Monday 7 November 2011

NLDအနေနဲ့ အခုချိန်မှာမှတ်ပုံတင်ခြင်းကမှန်ကန်တယ်လို့ရွေးချယ်လျှင် အရင်တုန်းကမှတ်ပုံမတင်ခဲ့ခြင်းက မှားယွင်းခဲ့ကြောင်း ဝန်ခံရမည်ဟု ဒီငြိမ်းပါတီမှပြောကြား


NLD ပါတီအနေနဲ့ အခုချိန်မှာ မှတ်ပုံတင်ခြင်းက မှန်ကန်တယ်လို့ ရွေးချယ်လျှင် အရင်တုန်းက မှတ်ပုံမတင်ခဲ့ခြင်းက မှားယွင်းခဲ့ကြောင်း ဝန်ခံရမည်ဟု ဒီငြိမ်းပါတီ (ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ) မှ ဦးမျိုးညွန့် မှပြောကြားလိုက်ပါတယ်။

NLD ဟာ အရင်ကတည်းက မှတ်ပုံတင်သင့်သော်လည်း မှတ်ပုံမတင်ခဲ့ကြောင်း၊ အနှစ် ၂၀ ကျော် ဒီမိုကရေစီလှုပ်ရှားမှုမှာ NLD အပါအဝင် တခြား ဒီမိုကရေစီ ပါတီအားလုံးရဲ့ အဖြစ်မရှိမှုကြောင့် ဘာမှ မယ်မယ်ရရဖြစ်မလာခဲ့ကြောင်း၊ ၂၀၀၈ အခြေခံဥပဒေကို အရှိအတိုင်း လက်ခံပြီး ၂၀၁၀ ရွေးကောက်ပွဲကို မှတ်ပုံတင် ဝင်ရောက်ခြင်းကသာလျှင် ဝေဒနာ အနည်းဆုံးနဲ့ ဒီမိုကရေစီကို သွားတဲ့ အကောင်းဆုံးနည်းလမ်းဖြစ်တာကြောင့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ အနေနဲ့ ပါတီမှတ်ပုံတင်ကာ ရွေးကောက်ပွဲကို ဝင်ရောက်ခဲ့ကြောင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဒီလမ်းကို မရွေးခဲ့တာကြောင့် မှားယွင်းခဲ့ကြောင်း၊ အခုချိန်မှာ အဲဒီအမှားကို ပြင်သင့်ပါကြောင်းအပြင် NLD အနေနဲ့ မှားယွင်းခဲ့ကြောင်းလည်း နိုင်ငံတော်၊ ပြည်သူလူထုနဲ့ ပြည်ထောင်စုတစ်ခုလုံးကို ဝန်ခံပြီးမှ မှတ်ပုံတင်ဖို့လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

NLD ဟာ ၂၀၁၀ ခုနှစ် နိုဝင်ဘာ (၇) ရက်နေ့က ရွေးကောက်ပွဲ ကျင်းပစဉ်မှာ ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့ပါတယ်။ NLD ထဲမှ လူငယ်အချို့ကတော့ NLD ကို စွန့်ခွာပြီး NDF ပါတီ ကို တည်ထောက်ကာ ပါတီ မှတ်ပုံတင်၍ ရွေးကောက်ပွဲ ဝင်ခဲ့ပါတယ်။
အဲဒီချိန်တုန်းကတော့ ပြည်တွင်း ပြည်ပ မှာရှိတဲ့ အတိုက်အခံ အင်အားစုများနဲ့ အတိုက်အခံ မီဒီယာတွေ အားလုံးက ရွေးကောက်ပွဲ မဝင်သင့်ကြောင်းနဲ့ ပါတီ မှတ်ပုံမတင်သင့်ကြောင်း တွေကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပေမယ့် အခုချိန်ကျပြန်တော့လည်း ပါတီကို မှတ်ပုံတင်သင့်ကြောင်းတွေကို ပြန်လည်ဖော်ပြနေကြတာ တွေ့ရပါတယ်။ ဒါ့အပြင် အရင်တုန်းက NLD ကို စွန့်ခွာသွားသူတွေကိုလည်း ရှုံ့ချခဲ့ကြပြီး ၊ လွှတ်တော်ထဲရောက်မှ တိုက် မည်ဆိုသည့် စကားကို လှောင်ပြောင်ခဲ့ကြတာတွေရှိခဲ့ပါတယ်။ အခုချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို စွန့်ခွာသွားသူတွေအတိုင်း လိုက်လုပ်သင့်ကြောင်းနဲ့ လွှတ်တော်ထဲရောက်မှ တိုက်သင့်ကြောင်းတွေ ကို ရှေ့မျက်နှာနောက်ထားပြီး ပြန်လည် ဝေဖန်လာကြပြန်ပါတယ်။

