Thursday 31 May 2012

ထပ်မံထွက်ပေါ်လာသောလိုင်ဇာမြို့သိမ်းစီမံချက်



          ပြီးခဲ့တဲ့နှစ်ကူးကာလမှာ လိုင်ဇာမြို့ကိုသိမ်းပိုက်မယ်ဆိုတဲ့ အထူးစစ်ဆင်ရေး အနေဖြင့် ကက(ကြည်း)မှ ရေးဆွဲထားတဲ့ စီမံချက်တစ်ခု အင်တာနက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံလာခဲ့ပါတယ်။ စီမံချက်ထွက်တဲ့ အချိန်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်နေလို့ စီမံချက်က အသက်မ၀င်ခဲ့ပါဘူး။ ဒါပေမယ့်  စီမံချက်ထွက်ပေါ်လာပြီး ယနေ့အထိ ၆ လအတွင်း ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို လေ့လာကြည့်မယ်ဆိုရင်တော့ စစ်တပ်က KIA ကို အမြစ်ပြတ်တိုက်မယ်ဆိုတဲ့ အနေအထားကိုရောက်ရှိလာတယ်လို့ သုံးသပ်ရပါတယ်။



ပထမအချက်က သတ္ထုတွင်းဝန်ကြီးဌာနက ကျောက်စိမ်းမှော်တွေနဲ့ ရွှေမှော်တွေရဲ့ လုပ်ငန်းလုပ်ဆောင်ခွင့် တွေကို မေလအကုန်မှာ ခေတ္တရပ်ဆိုင်းမယ်လို့ အမိန့်တွေ ထွက်ပေါ်လာပါတယ်။ KIA တပ်တွေက မှော်တွေမှာ ကျောက်စိမ်းလုပ်ကွက်တစ်ဧကကို သိန်း ၅၀၊ ရွှေလုပ်ကွက်တစ်ခုကို သိန်း ၂၀၀၊ ဘက်ဟိုးတစ်စီးကို သိန်း ၂၀၊ ဒိုဇာတစ်စီးကို သိန်း ၂၀၊ မြေသယ်ယဉ်တစ်စီးကို ၁၀ သိန်း၊ အလုပ်သမားတစ်ယောက်ကို ၂ သောင်းပေးရမယ်ဆိုပြီး အခွန်ကောက်ခံခဲ့ပါတယ်။ ဒီလိုကောက်လို့ရတဲ့ ငွေအရေအတွက်ကသိန်းပေါင်း သောင်းကျော်ရရှိတယ်လို့ သိရပါတယ်။ ရတဲ့ပိုက်ဆံတွေကို အုတ်တံတိုင်းလိုပဲ စီထားတာလို့ မျက်မြင်တွေ့ရှိတဲ့လူတွေက ပြောကြားခဲ့ပါတယ်။ ကောက်လို့ရတဲ့ ပိုက်ဆံတွေက လိုင်ဇာဌာနချုပ်ကို ပို့ဆောင်ပေးရတာဖြစ်ပါတယ်။ လုပ်ငန်းရှင်များအနေနဲ့ ၂၀၁၂ခုနှစ်အတွက် အခွန်ပေးဆောင်ပြီးဖြစ်သော်လည်း ခုထပ်မံကောက်ခံတာက ၂၀၁၃ အတွက် အခွန်ငွေကို ကြိုတင်ကောက်ခံခြင်းဖြစ်ပါတယ်။ KIA က လုပ်ငန်းရှင်တွေဆီက အခွန်ကောက်ရုံတင်မကပဲ မှော်တွေမှာ လဘက် ရည်ဆိုင်၊ ဈေးဆိုင်နဲ့ ဆေးလိပ်၊ ကွမ်းယာရောင်းတဲ့လူတွေဆီကပါ တောင်းပါတယ်။ အခွန်ဆောင်မှ အလုပ်လုပ်ခွင့်၊ ဈေးရောင်းခွင့်ရှိပါတယ်။ ဖားကန့်ဒေသကို အစိုးရက အလုပ်လုပ်ခွင့် ပိတ်သိမ်းလိုက်ရင် ဖားကန့်မှာ လူရှိမှာ မဟုတ်တော့တဲ့အပြင် KIA ရဲ့ အဓိက ၀င်ငွေလည်း လျော့နည်းသွားမှာဖြစ်ပါတယ်။
