Thursday 22 January 2015

မြန်မာ့နိုင်ငံရေး လမ်းပြမြေပုံပေါ်က နင်းဗုံး၊ ဆွဲဗုံးနှင့် ချိန်ကိုက်ဗုံးများ

မြန်မာပြည်နိုင်ငံရေး အခင်းအကျင်းနှင့် ပတ်သက်ပြီး အကျဉ်းထောင်မှ လွတ်မြောက်လာသော ထောက် လှမ်းရေး အကြီးအကဲဟောင်း၏ စကားက စိတ်ဝင်စား ဖို့ ကောင်းပါသည်။ စကားလုံး အတိအကျ မဟုတ်သော်လည်း သူပြောသည့် စကား၏အနှစ်ချုပ်မှာ ယခုသွားနေသော နိုင်ငံရေးလမ်းကြောင်း ဆိုသည် မှာ သူဦးဆောင်သို့ မဟုတ်သူပါဝင်ရေးဆွဲခဲ့သည့် လမ်းပြမြေပုံအတိုင်းသွားနေသော လမ်းကြောင်းပင် ဖြစ်သည်ဟူသည့် စကားပင်ဖြစ်သည်။

သူ၏ စကားကို မိမိတို့သည် လက်မခံချင်သော်ငြားလည်း လက်ခံရမလိုတော့ ဖြစ်နေသည်။ ဘယ့်ကြောင့် ဆိုသော် လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းသည် ၂ဝဝ၈ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေဘောင် အတွင်းက ခြေတစ်လှမ်းမထွက်နိုင်ဘဲ ယင်းဘောင်အတွင်းမှသာ သွားနေသည့်နိုင်ငံရေး အခင်းအကျင်း ဖြစ်နေ၍ပင်။

ထို့ပြင် ယင်းဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ယခင်က စစ်အာဏာရှင်များ ကိုယ်တိုင် စိတ်တိုင်းကျ ရေးဆွဲအတည်ပြုခဲ့သည့် ဖွဲ့စည်းပုံဖြစ်သည် မဟုတ်ပါလော။ သည်အတိုင်းဆိုပါက ထောက်လှမ်းရေး အကြီး အကဲဟောင်း ပြောသောစကားကို မိမိတို့ အဖို့မငြင်းသာပါချေ။

လွန်ခဲ့သည့် နှစ်ခြောက်ဆယ်ကျော် သာဓကများကို အသာထား၊ နှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ပွားစဉ် က စစ်အာဏာရှင်များ တုန့်ပြန်ဆောင်ရွက်ခဲ့သည့် သာဓကတစ်ခုတည်းနှင့် ပင်မိမိတို့သည်စစ်အာဏာရှင် တို့၏ အလေ့အထလုပ်နည်း လုပ်ဟန်ကို အကဲခတ်၍ရပါသည်။ ဥပမာ ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါ်က်လာသောအခါ ဖြစ်ပေါ်လာသည့် လူထုသပိတ်များကို အဆင့်များ သတ်မှတ်ကာမည်ကဲ့သို့ ဖြားယောင်းလမ်းလွှဲမည်၊ ပထမအဆင့် ဆောင်ရွက်လိုက်၍ ဖြစ်ပေါ်လာသည့် အခြေအနေကိုမည်ကဲ့သို့ ဦးတည်စေမည်ဟူသည့် စီမံချက်များ ရှိခဲ့ကြပါသည်။

ထို့ပြင်အကယ်၍များ ပထမအဆင့် ဆောင်ရွက်လိုက်သည့်တိုင် ရည်မှန်းသလိုဖြစ်မလာခြင်းနှင့် အခြေ အနေ များ ပိုမိုဆိုးရွားလာပါက မည်သည့်နည်းကို ဆက်လက်ကိုင်စွဲမည် ဟူသည့် အရံစီမံချက်များသည်ပင် ရှိခဲ့ကြပါသည်။

