ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်း ဝင်များ ပါဝင်သည့် မဲဆွယ်စည်းရုံးမှု ကြီးကြပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းကာ စည်းရုံးရေးကာလ အငြင်းပွားမှုများကို ဖြေရှင်းမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးညွှန့်တင်က မဇ္ဈိမကိုပြောသည်။
၎င်းက "ပြိုင်ဆိုင်မှု ပြင်းထန်လာရင် ပြဿနာတွေပေါ်လာနိုင်တယ်။ ဒါတွေကိုငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ ကော်မတီဖွဲ့တာ အဲဒီမှာပြီးအောင်ရှင်းပေါ့၊ မပြီးရင်တော့ သက်ဆိုင်ရာ ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ ဆက်လုပ် ချင်ရင်လည်း ဆက်လုပ်လို့ရတယ်။ အဲဒီအဆင့်ကို မရောက်ခင်ပြီးပြတ် အောင်အဓိက ရည်ရွယ်တယ်" ဟု ဆိုသည်။
မဲဆွယ်စည်းရုံးရေး ကြီးကြပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းရေးကို နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ ဇူလိုင်လ ၂၁ရက်၊ ရန်ကုန်မြို့ PARK ROYAL ဟိုတယ်တွင်တွေ့ဆုံရာတွင် သဘောတူညီခဲ့ခြင်းလည်းဖြစ်သည်။ ယင်းတွေ့ဆုံမှုသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စတင်ဖွဲ့စည်း ခဲ့သည့် ၂၀၁၂ခုနှစ် သြဂုတ်လမှစတင်ကာ ခုနစ်ကြိမ်မြောက်တွေ့ဆုံမှုလည်းဖြစ်သည်။