Sunday 1 December 2013

ရဲတပ်ဖွဲ့ဝင် နှစ်ဦးအပါအဝင် လူတစ်စု ရိုက်နှက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး

လှိုင်သာယာမြို့နယ် ကျန်စစ်သားလမ်းနှင့် နဝဒေးပတ်လမ်းဆုံ အနီးတွင် နိုဝင်ဘာလ ၂၉ ရက် ည ၈နာရီ ခန့်က လမ်းပေါ် ဆိုင်ကယ်ရပ်ခဲ့သော အမျိုးသား သုံးဦးနှင့် ရဲတပ်သားနှစ်ဦး အပါအဝင် လူငါးဦး စကားများရာမှ ရဲတပ်ဖွဲ့ဟု ပြောသူက လက်ထိတ်၊ သံတုတ်၊ လက်နက်ပုန်း တို့ဖြင့် ထိုးကြိတ် ရိုက်နှက်ခဲ့ရာ အသက် ၂၇နှစ် အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ အချို့က ပြောကြားသည်။

ရခိုင်ပါတီဥက္ကဋ္ဌ လာဘ်စားသည်ဟု စွပ်စွဲချက် ဥပဒေနှင့်အညီ တုံ့ပြန်မည်ဟု RNDP ထုတ်ပြန်

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်သည် တရုတ်နိုင်ငံမှ လာဘ်ငွေ ရယူထား သည်ဟု စွပ်စွဲမှုကို ဥပဒေ နှင့်အညီ တုံ့ပြန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း RNDP က နိုဝင်ဘာလ ၂၉ရက် နေ့တွင် သဘောထား ထုတ်ပြန်လိုက်သည်။

တစ်မှတ်စီ ခွဲယူခဲ့ကြရတဲ့ ဝှိုက်ဟတ်လိန်းက ပွဲကောင်းတစ်ခု။ (စပါး ၂ -၂ မန်ယူနိုက်တက်)

Photo: တစ်မှတ်စီ ခွဲယူခဲ့ကြရတဲ့ ဝှိုက်ဟတ်လိန်းက ပွဲကောင်းတစ်ခု။ (စပါး ၂ -၂ မန်ယူနိုက်တက်)
Sunday, December 1, 2013

ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ ရဲ့ အစောဆုံး စူပါဆန်းဒေး ပွဲစဉ်အဖြစ် စပါးအသင်းနှင့် မန်ချက်စတာယူနိုက်တက် အသင်းတို့ဟာ စပါးအသင်းရဲ့ ဝှိုက်ဟတ်လိန်း ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။ ဒီနှစ် ဘောလုံးရာသီမှာ လာဒ်ညံ့ဖျင်းနေတဲ့ အသင်း ၂ သင်း ယှဉ်ပြိုင်ကြတဲ့ ပွဲစဉ် ဖြစ်တဲ့အတွက် ဒီပွဲကို ကျားနာခဲ ခဲကြမယ့် တစ်ပွဲ ဖြစ်တဲ့အတွက် ပွဲကြမ်းတစ်ပွဲလည်း ဖြစ်လာနိုင်ပါတယ်။
 
ဒီနေ့ ပွဲစဉ်အတွက် ပွဲထွက် ကစားသမားအဖြစ် စပါးအသင်းဖက်မှာ လိုရစ်၊ ဝေါ့ကာ၊ ဒေါ်ဆင်၊ ချီရစ်စ်၊ ဗော်တွန်ဂန်၊ ပေါ်လင်ညို၊ ဆန်ဒရို၊ လင်နွန်၊ ဒန်ဘေလီ၊ ချာဒီနှင့် ဆိုလ်ဒါဒိုတို့ ပါဝင်လာပါတယ်။ မန်ယူနိုက်တက်မှာတော့ ဒီဂီအာ၊ အီဗရာ၊ အီဗန်၊ ဗီဒစ်၊ စမောလင်း၊ ကလဲဗားလေး၊ ဖီးလ်ဂျုန်း၊ ကာဂါဝါ၊ ဗလင်စီယာ၊ ဝဲလ်ဘတ်နှင့် ဝိန်းရူနီတို့ ပွဲထွက်လာတာ ဖြစ်ပါတယ်။
 