NLD ပါတီ မှတ်ပုံ တင်ရေး၊ မတင်ရေးအတွက် မနက်ဖြန်မှာ ဒေါ်အောင်ဆန်းစုကြည်က ဆုံးဖြတ်မှာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အကျယ်ချုပ်က လွတ်ခဲ့တာ တစ်နှစ် ပြည့်တဲ့အထိ ဘာမှ ရေရေရာရာ လုပ်ပြနိုင်သေးခြင်း မရှိသေးပါဘူး။ နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက် အရေးမပါတဲ့ ဓာတ်ပုံပြပွဲ၊ ကာရာအိုကေဆိုပွဲ၊ ကဗျာပြိုင်ပွဲ၊ ရုပ်ရှင်ပြပွဲ၊ ပန်းချီပြပွဲတွေနဲ့ ကန်တော့ပွဲတွေကိုတော့
NLD ပါတီ အတွင်းမှာလစဉ် ကျင်းပ လျှက်ရှိပါတယ်။

BBC တော်လှန်ရေး သို့မဟုတ် Exile များ၏ မျက်နှာဖုံးကွာကျခြင်း (ငမွဲများ အသဲနာခြင်း)

အခုဖြစ်လာတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာ လှုပ်ရှားမှုမှာ ဘယ်သူမှ မထင်မှတ်ထားတဲ့ပြောင်းလဲမှုတွေ တစ်ပုံတစ်ခေါင်းကြီးကို တွေ့လာရပါတယ်။ အတိုက်အခံဆိုတဲ့သူတွေ၊ မြန်မာနိုင်ငံရေး ကျွမ်းကျင်သူတွေ၊ မြန်မာပြည်သူတွေဘက်က မားမားမတ်မတ် ရပ်တည်မယ်ဆိုတဲ့ သတင်းဌာနတွေ၊ ကမ္ဘာကျော်ပါတယ်ဆိုတဲ့ မီဒီယာကြီးရဲ့ တာဝန်မဲ့ မလေးမစားနိုင်မှုတွေ၊ သတင်းဌာနအခြင်းခြင်း ဖေးမမှုတွေကို အတိုင်းသားတွေ့ရမှာပါပဲ။ ပြဿနာအစကတော့ အားလုံးသိကြတဲ့အတိုင်း BBC ပဲဖြစ်ပါတယ်။ ရေးထားတဲ့ ခေါင်းစဉ်နဲ့မလိုက်ဖက်ပဲ ထည့်သွင်းထားတဲ့ မြေပုံက စ ပါတယ်။ အဲ့ဒိမှာ တစ်ချို့တွေက မေးလာကြတယ်၊ ဒီဆောင်းပါးက ရေးထားတာ ကြာလှပီ ဘာလို့ အခုမှ အရေးတယူလုပ်လဲလို့ မေးလာပါတယ်။

ဒီ ဆောင်းပါးကို ဘီဘီစီက Publish လုပ်တဲ့အချိန်ဟာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပမည့်အချိန်နဲ့ နီးကပ်နေဆဲ ကာလမှ ဖြစ်ခဲ့တဲ့အတွက် ဘယ်သူမှ အရေးတယူ မရှိခဲ့ပါဘူး။ ရွေးကောက်ပွဲ ပြီးသွားတော့လည်း ဒေါ်စု လွတ်ချိန်နဲ့ ကိုက်နေတဲ့အတွက် အရေးတယူ ဘယ်သူမှ မရှိခဲ့ပါဘူး။ အားလုံးလည်း သိကြတဲ့အတိုင်း ဦးနုတို့ ခောတ်ကတည်းက အခုလက်ရှိအချိန်အထိ အာဏာငန်းဖမ်းလာတဲ့ အမတ်တွေဟာ သူတို့အနိုင်ရဖို့အတွက်ဆိုရင် ဘာမဆိုလုပ်ဖို့ ၀န်မလေးမှန်းကို ချက်ကောင်း စောင့်နေတဲ့ ရိုဟင်ဂျာတွေဟာ တစ်စခန်းထလာပါတယ်။ ရှေးတုန်းကနဲ့ ပုံစံမတူတဲ့ သူတို့ထတဲ့ တစ်စခန်းကတော့ ရိုဟင်ဂျာတွေဟာ မြန်မာတိုင်းရင်းသား ဖြစ်ပါတယ်ဆိုပြီး ပုံဖော်လာပါတယ်။ အဲ့ဒိလို ပုံဖော်ရန်လည်း ရည်ရွယ်ချက်ရှိရှိကို နှစ်နဲ့ချီပြီးသူတို့ဟာ ဖန်တီးခဲ့ကြပါတယ်။ မီဒီယာတော်တော်များများမှ ရိုဟင်ဂျာ ကိစ္စကို ပုံဖော်လာရာမှာ က ကြီးကို ယ ပက်လက်ဖြစ်အောင် တောက်လျှောက်လုပ်ခဲ့ပါတယ်။ အခုအချိန်မှာ ဒီကိစ္စကို မကျေလည်နိုင်တဲ့ ပြည်သူပြည်သားတွေက ကန့်ကွက် ဆန္ဒပြလာတာပါ။

