Friday 4 May 2012

လွယ်ဂျယ်ကိုတိုက်ရန် KIA ဗဟိုက အမိန့်ပေးလိုက်ပြီ


လိုင်ဇာ  မေ ၎
 ကချင်(KIA) တပ်ဖွဲ့တွေအနေနဲ့ လတ်တလောကျဆင်းနေတဲ့ စစ်ရေးသိက္ခာ ပြန်လည်အဖတ်ဆယ်ဖို့အတွက် တိုက်ကွက်ဖော်ဖို့ ပြင်ဆင်နေတယ်လို့ လိုင်ဇာမှလာတဲ့ သတင်းတွေအရသိရှိရပါတယ်။ KIA အနေနဲ့ ပန်ဝါဘက်မှာရှိနေ တဲ့ နယ်ခြားစောင့်တပ်တွေကို သွားရောက်တိုက်ကွက်ဖော်ခဲ့ရာမှာ ထင်သလောက်အောင်မြင်မှုမရှိဘဲ အကျအဆုံးများပြား စွာနဲ့ ဆုတ်ခွာထွက်ပြေးခဲ့ရတဲ့အတွက် အခုခါမှာတော့ လွယ်ဂျယ်ကို ၀င်တိုက်ဖို့ ပြင်ဆင်နေပါတယ်။KIAတပ်မဟာ(၂)နဲ့ လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ရင်း(၁၄) ရင်း(၂၀)က တိုက်ခိုက်ရေးကျွမ်းကျင်တဲ့ သူတွေကိုလိုင်ဇာဌာနချုပ်မှာ အင်အား ဖြည့်တင်းထားရှိပါတယ်။
        KIA တွေအနေနဲ့ ဒီတစ်ခါ လွယ်ဂျယ်ကို တိုက်ရင်တော့ အနိုင်ရအောင်တိုက်မယ်လို့ ကြုံးဝါးထားပါတယ်။ ဒါကြောင့်မို့ အဖက်ဖက်ကပြင်ဆင်တဲ့အနေနဲ့ စစ်ရေးမှာ လိုအပ်ရင် အသုံးပြုဖို့ အရပ်သားတွေကိုလဲ ဖမ်းထားသလို ရိက္ခာ နဲ့ ဆက်ကြေးတွေလဲ အတင်းအကြပ်ကောက်ခံနေပါတယ်။ ၀ိုင်းမော်မြို့နယ် ရှငေါ်ကျေးရွာနားမှာ ရွှေကျင်း လုပ်ကိုင်နေတဲ့ လုပ်သား(၃၀)နဲ့ မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာအရှေ့တောင် နန့်ပန်းအောင်ချောင်းဖျားမှာ အလုပ်လုပ်နေတဲ့ရွှေမှော် လုပ်သား(၄၃)တို့ကို KIA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဒီလိုမျိုးအတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ သူတွေအားလုံးကို တိုက်ပွဲဖြစ်တဲ့နေရာတွေ ခေါ်သွားပြီး အထမ်းသမားများအဖြစ် အသုံးပြုဖို့စီစဉ်နေတယ်လို့ လိုင်ဇာမှာရှိနေတဲ့ KIA အရာရှိတစ်ဦးပြောပါတယ်။
 လွယ်ဂျယ်ကို တိုက်တာနဲ့တပြိုင်နက် အနီးပတ်ဝန်းကျင်မှာရှိတဲ့ လမ်း၊ တံတားတွေပါ တစ်ပါတည်း မိုင်းထောင် ဖောက်ခွဲဖျက်ဆီးပစ်ဖို့ စီစဉ်ထားတယ်လို့ KIA ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရှိရပါတယ်။ KIA တပ်တွေအနေနဲ့ ကချင်ပြည်နယ်ရဲ့ နေရာအနှံ့မှာ အဖျက်လုပ်ငန်းတွေလုပ်နေတာဟာဖြင့် အလွန်ကို အကျည်းတန် ရိုင်းစိုင်းတဲ့ လုပ်ရပ်တွေ ဖြစ်နေပါတယ်။ လူသားချင်းစာနာထောက်ထားခြင်းမရှိသလို ကချင်ပြည်နယ်ကြီးအေးအေးချမ်းချမ်းဖြစ်နေမှာကိုလဲ မလိုလားပါဘူး။ ဒါကြောင့် KIA တပ်တွေဟာအဖျက်လုပ်ငန်းတွေကို တိုးမြှင့်လုပ်ဆောင်နေသလို စစ်တပ်နဲ့ရဲစခန်းတွေကို လဲ လူအင်အားနဲ့တိုက်ခိုက်ဖို့ ပြင်ဆင်နေခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။

