Saturday 9 May 2015

သမ္မတဦးသိန်းစိန်နှင့် ‘ဝ’၊ မိုင်းလား၊ RCSS အဖွဲ့များ သုံးနာရီခန့်ကြာ သီးသန့်စီတွေ့ဆုံ

သမ္မတဦးသိန်းစိန်အပါအ၀င် အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် UWSP မှ တာဝန်ရှိသူများ ဆွေးနွေးပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ − MOI)
သမ္မတဦးသိန်းစိန်သည် ‘ဝ’၊ မိုင်းလားနှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော် (RCSS/SSA)တို့မှ ခေါင်းဆောင်များနှင့် မေလ ၈ ရက် က သုံးနာရီခန့်ကြာ သီးသန့်စီတွေ့ ဆုံခဲ့ပြီး RCSS နှင့် တွေ့ဆုံစဉ် ဦးသိန်းစိန်က ပန်ဆန်းညီလာခံမှာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA)လက် မှတ်ရေးထိုးနိုင်ရေး ကြန့်ကြာ သွားမည်ကို စိုးရိမ်သည့်သဘော ဆွေးနွေးခဲ့ကြောင်း RCSS ပြော ရေးဆိုခွင့်ရှိသူ ဦးစိုင်းဆိုင်မိန်းက ပြောကြားသည်။
‘‘ကျွန်တော်တို့အဖွဲ့အနေနဲ့ အဓိကဆွေးနွေးတာကတော့ NCA ဖြစ်မြောက်ရေးပါ။ ကျွန် တော်တို့က ဖေဖော်ဝါရီမှာလည်း ငြိမ်းချမ်းရေး commit- ment ကို ပထမဆုံးပါဝင် လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့ဆိုတော့ NCA ဖြစ်ရေးအတွက် တခြား အဖွဲ့တွေကို တိုက်တွန်းပေးဖို့ အင်တိုက်အားတိုက်ဆန္ဒရှိတယ် လို့ ဆွေးနွေးတာပါ။ ပန်ဆန်း ညီလာခံနဲ့ပတ်သက်ရင်တော့ သမ္မတကြီးက NCA ကိုထိခိုက်မှာ စိုးရိမ်တဲ့သဘောရှိတယ်။ အဲဒီ ဆွေးနွေးပွဲကနေ တစ်စုံတစ်ရာ အတွေးအမြင်ပြောင်းလဲသွား မလား။ ပြီးတော့ NCCT နောက် တစ်ကြိမ်ဆွေးနွေးပွဲကြန့်ကြာ သွားမလားပေါ့။ NCCT ကလည်း အခုမူကြမ်းဆွေးနွေးပြီးတဲ့အဆင့် ဆိုတော့လေ’’ဟုဦးစိုင်းဆိုင်မိန်း ကပြောကြားသည်။

၂၀၁၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဗိုလ်လုပွဲတွင် မြန်မာနှင့် ထိုင်း တို့တွေ့ဆုံ

ဗီယက်နမ် နိုင်ငံ ၊ ဟိုချီမင်းမြို့တွင် ကျင်းပပြုလုပ်လျက်ရှိသော ၂၀၁၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ၏ ဗိုလ်လုပွဲအဖြစ် မြန်မာအမျိုးသမီးအသင်းနှင့် ထိုင်း အသင်းတို့ ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။
အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်များတွင် မြန်မာအသင်းက သြစတြေးလျ ယူ-၂၀ အသင်းကို (၁-၀) ဖြင့် အနိုင်ယူနိုင်ခဲ့ပြီး ထိုင်းအသင်းက အိမ်ရှင် ဗီယက်နမ်အသင်းကို အချိန်ပိုကစားကာ (၂-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းကြောင့် ထိုင်းနှင့် မြန်မာတို့ ဗိုလ်လုပွဲသို့ ရောက်ရှိသွား ခဲ့ခြင်းဖြစ်သည်။
မေလ ၁၀ ရက်၊ ည ၆း၃၀ အချိန်တွင် ပြုလုပ်မည့် ၎င်းပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် ခက်ခဲသည့် ပြိုင်ဘက် ထိုင်းအသင်း နှင့် ရင်ဆိုင်ရခြင်းဖြစ်ပြီး အနိုင်ရရှိခဲ့မည်ဆိုလျှင် ၂၀၀၇ ခုနှစ်နောက်ပိုင်း (၈) နှစ်ကြာ ဝေးကွာနေခဲ့သည့် ချန်ပီယံဆုကို ပြန်လည်ဆွတ်ခူးနိုင်မည်ဖြစ်သည်။
"အခု ကျွန်မတို့ ဗိုလ်လုပွဲကိုရောက်ပြီ။ ဘယ်အသင်းနဲ့တွေ့ရသည်ဖြစ်စေ ပြဿနာ မရှိပါဘူး။ ကျွန်မတို့ရဲ့ ရည်မှန်းချက်က ချန်ပီယံဆုဖလားကို ရဖို့ပဲလေ။ အဲဒီတော့ ဘယ်အသင်းကိုမဆို အနိုင်ကစားသွားမှာပါ" ဟု မြန်မာလက်ရွေးစင် အမျိုးသမီး အသင်းနည်းပြ ဒေါ်သက်သက်ဝင်းက ပြောသည်။
မြန်မာအမျိုးသမီးအသင်းနှင့် ထိုင်းအသင်းတို့သည် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်တွင်လည်း ရင်ဆိုင်ခဲ့ဖူးပြီး အိန္ဒိယအမျိုးသမီးဒိုင်လူကြီး၏ အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်များနှင့် ပွဲချိန်အတွင်းနှင့် အချိန်ပိုများတွင် သရေကျခဲ့ကာ ပင်နယ်တီအဆုံးအဖြတ်တွင်မှ မြန်မာက ထိုင်းကို ရှုံးနိမ့်ခဲ့ဖူးသည်။
မြန်မာအမျိုးသမီးအသင်းသည် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ၏ သမိုင်းတစ်လျှောက်တွင် ဗိုလ်လုပွဲသို့ (၅) ကြိမ်မြောက် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ချန်ပီယံဆုကို ပြန်လည်ရယူရန် အခွင့်အရေး ရှိနေပြီဖြစ်သည်။
မဇ္ဈိမ

