Thursday 22 January 2015

ရေနံဈေးကျမှု အကျိုးဆက် ၀န်ကြီးဌာနသို့ မသက်ရောက် စေရန် ကုမ္ပဏီ များကို အမြန်စာချုပ် ချုပ်ဆို နိုင်ရေး ဆောင်ရွက်မည်

ကမ္ဘာ့ ရေနံဈေးနှုန်း ကျဆင်းမှု အကျိုးဆက် စွမ်းအင် ၀န်ကြီးဌာနသို့ မသက်ရောက်စေရန် အတွက် ကုမ္ပဏီများကို အမြန် စာချုပ်ချုပ်ဆို နိုင်ရေး တွန်းအားပေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း စွမ်းအင် ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီး ဦးအောင်ထူးက ပြောသည်။

မြန်မာနိုင်ငံရဲ့ ရေနံ ရှာဖွေရေး လုပ်ငန်း အခြေအနေက လက်ရှိကာလမှာ အလားအလာ ကောင်းတဲ့ အခြေအနေရှိ ပေမယ့် ကမ္ဘာ့ ရေနံ ဈေးကွက် ကျဆင်းနေလို့ ရှာဖွေ ထုတ်လုပ်တဲ့ အပိုင်းမှာ ရင်းနှီးမြှုပ်နှံမှု အနည်းငယ် နှေးသွားနိုင် တာကို ကျွန်တော်တို့ သုံးသပ် ရရှိပါတယ် ဟု ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံ၏  ကမ်းလွန် လုပ်ကွက်များ တင်ဒါခေါ် လုပ်ကိုင်ခွင့် ပေးအပ်မှုမှာ ပြီးဆုံး လုနီးပြီ ဖြစ်သော်လည်း အချို့ကုမ္ပဏီ များမှာ အခွန် ဆိုင်ရာ ကိစ္စရပ် များကြောင့် အပြီးသတ် စာချုပ်ချုပ် ဆိုခြင်း မရှိသေးဘဲ ၎င်းတို့၏ အီကိုနိုမစ် မော်ဒယ်ကို ပြန်လည် တွက်ချက်နေ ရသည့် အနေအထား တွင်  ရှိနေ ကြကြောင်း၊ စာချုပ်ချုပ်ပြီး လုပ်ကိုင်နေသော PSC ကုမ္ပဏီ များသည်လည်း ၎င်းတို့၏ လုပ်ရန်  တာဝန် ၀တ္တရား များကို ဆောင်ရွက်ရန် အချိန်ယူ နိုင်ကြောင်း ဒုတိယ၀န်ကြီးက သုံးသပ် ပြောသည်။ ကျွန်တော်တို့ စာချုပ်ချုပ် ဆိုပြီးရင် သူတို့ တင်ပြ ထားတဲ့ နှစ်အလိုက် ဆောင်ရွက် ရမယ့် work program & budget  အတိုင်း ပြည့်မီအောင် ဆောင်ရွက်ပြီး တိုက်တွန်း ကြီးကြပ် ကွပ်ကဲ သွားမှာ ဖြစ်ပါတယ် ဟု ဒုတိယ၀န်ကြီး ဦးအောင်ထူးက ပြောသည်။

အရှေ့တောင် အာရှ ရေနံစိမ်း ဈေးကွက် singapore pltt’s  ဈေးနှုန်းများ အရ ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် တစ်စည်လျှင် အမေရိကန် ဒေါ်လာ ပျှမ်းမျှ (၁၀၁ဒသမ၉၈၅) ဒေါ်လာ၊ အောက်တိုဘာလတွင် ရေနံစိမ်း တစ်စည်လျှင် အမေရိကန်ဒေါ်လာ ပျှမ်းမျှ (၈၅ ဒသမ၅၇၇)၊ နိုဝင်ဘာလတွင် ရေနံစိမ်း တစ်စည် အမေရိကန် ဒေါ်လာ ပျှမ်းမျှ (၈၁ ဒသမ၉၈၄) ရှိပြီး၊ ဒီဇင်ဘာ (၁၈) ရက်နေ့မှ စတင်ကာ ရေနံစိမ်း တစ်စည်လျှင် အမေရိကန် ဒေါ်လာ (၆၃ဒသမ၉၆)  အထိ ကျဆင်း လာလျက်ရှိ ခဲ့ရာ ယခု လက်ရှိတွင် ရေနံစိမ်း တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၄၇) ခန့်သာ ရှိကြောင်း စွမ်းအင် ၀န်ကြီး ဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ ရေနံ ထုတ်လုပ်မှု သုံးစွဲမှုနှင့် ပတ်သက်၍ မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းနှင့် ကိုယ်ပိုင် ရေနံမြေ များမှ ထုတ်လုပ်သော ရေနံစိမ်း တစ်စည် တန်ဖိုး သည် ကျပ်ငါးသောင်း(50 US$) သာ ရှိ၍ ရေနံဈေး ကျဆင်းမှုသည် တစ်စည်လျှင် အမေရိကန် ဒေါ်လာ (၅၀) နီးပါး အထိ ဈေးကျလျက် နေသော်လည်း ထိခိုက်နိုင်ခြင်း မရှိသေးကြောင်း စွမ်းအင် ၀န်ကြီးဌာနမှ  ဒုတိယ၀န်ကြီး ဦးအောင်ထူးက ဆိုသည်။

Messenger News Journal 

No comments:

Post a Comment