တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေးကို ယနေ့ (ဇူ လိုင် ၂၄ ရက်)တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)ဌာနချုပ် တည်ရှိရာ လိုင်ဇာဒေသ၌ စတင်ပြုလုပ်မည် ဖြစ်သည်။
အဆိုပါ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ NCCT အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ်များ အပါအဝင် ကိုယ်စားလှယ်များ စုံညီစွာတက်ရောက်ရန် ရောက်ရှိနေပြီး အစည်းအဝေး ပထမနေ့တွင် နိုင်ငံရေးဆွေးနွေးပွဲများ အတွက်ပါရည်ရွယ်ကာ လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များပါဝင်သည့် ဦးစီးကော်မတီ ဖွဲ့စည်းနိုင်ရေး စတင်ဆွေးနွေးသွားမည်ဖြစ်ကြောင်းNCCT အဖွဲ့ထံမှ သိရသည်။
ထိပ်သီးအစည်းအဝေးနှင့် ပတ်သက်ပြီးNCCT မှ ဒေါက်တာဆလိုင်းလျန်းမှုန်းက “အဓိက,ကတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် အတည်ပြုနိုင်ဖို့ပေါ့။ အစိုးရနဲ့ကျွန်တော်တို့ ဆွေးနွေးတုန်းက ပိတ်ဆို့နေတဲ့ အခက်အခဲတွေ အားလုံးကျော်လွှားနိုင်ဖို့။ ဖြစ်နိုင်ရင် ညီလာခံဦးဆောင် ကော်မတီကိုလည်း ဖွဲ့စည်းမှာဖြစ်တယ်။ ဆုံးဖြတ်ချက်တော့ မကျသေးပါဘူး။ ဖြစ်နိုင်လို့ရှိရင် အဲဒီလိုကော်မတီမျိုးက နောက်နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်မှာ ကျွန်တော်တို့ တိုင်းရင်းသားတွေ ဘက်ကနေပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေကို ဦးဆောင်နိုင်မယ့် ကော်မတီမျိုးဖြစ်နိုင်ရင် ဖန်တီးချင်တယ်။ ကျွန်တော်တို့လည်း ကြိုးစားသွားမယ်” ဟု ပြောကြားသည်။