ပွဲစဉ် စတင်လိုက်တာနဲ့ စပါးအသင်းက အမြန်ဆုံး တိုက်စစ်ဆင်လာပြီး တစ်မိနစ်အတွင်းမှာပဲ ဒေါင့်ကန်ဘော စရတာကို ဒီဂီအာ ထွက်ပုတ်ထုတ်လိုက်ရပါတယ်။ ပွဲအစပိုင်းမှာ စပါးအသင်းက အချိတ်အဆက် မိမိ ပွဲထွက်လာနိုင်ပြီးတော့ ယူနိုက်တက်ကို အကောင်းဆုံး ဖိအားပေး ကစားနိုင်ခဲ့တဲ့အတွက် အီဗရာနှင့် စမောလင်းတို့ ခပ်ကြမ်းကြမ်း ဖျက်ထုတ်ခဲ့ရတာတွေ ရှိခဲ့ပါတယ်။ စပါးအသင်းဖက်ကပဲ ခြိမ်းခြောက်မှုတွေ ရှိနေပြီး မန်ယူနိုက်တက်ကတော့ ၁၀ မိနစ်အထိ တစ်ကြိမ်မှ မထိုးဖောက်နိုင်သေးတဲ့ အထိပါပဲ။ ၁၁ မိနစ်မှာ စပါး တောင်ပံ ကစားသမား လင်နွန် မန်ယူဂိုးဧရိယာ ထိပ်နားကနေ မန်ယူ နောက်ခံလူတွေကို လှည့်ပြီး အဝေးကနေ ကန်သွင်းတာကို ဒီဂီအာ လှဲအိပ် ဖမ်းယူလိုက်ရပါတယ်။ 
ကန်ချက်က နေရာကောင်းကို သွားပေမယ့် ပျော့နေတဲ့အတွက် ဒီဂီအာအတွက် အခက်အခဲ မရှိခဲ့တာ ဖြစ်ပါတယ်။ ၁၄ မိနစ်မှာတော့ ယူနိုက်တက်က အကောင်ဆုံး ထိုးဖောက်နိုင်ခဲ့ပြီး ရူနီနှင့် ဗလင်စီယာတို့ရဲ့ ဆက်တိုက် ကန်သွင်းချက်တွေကို စပါး နောက်တန်းသမားတွေ အသည်းအသန် လှဲအိပ် ကာကွယ်လိုက်ကြရပါတယ်။ ၁၇ မိနစ်မှာတော့ မန်ယူ အစပ်မှာ ပေါ်လင်ညိုကို အီဗန် ဖျက်ထုတ်တာ ကြမ်းခဲ့တဲ့အတွက် ပြစ်ဒါဏ်ဘော ကန်သွင်းခွင့် ပေးပါတယ်။ အင်မတန် အန္တရာယ် ရှိတဲ့ နေရာပါ။ ထင်တဲ့ အတိုင်းပါပဲ။ စပါးအသင်းအနေနှင့် အကောင်းဆုံး အသုံးချလိုက်နိုင်ပါတယ်။ စပါး နောက်ခံလူ ကယ်လီ ဝေါ့ကာ က လူတံတိုင်းရဲ့ အောက်ကနေ အနိမ့်ဘော အပြင်း ကန်သွင်းပြီးတော့ အဖွင့်ဂိုး စတင် သွင်းယူလိုက်တာ ဖြစ်ပါတယ်။ ဒီဂိုးဟာ ကယ်လီ ဝေါ့ကာအတွက် ဘောလုံးရာသီပထမဆုံး ပရီးမီးယားလိဂ် ဂိုးဖြစ်ပါတယ်။ 

