Tuesday 19 February 2013

စီးပွားရေး ကုန်ထုတ်လုပ်ငန်းများ တစ်နေရာတည်း စုပြုံနေခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်သဖြင့် အချက်အခြာကျသည့် မြို့များတွင် စီးပွားရေး စင်တာများ၊ စက်မှုဇုန်များ တည်ထောင်သွားရန် စီစဉ်နေ


စီးပွားရေး ကုန်ထုတ်လုပ်ငန်းများ နေရာဒေသတစ်နေရာတည်းတွင် စုပြုံနေခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်စေသော ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည့်အတွက် နိုင်ငံအတွင်းရှိ အချက်အခြာကျသည့် မြို့များတွင် စီးပွားရေးတိုးတက်မှု ဌာနများ၊ စက်မှုလုပ်ငန်းများ လုပ်ဆောင်နိုင်မည့် နေရာများကို သတ်မှတ်လုပ်ဆောင်သွားရန် စီစဉ်နေကြောင်း စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများအတွက် အခြေခံမူဘောင်တွင် ဖော်ပြချက်အရ သိရသည်။

၂ဝ၁၂ ခုနှစ် မေလတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေး ဒုတိယအဆင့် အစီအစဉ်ဖြင့် မြန်မာနိုင်ငံတွင် လူမှုရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ကြေညာခဲ့ပြီးနောက် သမ္မတ၏ လမ်းညွှန်ချက်ဖြင့် ဝန်ကြီးဌာနနှင့် အစိုးရဌာန အသီးသီးမှ အဆင့်မြင့် အရာရှိကြီးများနှင့် တိုင်ပင်အကြံဥာဏ် ရယူ၍ လာမည့်သုံးနှစ်ကာလအတွင်း အစိုးရဆောင်ရွက်မည့် ဦးစားပေးမူဝါဒများကို ဖော်ပြထားသည့် စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများအတွက် အခြေခံမူဘောင်ကို ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်နှင့် မန္တလေးမြို့များသည် စက်မှုလုပ်ငန်းများ၊ ကုန်သွယ်မှုလုပ်ငန်းများအတွက် အချက်အခြာကျသည့် နေရာများဖြစ်ပြီး စီးပွားရေး ကုန်ထုတ်လုပ်ငန်းများ တစ်နေရာတည်းတွင် စုပြုံနေခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်စေသော ဆိုးကျိုးများ ဖြစ်ပေါ်နိုင်ခြင်းကြောင့် နိုင်ငံအဝှမ်း စက်မှုလုပ်ငန်းဌာနများ ထူထောင်သွားရန် လိုအပ်ကြောင်း သိရှိရသည်။
စစ်တွေ၊ ကျောက်ဖြူ၊ မော်လမြိုင်၊ ထားဝယ်၊ နေပြည်တော်၊ တောင်ငူ၊ ပြည်၊ မကွေး၊ မြင်းခြံ၊ မိတ္တီလာ၊ တောင်ကြီး၊ လားရှိုး၊ မူဆယ် စသည့်ဒေသများတွင် စက်မှုကုန်ထုတ် လုပ်ငန်းများအတွက် စီးပွားရေး တိုးတက်မှု စင်တာများ ထူထောင်သွားရန် စီစဉ်သွားနိုင်ကြောင်း စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများအတွက် အခြေခံမူဘောင်တွင် ဖော်ပြချက်အရ သိရသည်။
အစိုးရအနေဖြင့် ဒေသတွင်း စီးပွားရေးနှင့် ဆက်သွယ်မှုစနစ် တိုးမြှင့်နိုင်ရန် သယ်ယူပို့ဆောင်ရေးနှင့် အခြားအခြေခံ အဆောက်အဦများကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်တွင်းစီးပွားရေး ဆက်သွယ်မှုအတွက် အရေးပါ ချိတ်ဆက်ထားသော ရန်ကုန်-မန္တလေး-မြစ်ကြီးနားလမ်း၊ ပဲခူး-မော်လမြိုင်လမ်းနှင့် မီးရထားလမ်းများကိုလည်း ယခင်ကထက် ပိုမိုချောမွေ့စေရန် ပြင်ဆင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
EMG

No comments:

Post a Comment