Monday 22 June 2015

မြန်မာ-အိန္ဒိယ နယ်စပ်တွင် လက်နက်ကိုင်တပ်ဖွဲ့များ ခိုအောင်းမှု မရှိစေရန် နှစ်ဖက်တပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်မည်

မြန်မာ-အိန္ဒိယ နယ်စပ်တွင် လက်နက်ကိုင်တပ်ဖွဲ့များ ခိုအောင်းမှု မရှိစေရေးအတွက် နှစ်ဖက်တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ဇွန်လ ပထမပတ်အတွင်း နှစ်နိုင်ငံ နယ်စပ်ဒေသအနီး အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်တွင် အိန္ဒိယ တပ်မတော်နှင့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN တပ်ဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး ယင်းသို့ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း မြဝတီ သတင်းဌာနတွင် ဖော်ပြထားသည်။
ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး မြန်မာ-အိန္ဒိယ တပ်မတော်နှစ်ရပ် တွေ့ဆုံညှိနှိုင်းမှုများအရ NSCN (IM) တပ်ဖွဲ့များ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခိုအောင်းမှု မရှိစေရန်အတွက် နှစ်နိုင်ငံ နယ်နိမိတ်တစ်လျှောက် ပုံမှန်နယ်မြေရှင်းလင်းလျက် ရှိသည့် တပ်များအပြင် ထပ်မံ တပ်အင်အား ဖြည့်တင်းပြီး နယ်မြေရှင်းလင်း ဆောင်ရွက်လျက်ရှိသော အိန္ဒိယတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း တပ်ချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြင်ဦးလွင်တွင် ဇနီးနှင့် သားကိုသာမက ကိုယ်တိုင်ပါ ဓာတ်ဆီလောင်း မီးရှို့

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရပ်ကွက် (၈) ယုဇနလမ်းရှိ နေအိမ်တစ်လုံးတွင် ဇွန်လ ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်က အသက် ၄၂ နှစ်အရွယ် အမျိုးသားမှာ ၎င်းကိုယ်တိုင်နှင့် လေးနှစ်အရွယ် သားဖြစ်သူနှင့် ဇနီးသည်ကိုပါ ဓာတ်ဆီလောင်း မီးရှို့ခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ဟိုတယ်တည်ဆောက်ရေး ငြမ်းပြိုကျမှု ဉာဏ်မိသားစု ဆောက်လုပ်ရေး တာဝန်ရှိသူကို ပုဒ်မသုံးခုဖြင့် အမှုဖွင့်

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မင်္ဂလာ မန္တလေး စီမံကိန်း ဟိုတယ်တည်ဆောက်ရေး လုပ်ငန်းခွင် ငြမ်းပြိုကျမှုကြောင့် တာဝန်ရှိသည်ဟုဆိုသော ဉာဏ်မိသားစု ဆောက်လုပ်ရေးတာဝန်ရှိသူ တစ်ဦးကို ပြစ်မှုပုဒ်မ ၃၃၇၊ ၃၃၈၊ ၃၀၄ ကဖြင့် အမှုဖွင့်၍ ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့၊ ဒုတိယရဲတပ်ဖွဲ့မှူး ခင်ဇော်က ပြောကြားသည်။