Thursday 17 November 2011

မြန်မာနှင့်အမေရိကန်အတွက်မဟာဗျူဟာရွေးချယ်မှု

ဇော်ဌေး
(နိုဝင်ဘာ ၁၆ ထုတ် ၀ါရှင်တန်ပို့စ် သတင်းစာမှာ အင်မတန် ထူးခြားတဲ့ ဆောင်းပါး တစ်ပုဒ်ကို မမျှော်လင့်ဘဲ ဖတ်လိုက် ရပါတယ်။ ထူးခြားတယ် ဆိုတာက ဒီဆောင်းပါးကို ရေးတဲ့သူက သမ္မတရုံးက ညွှန်ကြားရေးမှူး တစ်ဦးဖြစ်တဲ့ ဦးဇော်ဌေးလို့ ဖော်ပြ ထားတာကြောင့်ပါ။ အရင်တုံးက တံခါးပိတ်၊ မျက်စိပိတ်၊ နားပိတ်၊ ပါးစပ်ပိတ်နဲ့ နေခဲ့တဲ့ နအဖလို မဟုတ်ဘဲ သမ္မတ ဦးသိန်းစိန် လက်ထက်မှာ နိုင်ငံတကာ မီဒီယာတွေနဲ့ အတော် ထိတွေ့ လာရာကနေ အခုလို ၀ါရှင်တန်ပို့စ်လို သတင်းစာမှာ ဆောင်းပါး ရေးတဲ့အထိ ဖြစ်လာလို့ ထူးခြားတယ်လို့ ပြောတာပါ။ ဒီထက် ထူးခြားတာက သမ္မတဟာ ပြုပြင် ပြောင်းလဲရေး တွေကို အရှိန်အဟုန်နဲ့ လုပ်နိုင်ဖို့နဲ့ တရုတ်နိုင်ငံကို ချိန်ခွင်လျှာ ထိန်းနိုင်ဖို့ အတွက် နိုင်ငံတကာရဲ့ အားပေး ထောက်ခံမှု လိုတယ် ဆိုတာကို အတိအလင်း တောင်းဆိုထားတာ ဖြစ်ပါတယ်။ ဒါဟာ သမ္မတရဲ့ အစီအစဉ်တွေ အပေါ် ခုခံ တားဆီးမှုတွေ ရှိနေဆဲ ဖြစ်တယ် ဆိုတာကို ညွှန်းဆိုနေတာ ဖြစ်နိုင်လို့ ထူးခြားတယ်လို့ ထပ်ပြောလိုပါတယ်။ ထူးခြားတဲ့ ဆောင်းပါးကို တတ်နိုင်သမျှ မူရင်းအတိုင်း ဖြစ်အောင် ဘာသာ ပြန်ပေးလိုက်ပါတယ်။ )
အခုအပတ် ဘာလီမှာ သမ္မတ အိုဘားမားဟာ အာဆီယံ အဖွဲ့ဝင် သူ့ရဲ့ လုပ်ဖော် ကိုင်ဘက်တွေနဲ့ တွေ့တဲ့အခါ အစီအစဉ် အသစ်၊ လုပ်ငန်း အသစ်တွေ ချပြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဝါရှင်တန်က အာရှ-ပစိဖိတ် ဒေသဟာ ၂၁ ရာစုမှာ အရေးပါတယ် ဆိုတာ အသိအမှတ် ပြုထားပြီး ဒီဒေသမှာ အမေရိကန် ဆက်ပြီး ရှိနေဖို့ ဆုံးဖြတ်ထားတယ် ဆိုတာကိုလည်း ရှင်းရှင်း လင်းလင်း ပြောခဲ့ပြီး ဖြစ်ပါတယ်။
မြန်မာဘက်ကတော့ အစိုးရ အပြောင်းအလဲ မဖြစ်ပေမယ့် တော်လှန်ရေး အတော်များများနဲ့ ကြုံခဲ့ရတယ်။ ဘာလင်တံတိုင်း ပြိုလဲမှု နောက်ဆက်တွဲ ဖြစ်ရပ်တွေ၊ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွေလည်း ပါတယ်။ ၂၀၁၀ မှာတော့ ရွေးကောက်ပွဲကို ကျင်းပ နိုင်ခဲ့တယ်။ မြန်မာနိုင်ငံက နိုင်ငံရေး အခြေအနေကို အရှေ့ အလယ်ပိုင်းက အုံကြွမှုတွေနဲ့ နှိုင်းယှဉ် ပြောနေလို့ မရပါဘူး။ မြန်မာနိုင်ငံက အာရပ်ကမ္ဘာက အဖြစ်တွေကို ကျော်လွှား ခဲ့ပြီးပါပြီ။