Thursday 22 January 2015

အပြည်ပြည် ဆိုင်ရာ ဓာတုလက်နက် တားဆီးပိတ်ပင်ရေး စာချုပ်ချုပ်ဆိုရန် လွှတ်တော် အတည်ပြု

အပြည်ပြည် ဆိုင်ရာ ဓာတု လက်နက် တားဆီး ပိတ်ပင်ရေး စာချုပ်အား မြန်မာနိုင်ငံမှ ၀င်ရောက် ချုပ်ဆို နိုင်ရန် အတွက်  ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြု ဆုံးဖြတ် လိုက်ကြောင်း ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှ သိရသည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ(၅) ရက်နေ့တွင် နိုင်ငံတော်သမ္မတမှ ပြည်ထောင်စု လွှတ်တော်သို့ အပြည်ပြည် ဆိုင်ရာ ဓာတု လက်နက် တားဆီး ပိတ်ပင်ရေး စာချုပ်တွင် ပါဝင် ချုပ်ဆိုရေး ကိစ္စအား အတည်ပြု ဆုံးဖြတ်ပေးရန် သ၀ဏ်လွှာ ပေးပို့ ခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်များက အတည်ပြု ဆုံးဖြတ်ခဲ့ ကြခြင်း ဖြစ်သည်။

ဓာတု လက်နက် တားဆီး ပိတ်ပင်ရေး စာချုပ်ကို မြန်မာနိုင်ငံ ၀င်ရောက်ခြင်းကြောင့် လက်နက် ဖျက်သိမ်ရေး နယ်ပယ်မှာ မြန်မာ နိုင်ငံရဲ့ နိုင်ငံရေး ပြယုဂ် မြင့်တက်စေ ပါတယ်။ နိုင်ငံတကာ ကုန်သွယ်မှု မှာလည်း နိုင်ငံတကာ စာချုပ်များ၊  ဥပဒေများနဲ့ အညီ လိုက်နာ ဆောင်ရွက်မှုကြောင့် ကုန်သွယ်စီးပွား အပြုသဘော ဖော်ဆောင်ပေးရာ ရောက်ပါတယ် ဟု နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးတင်ဦးလွင်က ပြောသည်။

အပြည်ပြည်ဆိုင်ရာ ဓာတု လက်နက် တားဆီး ပိတ်ပင်ရေး စာချုပ်တွင် နိုင်ငံပေါင်း (၁၉၀) မှ အဖွဲ့ဝင် အဖြစ် ပါဝင် လက်မှတ်ရေးထိုး အတည်ပြု ထားပြီး၊ လက်မှတ် ရေးထိုးထား သော်လည်း အတည်ပြု ၀င်ရောက်ခြင်း မရှိသည့် နိုင်ငံများမှာ အစ္စရေး နိုင်ငံနှင့် မြန်မာ နိုင်ငံသာကျန် ရှိကြောင်း နိုင်ငံတော်သမ္မတမှ ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့သော သ၀ဏ်လွှာ အရ  သိရသည်။

ယခုအခါ  ပြည်ထောင်စု လွှတ်တော်မှ အပြည်ပြည် ဆိုင်ရာ ဓာတု လက်နက် တားဆီး ပိတ်ပင်ရေး စာချုပ်တွင် အတည်ပြု ပါဝင်ရန် ဆုံးဖြတ်လိုက် သောကြောင့် အဆိုပါ စာချုပ်ကို မြန်မာနိုင်ငံမှ ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ချုပ်ထံ အပ်နှံပြီး ရက်ပေါင်း (၃၀) အကြာတွင် အာဏာ သက်ဝင်မည် ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ဓာတု လက်နက်များ  တားဆီး ကာကွယ်ရေး စာချုပ်တွင် မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုခဲ့ မှုကြောင့် လက်မှတ်ရေးထိုး အတည်ပြု ၀င်ရောက်ခြင်း မရှိသည့် နိုင်ငံအဖြစ် အစ္စရေး နိုင်ငံသာ ကျန်ရှိမည် ဖြစ်ကာ လက်မှတ်ရေးထိုး ပါဝင် ချုပ်ဆိုခြင်း မရှိသည့် နိုင်ငံများ အဖြစ် အင်ဂိုလာ နိုင်ငံ၊ အီဂျစ် နိုင်ငံ၊ မြောက်ကိုရီးယား နိုင်ငံနှင့် တောင်ဆူဒန် နိုင်ငံ တို့သာ ကျန်ရစ်ကြောင်း ပြည်ထောင်စု လွှတ်တော်မှ သိရ သည်။ မြန်မာနိုင်ငံသည် နိုင်ငံတကာ သဘောတူညီမှု စာချုပ် ဖြစ်သည့် ဇီဝ လက်နက် တားဆီး ပိတ်ပင်ရေး စာချုပ်ကို ၂၀၁၄  ခုနှစ်၊ ဒီဇင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

Messenger News Journal 

No comments:

Post a Comment