အရပ်ဘက်ပစ်မှတ်များကို ရွေးချယ်တိုက်ခိုက်နေသော KIA ကို ကချင်ပြည်သူလူထုမှ အမြစ်ဖြတ်ချေမှုန်းပေးရန်တောင်းဆိုတော့မည်



မြစ်ကြီးနား  မေ ၎
KIA ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့ ကချင်ပြည်နယ်အတွင်းမှာ နေထိုင်တဲ့ ပြည်သူတွေရဲ့ ကောင်းကျိုး စီးပွားကို လျစ်လျူရှုပြီး ကားလမ်း၊ ရထားလမ်းတွေမိုင်းထောင် ဖောက်ခွဲဖျက်ဆီးနေပါတယ်။ အခုရက်ပိုင်းအတွင်းမှာ နေ့စဉ် ဆိုသလို ဖျက်ဆီးမှုတွေလုပ်ဆောင်နေရာမှာမေလ ၂ ရက်နေ့ မနက်၂နာရီခွဲမှာ မန္တလေး-မြစ်ကြီးနားရထားလမ်း ပြည်ထောင်ဘူတာနဲ့ မလိခဘူတာအကြားမှာ မိုင်းဖောက်ခွဲခဲ့ပါတယ်။အဲဒီနေ့မနက်မှာပဲဝိုင်းမော် ဆဒုံး-ကန်ပိုက်တီး လမ်းမှာရှိတဲ့ လန်န ခုနစ်ရောင်ခြယ်သံကူကျွန်ကရစ်တံတား၊မြစ်ကြီးနား-တနိုင်းကားလမ်း ၀ရာဇွတ်ရွာအနီး သံပေါင်ဘေလီတံတား၊မြစ်ကြီးနား-ချီဖွေလမ်းမှာရှိတဲ့ ဒွန်ဘန်တံတားတွေ မိုင်းထောင်ဖျက်ဆီးခဲ့ပါတယ်။ ဒီလိုမျိုးမိုင်းထောင်ဖောက်ခွဲလို့ရထားလမ်းတွေ ပျက်စီးသွားပြီး ပြည်သူတွေ လမ်းပန်းဆက်သွယ်ရေးမှာ အလွန်ပဲဒုက္ခရောက်သွားကြပါတယ်။ KIAရဲ့ အဖျက်လုပ်ရပ်တွေ ကြောင့် ပြည်သူတွေအနေနဲ့ ကချင်တပ်ဖွဲ့(KIA) အပေါ်မှာ နာကျည်းမုန်းတီးမှုတွေများလာပြီး စိုးရိမ်ပူပန်လျက်ရှိနေကြပါ တယ်။
KIA ဟာ ကချင်ပြည်သူတွေအတွက် တိုက်ပွဲဝင်နေပါတယ်လို့အသံကောင်းဟစ်ကြွေးနေပေမဲ့ လက်တွေ့မှာတော့ လူထုတွေ ဒုက္ခရောက်အောင်လုပ်နေပါတယ်။ စစ်တပ်နဲ့မသက်ဆိုင်တဲ့ အရပ်သားတွေနေထိုင်သွားလာတဲ့ နေရာတွေရွေးချယ် တိုက်ခိုက်နေပါတယ်။ လူစုလူဝေးရှိနေတဲ့နေရာ၊ ဈေး၊ကျောင်း၊ကားဂိတ်နဲ့ ဘာသာရေးအဆောက်အဦးတွေမှာမိုင်းထောင် ဖောက်ခွဲဖျက်ဆီးမှုတွေ၊ ရထားလမ်း၊ကားလမ်း၊တံတားတွေကို အင်အားအလွန်ပြင်းတဲ့ မိုင်းတွေနဲ့ဖောက်ခွဲနေတာတွေဟာ ကချင်ပြည်နယ်ကို မပျက် ပျက်အောင်ဖျက်ဆီးနေတာပဲဖြစ်ပါတယ်။