အင်းတကော် နှစ်လောင်းပြိုင် လူသတ်မှု ပေါ်ပေါက်၊ ငွေလိမ်လည်မှုကြောင့် သတ်ဖြတ်ဟုဆို

ဂျပန်နိုင်ငံတွင် အလုပ်အကိုင်ရမည်ဟုဆိုကာ တစ်ဦးလျှင် ကျပ်သိန်း ၁၁၀ ယူထားပြီး ပို့ဆောင်ပေးခြင်း မရှိသောကြောင့် ငွေလိမ်ခံရသူများက ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ ညီအစ်ကိုနှစ်ဦးတို့ကို လက်ပြန်ကြိုးတုပ်ကာ သတ်ဖြတ်၍ ပဲခူးမြို့နယ် အင်းတကော်ရှိ ရွှေပြည် (၃) ရေလှောင်တမံသွားရာ လမ်းဘေးတွင် စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း ပဲခူးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှဦးက ပြောကြားသည်။
“ဂျပန်ပို့ပေးမယ် ဆိုပြီး ငွေလိမ်ခံရလို့ စမ်းချောင်းတရားရုံးမှာ တရားစွဲဆိုထားသူက စိတ်မထိန်းနိုင်တော့ဘဲ လူသတ်မှုအထိ ကျူးလွန်ခဲ့တယ်လို့ ဖမ်းမိထားသူ လူငယ်တစ်ဦးက ထွက်ဆိုတယ်။ ကျန်တဲ့သူတွေပါ ဖမ်းမိဖို့ စုံစမ်းနေပါတယ်” ဟု ပဲခူးမြို့နယ် အင်းတကော် နယ်မြေရဲစခန်းထံမှ သိရှိရသည်။

ရန်ကုန်မြို့တော်သို့ ဖောက်ခွဲရေးသမား ဝင်မည့်သတင်းကြောင့် ယာဉ်များ ပိတ်ဆို့စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့၏ ထိစပ်နယ်မြေ ဖြစ်သော ထန်းတပင်မြို့နယ် တူးချောင်းဂိတ်တွင် မေလ ၅ ရက်နေ့မှ စတင်ကာ ဖောက်ခွဲရေးသမားများ ရန်ကုန်မြို့အတွင်း ဝင်ရောက်လာနိုင်ကြောင်း သတင်းရရှိမှုကြောင့် မော်တော်ယာဉ်များကို တားဆီး ပိတ်ဆို့စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
“အဓိကကတော့ ဖောက်ခွဲရေးသမားတွေ ဝင်လာမယ်ဆိုတဲ့ သတင်းပေါ့။ ဒါ့အပြင် နိုင်ငံသားစိစစ်ရေးကတ် မရှိသူ၊ ဖောက်ခွဲရေးပစ္စည်း သယ်ဆောင်လာမယ့်သူနဲ့ မူးယစ်ဆေးဝါးနဲ့ လူမှောင်ခိုကူးသူတွေကိုပါ ဒီလမ်းကြောင်းကနေ လှုပ်ရှားသွားလာနေတယ် သတင်းရလို့ ကားတွေ ပိတ်ဆို့ရှာဖွေနေတာပါ” ဟု အဆိုပါ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။

အပိုဆောင်း ဘောနပ်


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က မေလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အတွင်း ဖုန်းခေါ်ဆိုခကို ၃၀ ရာခိုင်နှုန်း အပိုဆောင်း သုံးစွဲခွင့်ပေးမယ်လို့သိရပါတယ်။

ခြင်္သေ့တစ်ပိုင်း ငါးတစ်ပိုင်းနိုင်ငံ၌ တက္ကစီ စီးခြင်း

(တစ်)
စင်ကာပူလို့ ဆိုလိုက်တာနဲ့ မြန်မာနိုင်ငံသားလူငယ်လူရွယ် အများအပြားတို့ သွားရည်တများ များကျကာသွားပြီး အလုပ်လုပ်ဖို့၊ သွားပြီး ပညာသင်ဖို့၊ သွားပြီး အခြေချဖို့၊ သွားပြီး ဆေးကုဖို့ အာရုံကျရာ နိုင်ငံတစ်နိုင်ငံဆိုတာ အထင်ကရဖြစ်ပြီးသားပါ။ ခြင်္သေ့ ခေါင်းနဲ့ ငါးကိုယ်ကို ဆက်ထားတဲ့ အရုပ်ကို နိုင်ငံ့အမှတ်တံဆိပ်အ ဖြစ် အများက သိရှိထားပြီး ဖြစ်တဲ့ သည်နိုင်ငံပေါက်စကလေးဟာ မူလက တံငါရွာကလေးတစ်ရွာမျှ သာပါတဲ့။ တီးမားဆက် (Tema-sek) ဆိုတဲ့ ရွာကလေးပေါ့။ တီး မားဆက်ဆိုတဲ့ စကားလုံးဟာ အင်္ဂလိပ်ဘာသာနဲ့ Sea Town လို့အဓိပ္ပာယ်ရတာကြောင့် ပင်လယ် မြို့တော်လို့ပဲ လွယ်လွယ်ဆိုလိုက် ကြပါစို့ရဲ့။