Thursday 22 January 2015

အန္တရာယ် ကင်းရှင်းရေး ကျောင်းကားစနစ် ဖော်ဆောင်နေ

ရန်ကုန်မြို့တွင် ကျောင်းသားများ အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်ကြော ပိတ်ဆို့မှု များအား လျှော့ချနိုင်ရန် ကျောင်းကား စနစ်ကို စတင် အကောင်အထည် ဖော်ဆောင် နေပြီ ဖြစ်ကြောင်း မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ ထံမှ သိရသည်။ လက်ရှိ ကျောင်းကား များမှာ စည်းကမ်းမဲ့ မောင်းနှင်ခြင်း များကြောင့် ကျောင်းသားများ အန္တရာယ် ကျရောက် နိုင်သည့် အပြင် စည်းကမ်းမဲ့ ရပ်နားခြင်း များကြောင့် ယာဉ်ကြော ပိတ်ဆို့ခြင်းများ ဖြစ်ပေါ်နေ လျက် ရှိကြောင်း သိရသည်။

ကျောင်းကားစနစ် စတင် ဖော်ဆောင်ဖို့ အတွက် ကျောင်း တာဝန်ရှိသူတွေနဲ့ ဆွေးနွေးတယ်။ ပြီးတော့ မြို့နယ် အလိုက် ဘယ်လို လုပ်ကိုင် မလဲ ဆိုတာတွေ ညှိနှိုင်းနေတယ် ဟု မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။ ကျောင်းကား စနစ် ဖော်ဆောင်ရေး အတွက် လက်ရှိ ဖြစ်နိုင်ခြေ ရှိ၊ မရှိ ဆန်းစစ် လေ့လာခြင်း၊ ကျောင်းသား မိဘများ၏ သဘောထား ရယူခြင်း၊ သတ်မှတ် ပြေးဆွဲမည့် မြို့နယ် အလိုက် ရွေးချယ်ခြင်း စသည် တို့ကို ပညာရှင် များနှင့် ညှိနှိုင်းနေကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများ ပြီးစီး မှသာ ပုဂ္ဂလိက ကုမ္ပဏီများ အနေဖြင့် လုပ်ကိုင် လိုသည့် မြို့နယ်ကို ရွေးချယ် ပေးကာ  ပြေးဆွဲ သွားမည် ဖြစ်ပြီး၊ မထသ (ဗဟို) မှလည်း ယာဉ်များ စီစဉ်ပေးကာ ဆက်လက် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ ဘယ်သူတွေ ပဲပြေးဆွဲ ပြေးဆွဲ အဓိက ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေ ၀န်ဆောင်မှု ကောင်းကောင်းနဲ့ အန္တရာယ် မဖြစ်အောင် မောင်းဖို့ပဲ အရေးကြီးတယ် ဟု သုဝဏ္ဏမြို့ (၂၉) ရပ်ကွက်နေ ကျောင်းသားမိဘ တစ်ဦး ဖြစ်သူ ဒေါ်အေးအေးမူက ဆိုသည်။

ယခုလက်ရှိ ရန်ကုန်မြို့တွင် ပြေးဆွဲနေ သည့် ကျောင်းကား စုစုပေါင်း (၃၀၀၀) ကျော်ရှိပြီး၊  အဆိုပါ ကျောင်းကား များမှာ မိမိအစီအစဉ်ဖြင့် သာ ပြေးဆွဲလျက် ရှိကာ ယာဉ်စီးခ ကိုလည်း လစဉ်ကြေးဖြင့် ကောက်ခံလျက် ရှိကြောင်း မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ ထံမှ သိရသည်။

Messenger News Journal 

No comments:

Post a Comment