ဒုတိယအချက်က စိုက်ပျိုးရေးရာသီရောက်လာပေမယ့် ကချင်ပြည်နယ်မှာ စိုက်ပျိုးရေး လုပ်ငန်းတွေ မစတင်နိုင်သေးပါဘူး။ကျေးရွာတွေအပြင်မှာမိုင်းတွေထောင်ထားပြီးရွာသားတွေကိုKIAကရွာအပြင်မထွက်ခိုင်းပါဘူး။ ရွာအပြင်ထွက်လို့ မိုင်းနင်းပြီးသေတဲ့ရွာသားတွေလည်းရှိတော့ဘယ်သူမှမထွက်ရဲပါဘူး။ ဒါကြောင့် ဒီနှစ်မှာကချင် ပြည်နယ်မှာစားနပ်ရိက္ခာပြတ်လပ်မှာပါ။ ဒါကိုအစိုးရတပ်တွေက အခွင့်ကောင်းယူပြီး ထိုးစစ်ဆင်လာနိုင်ပါတယ်။ ဗကပတွေကို တိုက်တုန်းကလည်း မိုးတွင်းကာလမှာ တိုက်ခဲ့တဲ့သာဓကတွေလည်းရှိပါတယ်။ ဒါ့အပြင် KIAက ကချင်ပြည်နယ်အတွင်း မှာ တံတားတွေချိုး၊ လမ်းတွေကိုဖျက်၊ မီးရထားတွေကိုမိုင်းဖောက်ခွဲ၊ မြစ်ကြီးနားမြို့ပေါ်မှာ မိုင်းတွေခွဲ၊ လျှပ်စစ်တာဝါတိုင်တွေကိုဖောက်ခွဲစတဲ့ စစ်ရေး ပစ်မှတ်မဟုတ်တဲ့ အရပ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့လို့ကချင်လူထုက ထောက်ခံမှုကျဆင်းနေချိန်လည်းဖြစ်ပါတယ်။ ကချင်ပြည်နယ်အတွင်းမှာသာမက ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း ကုန်ကားတွေကို မိုင်းထောင်ဖောက်ခွဲတာကို လုပ်ဆောင်လာကြပါတယ်။ KIA အနေနဲ့ ဒီလိုအရပ်ဘက် ပစ်မှတ်တွေကို ရွေးတိုက်နေတာက သူရဲကောင်းစိတ်ဓာတ်မရှိလို့လား၊ ယောင်္ကျား မဆန်တာပဲလား၊ သေမှာကြောက်တာလား၊ အင်အားမရှိလို့လား စသည်ဖြင့် အတွေးပေါင်းများစွာနဲ့ ဝေခွဲမရ ဖြစ်နေပါတယ်။ ဒီလို အဖျက်လုပ်ငန်းတွေကို လုပ်ကိုင်လို့ ကချင်ပြည်သူလူထုကလည်း လက်မခံနိုင်တော့တဲ့ အခြေအနေကို ရောက်နေတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် စစ်တပ်အနေနဲ့ ပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံးပြီး KIA ကိုတိုက်ခိုက်မယ်လို့လည်း သိရှိရပါတယ်။
          နောက်တတိယအချက်ကတော့ လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ငယ်ရွယ်ထက်မြက်ပြီး စစ်ရေးအတွေ့အကြုံများတဲ့လူဖြစ်တယ်လို့ ကြားသိရပါတယ်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် က ယခင်ကတည်းက တပ်မတော်မှာပြတ်ပြတ်သားသားနဲ့လုပ်ခဲ့တဲ့လူလို့နာမည်ကြီးပါတယ်။ ကိုးကန့်ကိုလည်း အချိန်တိုအတွင်းမှာ တိုက်ခိုက်နိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒီလိုတိုက်ရည်ခိုက်ရည်တွေရှိပြီး စည်းကမ်း ကောင်းလို့ ယခင်တပ်မတော်အကြီးအကဲတွေက နှစ်သက်ပြီး  စီနီယာတွေကိုကျော်ပြီး တပ်မတော်မှာ နေရာ ပေးခြင်း ခံလာခဲ့ရတဲ့လူပါ။ ကိုယ်တိုင်စည်းကမ်းကောင်းမွန်ပြီး  လက်ရှိတပ်မတော်ကို စည်းကမ်းတကျ ဖြစ်အောင် ဆောင်ရွက်တဲ့နေရာမှာ တိုင်းမှူးအဆင့်ကိုတောင် ရာထူးကဖြုတ်ပစ်တဲ့အထိပြတ်ပြတ်သားသား စည်းကမ်းကို ကိုင်တွယ်တယ်ဆိုတာ တစ်နိုင်ငံလုံးအသိဖြစ်ပါတယ်။ တပ်မတော်နေ့ မိန့်ခွန်းပြောတဲ့ပုံကို ကြည့်လိုက်ရတော့ ပြတ်သားပြီး အားမန်အပြည့်နဲ့ လုပ်ဆောင်မယ့်ပုံပေါက်ပါတယ်။
