Thursday 22 January 2015

အငြိမ်းစားမယူမီ အပစ်ရပ်အောင်မြင်လိုကြောင်း ကာချုပ်ပြော

စစ်မှုထမ်းတစ်ဦးအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေအရ အသက် (၆၀)ပြည့်ပါက အငြိမ်းစားယူရမည်ဖြစ်ပြီး အငြိမ်းစားမယူမီအချိန်အတွင်း တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးကိုအောင်မြင်စေလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားသည်။
စင်ကာပူအခြေစိုက် ChannelNews Asia နှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် အငြိမ်းစားယူ၊ မယူဆိုသည့် မေးခွန်းနှင့်ပတ် သက်၍ ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ ကာကွယ်ရေးဦးစီးချုပ်မှာ ယခုနှစ် အတွင်း အသက် (၆၀)ပြည့်မည် ဖြစ်ပြီး အနားယူပြီးနောက် နိုင်ငံ ရေးဘက်သို့ ခြေလှမ်းကူး၊ မကူး မှာအများစုက စိတ်ဝင်စားစွာစောင့်ကြည့်နေသည်။


‘‘မှန်ကန်တဲ့နိုင်ငံရေးလမ်း ကြောင်းပေါ်ကို တစ်စတစ်စနဲ့ ရောက်လာပြီ။ တပ်ချုပ်ဟာ အသက် (၆၀)ပြည့်ရင် ရာထူးမှာ ပေကပ်မနေဘူး။ အငြိမ်းစားယူ မယ်လို့ ပြတ်ပြတ်သားသားဖွင့် ပြောသွားတယ်။ နိုင်ငံရေးလော ကထဲဆက်ဝင်တာ၊ မဝင်တာက တော့ သူ့ကိစ္စပဲ’’ဟု တပ်မတော် အရာရှိဟောင်းတစ်ဦးက ကာ ကွယ်ရေးဦးစီးချုပ်၏ပြောကြား ချက်အပေါ်သုံးသပ်သည်။
အသက် (၆၀)ပြည့်ပါက အငြိမ်းစားယူရမည့်ဝန်ထမ်း ဥပဒေအတိုင်းသာ လိုက်နာရမည် ဖြစ်ကြောင်း တပ်ချုပ်၏ပြောကြား ချက်အရ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မှာ ယခုလာမည့်ရွေးကောက်ပွဲ မတိုင်မီတွင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရာထူးမှ အငြိမ်းစားယူနိုင်ဖွယ်ရှိကြောင်း သုံးသပ်ချက်များပေါ်ထွက်လာသည်။
‘‘ကျွန်တော် အသက် (၆၀) မပြည့်ခင် ဒီကိစ္စတွေပြီးမယ်၊ မပြီးဘူးဆိုတာတော့ အခြေအနေ အများကြီးအပေါ် မူတည်နေ တယ်။ ကျွန်တော်ပင်စင်မယူခင် Cease Fire လက်မှတ်မထိုးရ သေးလို့ ကျွန်တော်ပင်စင်မယူ ဘူးလို့သွားလုပ်လို့မရဘူး။ ဥပဒေ အတိုင်းပဲသွားရမယ်။ ဥပဒေက ခွင့်ပြုတဲ့အတိုင်းပဲသွားရမယ်။ ကျွန်တော် အသက် (၆၀)မပြည့် ခင်ဖြစ်ရင်လည်း ဖြစ်သွားမှာပေါ့။ အသက် (၆၀) ပြည့်သွားလို့မဖြစ် ရင်လည်း တာဝန်ရှိတဲ့သူဆက် လုပ်လိမ့်မယ်။ ကျွန်တော်လည်း လုပ်နိုင်တဲ့ကဏ္ဍကနေ ဝိုင်းကူ ပေးမှာပေါ့။ ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော်ရှိတဲ့အချိန်မှာ ဖြစ်ချင်တာပေါ့’’ဟု ဗိုလ်ချုပ်မှူး ကြီးက CNA သတင်းဌာနအား ပြောကြားသည်။
လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အထွေထွေရွေး ကောက်ပွဲပြီးနောက် သမ္မတ လောင်းရွေးချယ်မှုမှာ မဲဆန္ဒရှင် ပြည်သူများ ရွေးကောက်တင် မြှောက်လိုက်သည့် လွှတ်တော် ကိုယ်စားလှယ်များက ပြန်လည် ရွေးချယ်ရခြင်းဖြစ်ပြီး လွှတ်တော်တွင်း တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက ဒုသမ္မတတစ်ဦးကို တင်မြှောက်ခွင့်ရှိ၍ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ နိုင်ငံရေးဘက်သို့ ကူး၊ မကူး စိတ်ဝင်စားဖွယ်ရာဖြစ်နေသည်။
‘‘အခုကတော့ မယူလို့မရ ဘူး။ သူဝိုင်းကူမယ်ဆိုတာ ငြိမ်း ချမ်းရေးကို ကြားကစေ့စပ်ဝိုင်းကူညီပေးနေတဲ့ အရပ်သားစစ်သားဟောင်း ထောက်လှမ်းရေးဟောင်းတွေလက်ရှိမှာအများကြီးရှိတယ်။ ဒါကိုဆိုလိုတာဖြစ်ပါလိမ့်မယ်။ အကြံပေးတော့လုပ်လို့ရတယ်’’ ဟု တပ်မတော်ထောက်လှမ်းရေးအရာရှိတစ်ဦးက ပြောကြားသည်။
၂၀၁၅ အထွေထွေရွေး ကောက်ပွဲအပြီး သမ္မတဖြစ်နိုင် ခြေရှိသူများအဖြစ် လက်ရှိသမ္မတ ဦးသိန်းစိန်၊ သမ္မတလုပ်လို ကြောင်းပြောကြားထားသည့် ပြည်ထောင်စုလွှတ်တော်နာယကသူရဦးရွှေမန်းနှင့် ရွေးကောက်ပွဲ မတိုင်မီ အသက် (၆၀) ပြည့်မည့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ သမ္မတဖြစ်နိုင်ကြောင်း ထင်ကြေးပေးပြောကြားမှုများရှိနေသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်မှာမူ ပုဒ်မ ၅၉(စ)ကန့်သတ်ချက်ကြောင့် သမ္မတဖြစ်ရန်အခွင့်အလမ်းနည်းပါးသွားပြီဖြစ်သည်။
သို့သော်တပ်မတော်အရန်အင်အားဥပဒေအရ အနည်းဆုံးတစ်နှစ်တာဝန်ဆက်လက်ထမ်းဆောင်နိုင်ကြောင်း သတင်းရရှိသည်။
လက်ရှိ ကာကွယ်ရေးဝန် ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီးများ ဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့မှာ အသက်(၆၀)ကျော်သွားပြီဖြစ်သော်လည်း အရန်အင်အား ဥပဒေအရ အခုချိန်ထိ အငြိမ်းစား မယူသေးဘဲ ဆက်လက်တာဝန်ထမ်းဆောင်လျက်ရှိသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် Channel News Asia နှင့် တွေ့ဆုံစဉ်
7Day Daily

No comments:

Post a Comment