ယခုအခါ မိမိတို့တိုင်းပြည်သည် မူအရဆိုလျှင် ပြည်သူတို့ရေးဆွဲသည့် ဖွဲ့စည်းအုပ်ချုပ်ပုံအရ ဖြစ်တည် နေသည့် နိုင်ငံမဟုတ်သေးချေ။ စစ်အာဏာ ရှင်များ ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအဆင့်များ အတိုင်းဆက်လက် လျှောက်လှမ်းနေကြရသည့် အခြေအနေမျိုးသာ ဖြစ်သည်။ ဥပမာအားဖြင့် ဆိုလျှင် အာဏာရှင်များ ဆက် လက်အခွင့် အာဏာသက်ဆိုးရှည်ရေး၊ လုံခြုံရေးနှင့် စည်းစိမ်ဥစ္စာများ မထိပါးရေးအတွက် ပြဋ္ဌာန်းထားရှိ သည့် ဥပဒေပုဒ်မများက လက်ရှိဖွဲ့စည်းပုံ၏ အသက်ဝိဉာဉ်ဖြစ်နေခြင်း၊ ထို့ပြင် ပြည်သူတို့ လိုလားသော လူထုကိုယ်စားပြုသူများ လက်ဝယ် အခွင့်အာဏာ မသက်ရောက်စေရေးနှင့် ပြည်သူတို့၏ စစ်မှန်သော ဆန္ဒကို လွတ်လပ်စွာ ဖော်ပြနိုင်ခွင့်များကို လက်ရှိ ဥပဒေများက ခွင့်မပြုနိုင်ခြင်းသည် ထင်ရှားလွန်းသည့် သက် သေများပင် ဖြစ်သည်ဟု ယူဆရပါသည်။

ယခုအခါ မိမိတို့ပြည်သူများသည် တစ်စုံတစ်ရာအားဖြင့် နိုင်ငံရေးအသိ ကံအားလျော်စွာ နိုးကြားစပြုလာကြ ပြန်သည်။အထူးသဖြင့် ဘဝကပြဋ္ဌာန်း သဖြင့် ကျောင်းသားများ၊ လယ်သမားများ၊ပညာတတ်များကအစ မြို့စွန်ရပ်ကွက်နေ ဆင်းရဲသားနင်းပြားများက အစဘဝပေးအသိ နိုင်ငံရေး အသိနိုးကြားလာခဲ့ကြသဖြင့် မိမိတို့၏ အခွင့်အရေးများ၊ နစ်နာမှုများနှင့် လုံခြုံရေးများအတွက် အကြမ်းမဖက်သော နည်းမျိုးစုံကို အသုံးပြုကာ ပြသတောင်းဆို လာနေကြသည်ဟုလည်း ယူဆရပါသည်။ ဥပမာ မြေသိမ်းခံရသည့် တောင်သူ လယ်သမားများနှင့် ကျောင်းသားများ၏ ဆန္ဒပြတောင်းဆိုမှုများ ဖြစ်သည်။

ထိုအခါ ရှစ်လေးလုံး အရေးတော်ပ ကာလအတွင်း စစ်အာဏာရှင်များ ကျင့်သုံးခဲ့ကြသည့် နည်းလမ်း ဟောင်းများဖြစ်သည့် နိုးထလာနေသော နိုင်ငံရေး အင်အားစုများအတွင်း သပ်ရှိုသွေးခွဲခြင်း၊ အားနည်းချက် အပေါ် အခွင့်ကောင်းယူကာ အတိုက်အခံများ သိက္ခာထိခိုက်အောင် လိုရာဆွဲပုံကြီးချဲ့ခြင်း၊ အကြမ်းဖက် သမားများ အဖြစ်ပုံဖော်ခြင်း၊ စွန်းရောက်များ မွေးမြူကာ ပဋိပက္ခများ ကြီးထွားလာအောင် ဖန်တီးခြင်း အစရှိသည့် နိုင်ငံရေး နင်းဗုံး၊ ဆွဲဗုံးနှင့် ချိန်ကိုက်ဗုံးများကို မလွဲမသွေ အသုံးပြုကောင်း ပြုကြလိမ့်မည်ဟု ယူဆရပါသည်။ ယခုလို ရေးကြီးသည့် အချိန်မျိုးတွင် မိမိတို့ပြည်သူများသည် ယခင် အတိတ်သမိုင်း အတွေ့အကြုံများအပေါ် သင်ခန်းစာယူတတ်ကြဖို့ အရေးကြီးကြောင်း တင်ပြလိုက်ပါသည်။

Mizzima - News in Burmese 

No comments:

Post a Comment