၂၀၁၂ ဧပြီလ နောက်ပိုင်း ဂိုးမသွင်းနိုင်ခဲ့တဲ့ ဝေါ့လ်ကာ တစ်ယောက် ပထမဆုံး ပြန်လည် ဂိုးသွင်းနိုင်လိုက်တာ ဖြစ်ပါတယ်။ ဆက်တိုက်ပဲ မိနစ် ၂၀ မှာ စပါးအသင်းက ဒေါင့်ကန်ဘော ရတာကို ပိတ်သွင်းလိုက်တာ ဂိုးဝင်နိုင်တဲ့ အနေအထား ဖြစ်ပေမယ့် အီဗန်နှင့် ထိပြီးပြန်ထွက်လာတဲ့အတွက် ယူနိုက်တက်တို့ သက်သာခဲ့တာ ဖြစ်ပါတယ်။ ၂၈ မိနစ်မှာလည်း ပေါ်လင်ညို တန်ပြန် တိုက်စစ်ကနေ ထွက်လာပြီး ဆိုလ်ဒါဒိုကို ခင်းပေးလိုက်တာကို ဆိုလ်ဒါဒို အပြင်းကန်သွင်းခဲ့ပေမယ့် ဂိုးပေါက်လွဲချော်ခဲ့ပါတယ်။ ဒီနေ့ပွဲစဉ်မှာ စပါး ကွင်းလယ်လူ ပေါ်လင်ညို အထူးခြေစွမ်းပြ ကစားလျက်ရှိပြီး မန်ယူ နောက်တန်းကို အကြိမ်ကြမ် ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ၃၁ မိနစ်မှာ စပါးအသင်းက ဂိုးရဖို့ အတော် နီးစပ်ခဲ့ပါတယ်။ ဆိုလ်ဒါဒို ခင်ပေးလိုက်တဲ့ ဘောလုံးကို လင်နွန် အနီးကပ် ကန်သွင်းခဲ့ပေမယ့် ဒီဂီအာကာကွယ်လိုက်နိုင်တဲ့အတွက် သက်သာ ခဲ့တာ ဖြစ်ပါတယ်။ ပြန်ထွက်လာတဲ့ ဘောလုံးကို လင်နွန် ဂိုးရှေ့ကို ပြန်ချပေးပေမယ့် ပိတ်သွင်းမယ့်လူ မရှိခဲ့ပါဘူး။ ၃၂ မိနစ်မှာတော့ ယူနိုက်တက်တို့ အဖိုးတန် ချေပဂိုး သွင်းယူလိုက်နိုင်ပါပြီ။ ညာခြမ်းကနေ ဖီးလ်ဂျုန်း မတင်ပေးလိုက်တဲ့ ဘောလုံးကို စပါးနောက်ခံလူ ဝေါ့လ်ကာ ဖျက်ထုတ်တာ မသေသပ်ပဲ ရူနီ ရှေ့ကို ကျသွားတဲ့အတွက် ရူနီက ပိတ်သွင်းပြီး ချေပဂိုး သွင်းယူလိုက်နိုင်တာ ဖြစ်ပါတယ်။ ဒီဂိုး အပါအဝင် ရူနီဟာ စပါးအသင်းကို ၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ နောက်ဆုံး စပါးအသင်းနှင့် ယှဉ်ပြိုင်ခဲ့တဲ့ ၆ ပွဲမှာ ၆ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးဟာ ဝိန်းရူနီအတွက် ၁၆၃ ဂိုးမြောက် ပရီးမီးယားလိဂ် သွင်းဂိုး ဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ် သမိုင်းရဲ့ ဂိုးသွင်း အများဆုံးစာရင်းမှာ ဖောင်လာနှင့်အတူ ပဉ္စမ နေရာမှာ ရပ်တည်နေပါတယ်။ 

