Tuesday 8 September 2015

ဧရာဝတီမြစ်ရေ ပြန်လည်မြင့်တက်လာသောကြောင့် မကွေးတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ကျေးရွာများမှ နွားများကို ရွှေ့ပြောင်းနေရပြီး စပါးခင်းများသို့ ရေစတင်ဝင်ရောက်

စက်တင်ဘာ ၅ ရက်နေ့ ညပိုင်းမှစ၍ ၇ ရက်နေ့ နံနက်အထိ ဧရာဝတီမြစ်ရေ နှစ်ပေခန့် ပြန်လည်မြင့်တက် လာသောကြောင့် မကွေးတိုင်း ရေနံချောင်း၊ ပွင့်ဖြူမြို့နယ်များအတွင်း ပထမတစ်ကြိမ် ရေဘေးသင့်ခဲ့သော ကျေးရွာများမှ နွားများကို ကုန်းမြင့်ပိုင်းကျေး ရွာများသို့ ပြောင်းရွှေ့နေရပြီး မကြာမီကစိုက်ပျိုးထားသော စပါးခင်းများအတွင်း ရေစတင်ဝင်ရောက်နေကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါမြို့နယ်များအတွင်း ဧရာဝတီမြစ်နှင့် မုန်းချောင်းကမ်းစပ်များအနီးရှိ ၀က်လွတ်၊ ရှားတော၊ လက်ပံခုံ၊  ဆူးလေကုန်း၊ ညောင်ကုန်း၊ ဆည်မုန်း၊ ခုံစု၊ ရွာသာညွန့်၊ သနပ်ပင်စု၊ ကျောင်းကုန်း၊ ပေါင်းကူ၊ ငွေသောင် စသည့်ကျေးရွာများမှ နွားများကို ပြောင်းရွှေ့နေရကြောင်း၊ ပထမအကြိမ် ရေဘေးသင့်ခဲ့သော  ယင်းကျေးရွာများမှ စိုက်ခင်းများအတွင်း စက်တင်ဘာ ၇ ရက်က ရေစတင် ၀င်ရောက်လာကြောင်း  ချင်းတွင်းမြစ်အထက်ပိုင်းတွင် ရေကြီးမှုကြောင့် အဆိုပါကျေးရွာများတွင် ရေထပ်မံမြင့်တက် လာခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ရွာတွေမှာ ပထမတစ်ကြိမ် ရေဘေးကြုံတာက အကင်းသေမလို့ပဲ ရှိသေးတယ်။ အခုနောက်ထပ် ရေတက်လာနေပါပြီ။ မနေ့ည (စက်တင်ဘာ ၆ ရက်) က အုပ်ချုပ်ရေးမှူးက အနိမ့်ပိုင်းနဲ့ မြစ်နံဘေး၊ ချောင်းနံဘေးကအိမ်တွေ ရေဘေးအတွက် စိုးရိမ်ရလို့ သတိထားဖို့ အသံချဲ့စက်နဲ့ ကြေ ညာထားပါတယ်။ အခု နွားတွေကို စပြီးရွှေ့နေကြပြီး နောက်နှစ်ရက်လောက်ဆို နေအိမ် တွေထဲ ရေ၀င်လာတော့မှာပါ။ ဆည်မုန်းအုပ် စုထဲမှာတင် လယ်ဧက ၂၀၀၀ လောက်ရှိပြီး အဲဒီထဲက တစ်ဝက်လောက်က အခုရက်ပိုင်း လေးမှာတင် စပါးတွေ စိုက်ပြီးထားတာပါ။ အခု အဲဒီစပါးခင်းတွေထဲမှာ ရေ၀င်နေပါပြီ။ ဟုမ္မလင်းမြို့မှာ မြစ်ရေက ခြောက်ပေလောက် မြင့်တက်ထားတော့ ကျွန်တော်တို့ရွာတွေမှာ ရေကြီးမှုဖြစ်မှာ သေချာပါတယ်။ အရင်တစ်ကြိမ် ရေဘေးတုန်းကတိုင်း အများပြည်သူလှူဒါန်းတာကိုပဲ ထိုင်စားနေရတဲ့ လက်လုပ်လက်စားတွေက အခု ရေတစ်ကြိမ်ကြီးလာရင် စားသောက်ရေး အခက်အခဲတွေ ကြုံကြရဦးမှာပါ” ဟု ခုံစုကျေးရွာမှ တောင်သူ ကိုဇော်မင်းလတ်က ပြောကြားသည်။

ခုံစုကျေးရွာမှ တောင်သူကိုဇော်ဇော်က “အရင်တစ်ကြိမ် ရေကြီးတုန်းကလည်း ရေကတစ်ရှိန်ထိုး တက်လာတော့ ပစ္စည်းတွေကို ကြိုတင်ရွှေ့ပြောင်းချိန်မရဘဲ စက်တွေ ရေနစ်တာတွေ၊ နွားတွေမျောပါတာတွေ ရှိခဲ့တယ်။ အခုရေက ပြန်တက်လာနေတော့ နွားတွေကို ရွှေ့နေရပါပြီ။ အရင်တစ်ကြိမ် တုန်းကလည်း နွားတွေရွှေ့ပြောင်းဖို့ ဘာကူညီမှုမှ မရခဲ့ပါဘူး။ နွားတစ်ကောင်ကို ဖောင်နဲ့ရွှေ့ရင် ကျပ် ၅၀၀၀ ပေးရပြီး မတတ်နိုင်သူတွေက လူတစ်ရပ်လောက်မြုပ်တဲ့ ရေပြင်တွေထဲက ဖြတ်ပြီးသယ်ခဲ့ကြရပါတယ်။ အဲလိုသယ်ရင်းနဲ့ မျောပါခဲ့တဲ့နွားတွေကို ရေပြန်ကျမှ ရှာတွေ့ပြီး ပြန်ရွေးယူရတာတွေလည်း ရှိပါတယ်။ ရွှေ့ထားတဲ့နွားတွေကို သူများရွာမှာ သွားထားတာဆိုတော့ နွားတစ်ရှဉ်းကို တစ်နေ့စာအတွက် နွားစာဖိုး ကျပ် ၁၂၀၀  လောက် ကုန်ကျပါတယ်” ဟု ပြောကြားသည်။

အဆိုပါကျေးရွာများတွင် ဇူလိုင်လကုန်ပိုင်းနှင့် သြဂုတ်လဆန်းပိုင်းက ဧရာဝတီမြစ်ရေနှင့် မုန်းချောင်းရေကြီးမှုကြောင့် ရေဘေးဒဏ်ကို ၁၀ ရက်ကျော်ကြာ ကြုံတွေ့ခဲ့ရကြောင်း၊ ထိုရေဘေးကြောင့် ရိတ်သိမ်းလက်စ နှမ်းစိုက်ခင်းများနှင့် စိုက်ပျိုးပြီးစ စပါးခင်း ဧကထောင်နှင့်ချီ ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ရေပြန်ကျစမှ ယနေ့အထိ ကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါ ခံစားနေရကြောင်း၊ ရေကျပြီးချိန်မှစ၍  မုန်းချောင်းကမ်းပါးပြိုမှုကြောင့် ယင်းကျေးရွာများမှ လူနေအိမ် ရာနှင့်ချီ ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။                                

Writer: အောင်သူငြိမ်း
Eleven Media Group 

No comments:

Post a Comment