          နောက်ဆုံးအချက်အနေနဲ့ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအပြောင်းအလဲဖြစ်ပါတယ်။ ဒီမိုကရေစီလမ်းစဉ်ကိုလျင်မြန် စွာပြောင်းလဲခဲ့လို့ အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနဲ့ ပိုမိုကျွမ်းဝင်လာပါတယ်။ စီးပွားရေး ပိတ်ဆို့မှုတွေကို ဖြေလျော့ပေးပြီး အမေရိကန်ကုမ္ပဏီတွေက မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံ့မှုတွေ ပြုလုပ်မယ်လို့ ကမ်းလှမ်း ထားတာတွေလည်းရှိပါတယ်။ သံတမန်ဆက်ဆံရေးကိုလည်း တိုးမြှင့်တဲ့ အနေနဲ့ ယခင်က သံရုံးတာဝန်ခံအစား သံအမတ်ကြီး အဖြစ်ခန့်အပ်ခဲ့ပါတယ်။ နိုင်ငံရေးအရ အကူအညီပေးနေတဲ့ အမေရိကန်အနေနဲ့ KIA ကို တရုတ်က ထောက်ပံ့ပေးနေတာကို လိုလားမှာ မဟုတ်ပါဘူး။တရုတ်နိုင်ငံအနေနဲ့ မြစ်ဆုံ ကိစ္စကြောင့် KIA နဲ့ တင်းမာမှု တွေရှိခဲ့ပေမယ့် ယခုအချိန်မှာ မြန်မာနိုင်ငံက အနောက်အုပ်စုနဲ့အဆင်ပြေလို့ KIA ကိုကူညီထောက်ပံ့မှုတွေ ပြန်လုပ်ပေးနေပါတယ်။ ဒါ့အပြင် တိုက်ပွဲမှာ ဒဏ်ရာရတဲ့ KIA တပ်ဖွဲ့ဝင် (၃၀)ကိုလည်း တရုတ်နိုင်ငံမှာ ဆေးကုသခွင့် ပေးထားပါတယ်။ CPI ကုမ္ပဏီကလည်း မြစ်ဆုံကိစ္စကိုပြန်ပြီးအကောင်အထည်ဖော်ဖို့အတွက် KIA ကိုချဉ်းကပ်နေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တပ်ကဒုဗိုလ်ချုပ်ကြီးအောင်သန်းထွဋ်နဲ့ လားရှိုးစစ်တိုင်းမှူးအပါအ၀င် စစ်တပ်က အရာရှိကြီးတွေနဲ့  တရုတ်ပြည်ကို သွားပြီး တရုတ်အစိုးရအနေနဲ့  KIA ကိုတိုက်ခိုက်ချိန်မှာ နယ်စပ် ဒေသမှာ အကူအညီမပေးဖို့ သွားရောက်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
          လက်ရှိမြန်မာနိုင်ငံရေး အခြေအနေကို ပြန်လည်သုံးသပ်ကြည့်ပါက ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းပြီး လျင်မြန်စွာ ပြောင်းလဲနေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီဖော်လမ်းကြောင်းပေါ် ပီပြင်စွာ လျှောက်လှမ်းနိုင်ရေးအတွက် အနောက်နိုင်ငံကြီးတွေက တွန်းအားပေးနေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီလမ်းစဉ်အရ ပြည်သူ့လူထုရဲ့ ဆန္ဒကို ဦးစားပေးဆောင်ရွက်နေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ပေးဖို့ တာဝန်ရှိတဲ့ ကာကွယ်ရေးဦးစီးချုပ်က လက်ပိုက် ကြည့်နေတော့မှာ မဟုတ်ပါဘူး။ အရာရာကို ပြတ်ပြတ်သားသားလုပ်တတ်တဲ့ ကာကွယ်ရေးဦးစီးချုပ်ကတော့ သူ့တာဝန်ယူတဲ့အချိန်မှာ ပြည်သူတွေကို ကာကွယ်ပေးတဲ့အနေနဲ့ ရာသီဥတု အငိုက်ကိုယူပြီး ယခုမိုးရာသီမှာ KIA လိုင်ဇာဌာနချုပ်ကို အပြုတ်တိုက်သွားမယ် လို့ တရုတ်နယ်စပ်မှာနေတဲ့ မြန်မာ့စစ်ရေးသုံးသပ်သူ ဦးအောင်ကျော်ဇော က ပြောကြားခဲ့ပါတယ်။