မိနစ် ၄၀ မှာ ချာဒီ ချပေးလိုက်တဲ့ ဘောလုံးကို လင်နွန် အတင်းဆွဲဝင် လာရာမှာ အီဗရာ ဖျက်ထုတ်တာဟာ နောက်ကနေ ဖျက်ထုတ်ခဲ့တာ ဖြစ်တဲ့အတွက် ပယ်နယ်တီ ပေးရနိုင်တဲ့ အနေအထားတစ်ခု ဖြစ်ခဲ့ပါသေးတယ်။ ဖျက်ထုတ်မှုက နောက်ကနေ ဖျက်ထုတ်တာ ဖြစ်တဲ့အတွက် ပယ်နယ်တီပေးခံရဖို့ အန္တရာယ် ရှိခဲ့ပေမယ့် လင်နွန်တစ်ယောက် လဲကျမသွားပဲ ဂိုးရှေ့ကို ထိုးပေးလိုက်နိုင်ပေမယ့် ပိတ်သွင်းမယ့်လူ အဆင်သင့် ရှိမနေခဲ့ပါဘူး။ အီဗရာနှင့် လင်နွန် ထိတွေ့မှု ရှိခဲ့ပါတယ်။ တကယ်လို့ လင်နွန်သာ ဘောလုံးကို ဆက်မကစားပဲ ဟန်ချက်ပျက်ပြီး လဲကျခဲ့ရင် ပယ်နယ်တီ သေချာပေါက် ပေးရမယ့် အနေအထားပါ။ ဒီလိုနဲ့ပဲ တစ်ဖက်တစ်ဂိုးစီအနေအထားနဲ့ ပထမပိုင်း ပြီးဆုံးသွားခဲ့ပါတယ်။ ပထမပိုင်း ကစားပုံအရ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပြီး စပါးအသင်းအနေနှင့် မန်ယူနိုက်တက်ကို ဖိအားပေးနိုင်ခဲ့တာ အမှန်ပါပဲ။ ဒုတိယဂိုး သွင်းယူနိုင်ဖို့ အခွင့်အရေးတွေ ရှိခဲ့ပေမယ့် အကောင်းဆုံး အသုံးမချနိုင်ခဲ့တဲ့အတွက် စပါးအသင်း နစ်နာခဲ့တာ ဖြစ်ပါတယ်။ မန်ယူနိုက်တက်အနေနဲ့ ပွဲအစပိုင်း လျင်လျင်မြန်မြန် ဖွင့်တိုက်လာတဲ့ စပါးရဲ့ အရှိန်ကြားမှာ နစ်မြုပ်ခဲ့ရပေမယ့် ချေပဂိုး စောစောစီးစီး ပြန်လည်ရယူနိုင်ခဲ့ပြီး ပွဲကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါတယ်။ မိနစ် ၃၀ နောက်ပိုင်းမှာ မန်ယူနိုက်တက်က ပွဲကို ပြန်လည် စိုးမိုးနိုင်ခဲ့ပြီး ကွင်းလယ် အသာစီး ရယူလာနိုင်ပြီး တိုက်စစ်ပိုင်းမှာလည်း အတော်လေး ထိထိရောက်ရောက် ခြိမ်းခြောက်လာနိုင်ပါတယ်။ ပွဲအစပိုင်းမှာ စပါးအသင်း အသင်းက အသာရပေမယ့် နောက်ပိုင်းမှာ မန်ယူနိုက်တက်က ဘောလုံးပိုင်ဆိုင်မှု ၆၂ ရာနှုန်းအထိ အသာစီးရအောင် ကွင်းလယ်ကို ပြန်လည် စိုးမိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။  စပါးအသင်းက နောက်ပိုင်းမှာ ကွင်းလယ်ကစားအား ကျဆင်းလာပေမယ့် လျှင်မြန်တဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားတဲ့ စပါးအနေနှင့် တန်ပြန် တိုက်စစ်တွေဟာ ကြောက်စရာ ခြိမ်းခြောက်နေဆဲပါပဲ။