အခုဆိုရင် ကချင်ပြည်နယ်မှာနေထိုင်ကြတဲ့ ပြည်သူတွေဟာ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်တွေတုန်းကပုံစံမျိုး အသက်ရှင်ဖို့ထက် သေဖို့မျှော်လင့်ပြီး ထမင်းစားနေကြရသလိုပါပဲ။ ဒီခြားထဲမှာ အဆိုးဆုံးကတော့KIA တပ်ဖွဲ့တွေဟာ ကချင်ပြည်နယ်မှာရှိတဲ့ ရှမ်းလူမျိုးတွေ၊ ဗမာလူမျိုးတွေဆို ပိုပြီး ဖိနှိပ်နေပါတယ်။ ရှမ်းနဲ့ဗမာ အမျိုးသမီးငယ်ငယ်ရွယ်ရွယ် လေးတွေတွေ့ရင် အငမ်းမရ ဖမ်းဆီးပြီး လိုင်ဇာဌာနချုပ်ကနေတစ်ဆင့် တစ်ဖက်နိုင်ငံထဲရောင်းစားနေပါတယ်။ အသက်၁၅နှစ်ကနေ၃၀အတွင်းရှိတဲ့ ယောကျာ်းလေးတွေကိုတော့ KIA စခန်းတွေမှာ ခေါ်ထားပြီး စစ်တိုက်ခိုင်းနေပါတယ်။   KIA ကချင်လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဖားကန့်ဒေသမှာ ကျောက်လုပ်ကွက်တစ်ဧကကို သိန်း(၅၀) ကောက်ခံနေတဲ့အတွက် လုပ် ငန်းရှင်တွေအဖို့ KIA ကို လုပ်ကျွေးနေရသလိုဖြစ်နေကြပါတယ်။ လူသစ်စုဆောင်းတဲ့ အခါမှာလဲ ထင်သလောက်မရရှိတဲ့ အတွက် ကားလမ်း၊ရထားလမ်းတွေပိတ်ပြီးတွေ့တဲ့သူ အကုန်ဖမ်းခေါ်နေတာကြောင့် ခရီးသွားတဲ့အရေအတွက် လျော့နည်း လာနေပါတယ်။ဒါကြောင့်မို့ ကချင်ပြည်နယ်အတွင်းမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲလာတာနဲ့အတူ ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေပါတယ်။ ကချင်အထူးဒေသ(၁)ကိုKIA အဖွဲ့သွားရောက်တိုက်ခိုက်တဲ့ရလဒ်ကလဲ အခုအခါမှာ စစ်ဘေးဒုက္ခ သည်တွေ ပိုမိုတိုးပွားလာပါတယ်။ ဒီတိုက်ပွဲမှာလဲ ထင်သလောက်အောင်မြင်မှုမရတဲ့အတွက် ဒုတိယအကြိမ်ထပ်မံတိုက် ခိုက်ဖို့ပြင်ဆင်နေပါတယ်။
 
လက်ရှိအခြေအနေမှာတော့ KIA ဟာ ကချင်ပြည်နယ်အတွင်းမှာ ပွဲမဆူ ဆူအောင်လုပ်နေသလိုမျိုး ဖြစ်နေ ပါတယ်။ အမှတ်(၁၀၀၂)နယ်ခြားစောင့်တပ်ဌာနချုပ်ကိုလဲတိုက်ခိုက်နေတယ်။ အရပ်သားတွေ၊၀န်ထမ်းတွေ (အပြစ်မဲ့ ပြည်သူတွေ) အပေါ်မှာလဲ လက်နက်အားကိုးနဲ့ ပစ်ခတ်သတ်ဖြတ်နေတယ်။ရထား လမ်းဆိုတာကတော့ KIA တွေရဲ့ မိုင်းပစ်ကွင်းလို့ပြောနိုင်လောက်အောင် နေ့စဉ်လိုလို ဖျက်ဆီးပစ်နေတယ်။ ကချင် ပြည်နယ်မှာတော့ KIAဟာအနိဌာရုံတွေချည်းပဲ အမွေပေးနေပါတယ်။ဒါကြောင့်ကချင်ပြည်နယ်မှာရှိတဲ့ပြည်သူတွေအားလုံး က နိုင်ငံတော်သမ္မတထံ စာရေးတိုင်ကြားဖို့ ပြင်ဆင်နေကြပါတယ်။ နိုင်ငံတော် သမ္မတရဲ့အလျော့ပေးမှုအပေါ်မှာ KIA ရဲ့ တဖက်သတ်လုပ်ရပ်တွေကြောင့် (ဖြစ်နိုင်မယ်ဆိုရင်) အစိုးရတပ်တွေအနေနဲ့ KIA ကိုအမြတ်ပြတ်ချေမှုန်းပေးဖို့ တောင်းဆို တော့မယ်လို့ သိရှိရပါတယ်။