အဲ့ဒိလို ကန့်ကွက် ဆန္ဒပြလာတော့မှ အရင်တုန်းက ရခိုင်တိုင်းရင်းသားတွေ တောက်လျှောက် ဘင်္ဂါလီ ရိုဟင်ဂျာတွေက အာရကန်ဆိုတဲ့ စာကို သူတို့ အပိုင်လိုလို ယူသုံးထားတာကို ကန့်ကွက်ခဲ့တာတွေ တဖြည်းဖြည်း ပြန်ပေါ်လာပါတယ်။ ရခိုင်လူမျိုးတွေ တောက်လျှောက် ဆန့်ကျင်ခဲ့တာတွေဟာ Media တွေရဲ့ တစ်ဖက်သပ်နှိမ်ထားခြင်းကြောင့် ဘယ်သူမှ မသိရှိခဲ့တာတွေ ဘူးပေါ်သလို ပေါ်လာပါတော့တယ်။ အဲ့ဒိမှာ ညောင်မြစ်တူးတော့ ညောင်ဥပေါ်ဆိုသလိုတွေ တောက်လျှောက် ဖြစ်လာတော့တာပါပဲ။ DVB ငွေကြေး ကိစ္စဖြစ်ကတည်းက ကျွန်တော် သံသယရှိနေလို့ စောင့်ကြည့်နေတာမှာ မစ္စတာ ဟန်ညောင်ဝေ သမ္မတကြီးစကားကြောင့် မြန်မာပြည်ကို အလည်ပြန်လာမယ်ဆိုကတည်းက ဒီယုံမြင်လို့ ဒီခြုံထွင်တယ်ဆိုတာ နားလည်လိုက်တယ်။ အဲ့ဒိအတောအတွင်း သူတို့အခြင်းခြင်း ဝေဖန်ခဲ့တဲ့ စာတွေ မှတ်ချက်တွေထဲမှာ တစ်ခုကို ကျွန်တော် မှတ်မိလိုက်တာက ဟန်ညောင်ဝေလို လူမျိုး မြန်မာပြည်ကို ပြန်ချင်ရင် ကြိုက်တဲ့အချိန် ကြိုက်သလို ပြန်လို့ရတယ် ဆိုတာပါပဲ။ အဲ့တော့ အော် သူတို့လည်း အရင် စစ်အစိုးရလို တရားဝင်ခရီး၊ တရားမ၀င်ခရီး ရှိတာပဲလို့ နားလည်လိုက်တယ်။
ဆက်ကာ ဆက်ကာနဲ့ပဲ ဟန်ညောင်ဝေ အာရပ်ကြီးတို့စီက ပိုက်ဆံညာယူတာတွေ၊ ဒီမိုအကွဲအပြဲဇာတ်လမ်းတွေ အွန်လိုင်းမှာ သင်းပျံ့မွှေးကြိုင်လာပါတယ်။ ဒီနေရာမှာ ကျွန်တော့ကို လွှမ်းမိုးခဲ့တဲ့ မီဒီယာတွေကို ပြောချင်တာပါ။ ကျွန်တော် တောက်လျှောက်ဖတ်ဖြစ်ခဲ့တဲ့ အွန်လိုင်း Exile မီဒီယာတွေ တော်တော်များပါတယ်။ ဒါပေမဲ့ အဓိက ၀င်ဖတ်တာကတော့ Mizzima, Irrawaddy နဲ့ Irrawaddy Blog ပေါ်လာတော့ သူ့ဘလော့ပေါ့ဗျာ တောက်လျှောက် ဖတ်ဖြစ်တယ်။ ပြည်သူတွေကို လမ်းပေါ်ထွက်ဖို့ တိုက်တွန်းနေတဲ့၊ အမေရိကားကနေ အစိုးရကို လေ နဲ့တော်လှန်နေတဲ့ လူတစ်ယောက် ဘလော့လဲ တစ်ခါတစ်လေ အပျင်းပြေ ၀င်ဖတ်တယ်ဗျ။ ဒါပေမဲ့ ပင်တိုင်ကတော့ မဇ္ဇိမနဲ့ ဧရာဝတီပါပဲ။ အဲ့ဒိနှစ်ခုဟာ ကျွန်တော့အပေါ်မှာ တော်တော့်ကို လွှမ်းမိုးမှုရှိခဲ့တယ်။ ဒီဗီဘီကိုတော့ ကိုနေဇော်နိုင်ရဲ့ တော်စမ်းပါ ၀န်ကြီးရာ နဲ့ခိုက်သွားခဲ့တာပါ။ ဒါကကျွန်တော့ အပေါ်လွှမ်းမိုးခဲ့တဲ့ မီဒီယာတွေအကြောင်းပါ။