Sunday 15 July 2012

SSPP/SSA အဖွဲ့အတွင်း မူးယစ်ဆေးဝါးနှင့် မိန်းမပြဿနာကြောင့် လက်အောက်မှ အထက်ကို ပစ်ခတ်သတ်ဖြတ်


ဇူလိုင် ၁၅၊ လားရှိုး။
ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့က ကျေးသီးမြို့နယ်၊ ကျိုင်းလွန်းကျေးရွာနားမှာ SSPP/SSA လက်အောက်အဖွဲ့ဝင်တွေကနေ သူတို့အထက်ကို ပြန်လည်ပစ်ခတ်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ SSPP/SSA  တပ်ဖွဲ့ဝင် အိုက်နေနဲ့ အိုက်ယုံ ဆိုသူ ၂ ဦးက ပစ်ခတ်လို့ သူတို့အထက်က ဗိုလ်ကြီးတွန်ခမ်း သေသွားတယ်လို့ ကြားရပါတယ်။ ပစ်ခတ်ခဲ့တဲ့ အိုက်နေနဲ့ အိုက်ယုံတို့ကတော့ သေနတ်တွေယူပြီး ထွက်ပြေးသွားကြတယ်။ ဒီသတင်းကြားတော့ ၀မ်ဟိုင်းက လူကြီးတွေလည်း ခေါင်းမီးတောက်ပြီး ပစ်ခတ်ထွက်ပြေးသွားသူတွေကို အပူတပြင်းလိုက်လံဖမ်းဆီးဖို့ ပြင်ရပါတော့တယ်။ ဒီ ၂ ယောက်က အခြားအဖွဲ့ တစ်ခုဆီရောက်သွားပြီး အခြေအနေမှန်တွေ ဖွင့်ဟလိုက်မှာကို ၀မ်ဟိုင်းက လူကြီးတွေ သိပ်ကြောက် နေကြတယ်။ ထွက်ပြေးသူတွေကို တွေ့တဲ့နေရာမှာ အပြတ်ရှင်းပြစ်ဖို့ လိုက်ဖမ်းတဲ့အဖွဲ့တွေကိုလည်း အမိန့်ပေးထားပြီးဖြစ်တယ်လို့ သိရတယ်။

SSPP/SSA အဖွဲ့နဲ့ နီးကပ်ဆက်ဆံနေရတဲ့ ကျိုင်းလွန်းရွာက ကျေးရွာလူကြီး ဦးလုံးလိပ် ပြောပြတာကတော့ ပန်ဖရဲ့အဖွဲ့တွေဟာ မူးယစ်ဆေးဝါးလုပ်ငန်းနဲ့ပဲ ငွေရှာရပ်တည်နေတာဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးလုပ်ငန်းနဲ့ ရှာလို့ရတဲ့ ငွေကြေးပမာဏကို လက်အောက်အဖွဲ့ဝင်တွေက ကောင်းကောင်း သိနေကြပြီဖြစ်ကြောင်း၊ ရတဲ့ငွေအားလုံးနီးပါး တပ်မဟာ(၁)ဗဟိုကယူပြီး လက်အောက်အဖွဲ့ဝင်တွေကိုတော့ အရိုးအရင်းလောက်သာ စွန့်ကြဲတာဖြစ်တဲ့အတွက်  အထက်ကို မကျေမနပ်ဖြစ်နေတာလည်း ကြာပြီဖြစ်ကြောင်း၊ အခုဖြစ်ရတာက အဓိက သူတို့တပ်မဟာမှူး ပန်ဖကို  မကျေနပ်လို့ ဖြစ်ကြောင်း ပြောပြပါတယ်။

 ပြဿနာကတော့ ပန်ဖဟာ သားဖြစ်တဲ့ တပ်ရင်းမှူး ဖုန်းနော်ကို ကျိုင်းလွန်းဘက်ကို စေလွှတ်ခဲ့တာကစတာဖြစ်ပါတယ်။ ကျိုင်းလွန်းနယ်မြေမှာရှိတဲ့ တပ်ရင်း(၆၀၁) တပ်ရင်းမှူး စိုင်းဆိုင်ကို စိတ်မချတဲ့အတွက် စေလွှတ်ခဲ့ခြင်းဖြစ်ပါတယ်။ စိုင်းဆိုင်ဟာ နောက်ပိုင်းမှာ ရတဲ့ငွေကို ပန်ဖဆီ အပြည့်အ၀မပို့တာရယ်၊ အဓိက သူ့ရဲ့အကျင့်ဆိုးဖြစ်တဲ့ မိန်းမလိုက်စားတဲ့ ကိစ္စတွေကြောင့် စိုင်းဆိုင်ကို ထိန်းသိမ်းနိုင်ရန်ဖြစ်ကြောင်း သိရှိရပါတယ်။