အပိုင် အခွင့်အရေးတစ်ချို့သာ အသုံးချနိုင်ခဲ့ရင် ပထမပိုင်းကို စပါးအနေနှင့် ရလာဒ်အသာနဲ့ ဦးဆောင်နိုင်ခဲ့မှာ ဖြစ်ပါတယ်။ ဒုတိယပိုင်း ပွဲအစမှာတော့ ပထမပိုင်းနှင့် မတူပဲ နှစ်ဖက်စလုံး ခပ်ထိန်းထိန်းသာ စတင်လာကြပါတယ်။ ခံစစ်ပိုင်း ပိုမို ပြင်ဆင်လာကြပုံပါပဲ။ ပွဲအစပိုင်း ခပ်အေးအေး ကစားနေကြပေမယ့် ၅၃ မိနစ်မှာတော့ အားလုံးကို အံ့အားသင့်သွားစေမယ့် ဂိုးတစ်ဂိုးကို စပါးကွင်းလယ်လူ ဆန်းဒရို ကန်သွင်းနိုင်လိုက်ပါတယ်။ မန်ယူ ဧရိယာထိပ် ၂၅ ကိုက်လောက် အကွာအဝေးကနေ အပြင်းကန်သွင်းလိုက်တာဟာ ဂိုးထောင့်ထဲကို တန်းဝင်သွားတဲ့အတွက်ဒီဂီအာ အနေနဲ့ ငုတ်တုတ်မေ့ခဲ့ရတဲ့ ဂိုးတစ်ဂိုး ဖြစ်ပါတယ်။ အင်မတန်လှပတဲ့ ကန်သွင်းချက် တစ်ခုပါပဲ။   ယူနိုက်တက်ကလည်း ပြန်လည် တိုက်စစ်ဆင်လာပါတယ်။ ၅၅ မိနစ်မှာ ကောင်တာတိုက်စစ်ကနေ ထွက်လာတဲ့ ဘောလုံးကို ရူနီ ဝဲလ်ဘတ်ကို ထိုးပေးလိုက်တာကို စပါးဂိုးသမား လိုရစ် ဆွဲတားသလို ဖြစ်ခဲ့တဲ့အတွက် ပယ်နယ်တီ ကန်သွင်းခွင့် ရခဲ့ပါတယ်။ လိုရစ်အနေနဲ့ ဘောလုံးကို မထိခဲ့ပဲ ဝဲလ်ဘတ်ရဲ့ ခြေထောက်ကိုသာ ထိခဲ့တာ ဖြစ်တဲ့အတွက် အဲဒီ အဖြစ်အပျက်ကို အကောင်းဆုံး မြင်တွေ့နိုင်တဲ့အနေအထားမှာ ရှိနေတဲ့ မိုက်ဒိန်းက ပယ်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီပယ်နယ်တီကို ဝိန်းရူနီ တည့်တည့်ကန်သွင်းပြီးတော့ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဝိန်းရူနီဟာ ပရီးမီးယားလိဂ် ဂိုးပေါင်း ၁၆၄ ဂိုး သွင်းယူလိုက်နိုင်ပြီ ဖြစ်ပြီး မန်ယူနိုက်တက်အတွက် ၁၄၉ ဂိုး သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ကလပ်အသင်းတစ်သင်းအတွက် သီယာရီ အွန်နရီ(အာဆင်နယ်) တစ်ယောက်သာ ဝိန်းရူနီထက် သွင်းဂိုးများတဲ့ ကစားသမားအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ အွန်နရီဟာ အာဆင်နယ်အတွက် ၁၇၅ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ၆၄ မိနစ်မှာ လင်နွန်အစား အင်ဒရေ တောင်းန်ဆန်း ဝင်ရောက်လာပါတယ်။ ၇၁ မိနစ်မှာလည်း ဆိုလ်ဒါဒို အစား ဒီဖိုးဝင်ရောက်လာပါတယ်။ မန်ယူနိုက်တက်အသင်းကလည်း ဝဲလ်ဘတ်ကို ထုတ်ပြီး ဟာနန်ဒက်ဇ် ဝင်ရောက်လာပါတယ်။ ဟာနန်ဒက်ဇ်ဟာ လူစားဝင် ကစားသမားအဖြစ် အဝေးကွင်းပွဲစဉ်များမှာ ၉ ဂိုး သွင်းယူခဲ့ဖူးတဲံ ကစားသမားဖြစ်တဲ့အတွက် ဂျာမိန်းဒီဖိုးနှင့်အတူ လူစားဝင် ကစားသမားအဖြစ် ပရီးမီးယားလိဂ်ဂိုး အများဆုံး သွင်းယူထားနိုင်တဲ့ ကစားသမား အဖြစ် စံချိန်တစ်ခု ရရှိထားတဲ့သူ ဖြစ်ပါတယ်။ ဒီနေ့ သူ ဘာတွေ လုပ်ပြနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။ ၇၈ မိနစ်မှာ စပါးအသင်းက တန်ပြန် တိုက်စစ်ဆင်လာခဲ့ပြီး ကယ်လီ ဝေါ့လ်ကာ မတင်ပေးလိုက်တဲ့ ဘောလုံးကို တောင်းန်ဆန်း ပိတ်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် နည်းနည်းလေး နောက်ကျနေတဲ့အတွက် နစ်နာခဲ့ရပါတယ်။

