတ်ဖော်ပြောကြားမှုတို့ကို အာမခံချက်ပေးထားပြီး ဖြစ်ပါတယ်။ လူမျိုးဘာသာ ဘယ်လိုပင် ကွဲပြားစေကာမူ တည်ငြိမ်ခြင်း၊ အေးချမ်းခြင်း၊ ညီညွတ်ခြင်း၊ ချမ်းသာခြင်းအားလုံးသည် တူညီတဲ့ပန်းတိုင်ပဲ ဖြစ်ပါတယ်။ မပြီးဆုံးသေးတဲ့ တိုက်ပွဲတွေကြောင့် ကျွန်တော်တို့ မျိုးဆက်တွေရဲ့ ပညာရေး၊ ကျန်းမာရေး အပါဝင် အရာရာ နောက်ကျခဲ့ပါတယ်။ မငြိမ်းချမ်းသေးတဲ့ ဒေသတွေမှာ လုံခြုံမှု ပျောက်ကွယ်နေခဲ့ရပါတယ်။ ထွက်ပြေးတိမ်းရှောင်နေတဲ့ သားသည်မိခင်၊ ကလေးသူငယ်၊ စသင်သံ တိတ်ဆိတ်နေတဲ့ စာသင်ကျောင်းတွေ၊ မရေရာတဲ့ အနာဂတ်တွေကို လျစ်လျူရှူ၍ မရနိုင်ပါဘူး။ နှောင့်နှေးကြန့်ကြာမှု မရှိရလေအောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုလည်း အရှိအဟုန်မြင့် ကြိုးပမ်းနေပြီ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်ဆဲပြီး နှစ်ပေါင်းများစွာ တောင့်တနေတဲ့ နိုင်ငံရေးစားပွဲဝိုင်းကိုလည်း ဆက်တိုက်သွားတော့မည် ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး စိတ်ဝင်စားနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရေးလုပ်ငန်းစဉ်မှာ  ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ နိုင်ငံရေးပြဿနာတွေကို အဖြေရှာတဲ့ စားပွဲဝိုင်းတွေက ထုတ်ဖော်လာတဲ့ တိုင်းရင်းသားများလိုလားချက်၊ တောင်းဆိုချက်ကို ချန်လှပ်မထားဖို့ လိုပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်သူမှ ကျန်ခဲ့လို့ မဖြစ်နိုင်ပါဘူး။ အားလုံးပါဝင်ဖို့ အရေးကြီးနေပါတယ်” ဟု ပြောကြားသည်။

ခရစ်ယာန်သာသနာ့ဝန်ထမ်းများကိုယ်စား ကချင်နှစ်ချင်းအသင်းချုပ်မှ သိက္ခာတော်ရ သင်းအုပ်ဆရာကြီး ဒေါက်တာခလမ်ဆမ်ဆွမ်က သမ္မတကြီး ကချင်ပြည်နယ်သို့ ရောက်ရှိလာခြင်းမှာ ငြိမ်းချမ်းသည့် လက္ခဏာဖြစ်ကြောင်း၊ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ရောက်အောင် ကြိုးစားနေသည်ကို တွေ့နေရသည့်အတွက် ဂုဏ်ပြုပါကြောင်း၊ သမ္မတကြီး၏ ကျေးဇူးနှစ်ကို ခံစားရကြောင်း၊ ယင်းတို့မှာ မြစ်ဆုံဆည် ရပ်ဆိုင်းခြင်းနှင့် ကချင်ပြည်နယ် စစ်ပွဲများကို ရပ်ဆိုင်းစေပြီး ဆွေးနွေးပွဲ စားပွဲဝိုင်းဖြင့် စတင်နိုင်ခဲ့သည်ကို ဂုဏ်ယူမဆုံး၊ ကျေးဇူးတင်မဆုံး ရှိနေကြောင်း ပြောကြားသည်။

နိုင်ငံတော်သမ္မတသည် အစိုးရသစ်တက်လာပြီး သုံးနှစ်ကျော် ကာလအတွင်း ပထမဆုံးအကြိမ် ကချင်ပြည်နယ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ ကချင်ပြည်နယ်သို့ ပထမဆုံး ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ၏ ခရီးစဉ်တွင် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ၀န်ကြီးဦးလှထွန်း၊ အခြားဝန်ကြီးကိုးဦးနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်ကြီးမြင့်စိုးနှင့် အခြားတပ်မတော် အရာရှိများလည်း ပါဝင်ခဲ့သည်။        

နိုင်ငံတော်သမ္မတသည် ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာပြီး မြို့တော်ခန်းမတွင် ရပ်မိရပ်ဖများ၊ ညနေပိုင်းတွင် မြစ်ကြီးနားမြို့ ဓမ္မရက္ခိတ ၀န်သိုကျောင်းဆရာတော်အား ဖူးမျှော်ပြီးနောက် ကချင်ပြည်နယ် နှစ်ခြင်းအသင်းချုပ် ရုံးတွင်ခရစ်ယာန်ဂိုဏ်းပေါင်းစုံ သာသနာ့ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။

Eleven Media Group

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကချင်ပြည်နယ်လူထုနှင့် တွေ့ဆုံစဉ်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကချင်ပြည်နယ်လူထုနှင့် တွေ့ဆုံစဉ်

အမျိုးသားညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မတ် ၁၆ ရက်က ကချင်ပြည်နယ်လူထုနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ပဲဈေးကွက် တည်ငြိမ်ရေးအတွက် ဈေးနှုန်းဆွဲတင်၊ ဆွဲချ ဈေးကစားမှုများကို ဖော်ထုတ်အရေးယူသွားမည်

ဘုရင့်နောင် ကုန်စည်ဒိုင်အတွင်း အရောင်းအ၀ယ် ပြုလုပ်နေသူများအား တွေ့ရစဉ်

မြန်မာနိုင်ငံမှ ပြည်ပသို့တင်ပို့သည့် ပို့ကုန်များအနက် ပဲမျိုးစုံတင်ပို့မှုသည် အများဆုံးအမယ်ထဲတွင် ပါ ၀င်ကြောင်း၊ ထို့ကြောင့် ပဲဈေးကွက် တည်ငြိမ်ရေးကို ထိခိုက်အောင် ဈေးနှုန်းဆွဲတင်၊ ဆွဲချ ဈေးကစားမှု များ ကို ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းမြင့်က မတ် ၁၆ ရက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၌ ကျင်းပသည့် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ အကြိမ်(၂၀)မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး အခမ်းအနားတွင် ပြောကြားခဲ့သည်။