မြန်မာနိုင်ငံနှင့် သီရိလင်္ကာမှ ဗုဒ္ဓဘာသာဝင်များ အနေဖြင့် မူစလင်များအပေါ် ဆန့်ကျင်အကြမ်းဖက်မှုများ ရပ်တန့်ကြရန် ဘုန်းတော်ကြီး ဒလိုင်းလားမားက ဇူလိုင် ၆ရက်က ထပ်မံ မေတ္တာရပ်ခံခဲ့သည်။ သူ၏ အသက် ၇၉ နှစ်ပြည့် မွေးနေ့ အခမ်းအနား၌ သောင်းနှင့်ချီသော ပရိသတ်အား ပြောကြားခဲ့သည့် သြဝါဒ စကားထဲတွင် ထည့်သွင်းပန်ကြားခဲ့ခြင်း ဖြစ်သည်။အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် ကျင်းပခဲ့သော မွေးနေ့ပွဲသို့ တက်ရောက်လာခဲ့ကြသူ ပရိသတ်များထဲတွင် ဟောလိဝု(ဒ်) ရုပ်ရှင်ကြယ်ပွင့် ရစ်ချတ်ဂီယာ (Richard Gere) လည်း ပါဝင်သည်။ ဗုဒ္ဓဘာသာဝင် အများစု ဖြစ်ကြသော ထိုနိုင်ငံနှစ်ခုလုံးတွင် လူနည်းစုမျာြး ဖစ်ကြသော မူစလင်များအား ပစ်မှတ်ထား၍ အကြမ်းဖက်ကြခြင်းမှာ လက်ခံနိုင်စရာ မရှိကြောင်း ဘုန်းတော်ကြီး ဒလိုင်းလားမားက မိန့်ကြားခဲ့သည်။“အဲဒီနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ရာဇဝတ်မှု မကျူးလွန်မိသေးခင်မှာ ဗုဒ္ဓရဲ့ရုပ်ပုံတော်ကို အာရုံပြုကြဖို့ ပန်ကြားချင်ပါတယ်” ဟု တိဘက်၏ ပြည်ပရောက် စိတ်ပိုင်းဆိုင်ရာ ခေါင်းဆောင်က ဟိမဝန္တာ တောင်တန်းဒေသ လဲ (Leh) မြို့ဆင်ခြေဖုံးတွင် ပြုလုပ်သည့် အခမ်းအနားတွင် မိန့်ကြားခဲ့သည်။