မိနစ် ၈၀ မှာ ဒမ်ဘီလီကို ဖီးလ်ဂျုန်း ဖျက်ထုတ်တာ ကြမ်းတဲ့အတွက် ဧရိယာထိပ်မှာ ပြစ်ဒါဏ်ဘော ကန်ခွင့်ပေးပါတယ်။ စပါးအသင်း ပထမဂိုး သွင်းယူနိုင်ခဲ့တဲ့ နေရာမှာပဲ ဖြစ်ပါတယ်။ ဒီဖိုး ကန်သွင်းခဲ့ပေမယ့် လူတံတိုင်းကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ ၈၃ မိနစ်မှာတော့ ယူနိုက်တက်က တောင်ပံ ကစားသမား ၂ ယောက်တစ်ပြိုင်နက် ပြောင်းလဲခဲ့ပါတယ်။ ဗလင်စီယာအစား နာနီ၊ ကာဂါဝါအစား အက်ရှလေယန်း ဝင်ရောက်လာတာ ဖြစ်ပါတယ်။ စပါးအသင်းကလည်း ချာဒီကို ထုတ်ပြီး ဆီဂါ့ဒ်ဆင် ဝင်ရောက်လာပါတယ်။ ၈၇ မိနစ်မှာ မန်ယူနိုက်တက်အနေနဲ့ ဂိုးရဖို့ အတော်လေး နီးစပ်ခဲ့ပါသေးတယ်။ ဟာနန်ဒက်ဇ် ပြန်ချိုးပေးလိုက်တဲ့ ဘောလုံးကို နာနီ အနီးကပ် ဖနောင့်နဲ့ ပိတ်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ၉၀ မိနစ်မှာ ပြစ်ဒါဏ်ဘောကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ဒေါ်ဆင် ပိတ်သွင်းပေမယ့် အီဗရာနဲ့ ထိပြီးတိုင်ဘေးက ကပ်ထွက်သွားခဲ့ပါတယ်။ ၉၂ မိနစ်မှာ ယူနိုက်တက်က ဒေါင့်ကန်ဘော ရခဲ့ပြီး ဂိုးပေါက်ရှေ့မှာ အနီးကပ် ပိတ်သွင်းကြပေမယ့် လိုရစ် ကာကွယ်နိုင်ခဲ့ပါတယ်။ နောက်ထပ် ဘယ်သူမှ ဂိုးမသွင်းယူနိုင်ကြတော့ပဲ ၂ ဂိုးစီ သရေ ရလာဒ်နဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။ ဒီနေ့ပွဲစဉ်ဟာ သွင်းဂိုး အများအပြားနဲ့ ကြည့်ကောင်းခဲ့တဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပြီး နှစ်သင်းစလုံး ကြိုးစားခဲ့ကြတာကို တွေ့ခဲ့ရတဲ့ ပွဲတစ်ပွဲပါ။ ခြေစွမ်းအရလည်း သရေ ရလာဒ်ဟာ နှစ်သင်းစလုံးအတွက် မျှတတဲ့ ရလာဒ်တစ်ခု ဖြစ်ခဲ့ပါတယ်။ မန်ယူအသင်းက ကစားကွက်ပိုင်း အသာစီးရခဲ့ပေမယ့် စပါးအသင်းက အခွင့်အရေးတွေ ပိုမို ရရှိခဲ့တဲ့ ပွဲပါ။ ထုံးစံအတိုင်းပဲ ယူနိုက်တက်ဟာ ဝိန်းရူနီရဲ့ ခြေစွမ်း ပြမှုက ယူနိုက်တက်အတွက် အရေးပါခဲ့ပါတယ်။ အပြန်အလှန် တိုက်စစ်ဆင်မှုတွေ အများအပြားနဲ့ ထိုးဖောက်ခဲ့ကြပြီး အသည်းအသန် ဖျက်ထုတ်ကြရတဲ့အတွက် ဒေါင့်ကန်ဘော တစ်ဖက်  ၇ ကြိမ်စီအထိ ရှိခဲ့ကြတဲ့ ပွဲတစ်ပွဲပါ။ ဒီနေ့ပွဲ သရေ ကျသွားတဲ့အတွက် မန်ချက်စတာယူနိုက်တက်ဟာ ရမှတ် ၂၂ မှတ်နှင့် အဆင့် ၈ မှာ ရပ်တည်နေပြီး စပါးအသင်းကတော့ ၂၁ မှတ်နှင့် အဆင့် ၉ မှာ ရပ်တည်လျက်ရှိပါတယ်။

Written by အောင်စိုးမိုး(နတ်ရွာ)
http://www.football-cafe.com/
ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ ရဲ့ အစောဆုံး စူပါဆန်းဒေး ပွဲစဉ်အဖြစ် စပါးအသင်းနှင့် မန်ချက်စတာယူနိုက်တက် အသင်းတို့ဟာ စပါးအသင်းရဲ့ ဝှိုက်ဟတ်လိန်း ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။ ဒီနှစ် ဘောလုံးရာသီမှာ လာဒ်ညံ့ဖျင်းနေတဲ့ အသင်း ၂ သင်း ယှဉ်ပြိုင်ကြတဲ့ ပွဲစဉ် ဖြစ်တဲ့အတွက် ဒီပွဲကို ကျားနာခဲ ခဲကြမယ့် တစ်ပွဲ ဖြစ်တဲ့အတွက် ပွဲကြမ်းတစ်ပွဲလည်း ဖြစ်လာနိုင်ပါတယ်။