Friday 20 March 2015

အဝေးဂိုး စည်းမျဉ်းကို ပြင်ဆင်သင့်ပြီဟု ဝင်းဂါးတိုက်တွန်း

အဝေးဂိုး စည်းမျဉ်းသည် ခေတ်နောက်ကျနေပြီဖြစ်ပြီး ခေတ်သစ် ဘောလုံးလောကနှင့် ကိုက်ညီ ဆီလျော်မှုရှိအောင် အဆိုပါ အခြေအနေကို ပြင်ဆင်သင့်ကြောင်း အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက တိုက်တွန်း တောင်းဆိုလိုက်သည်။

အင်္ဂါနေ့က အာဆင်နယ်သည် ချန်ပီယံလိဂ် (၁၆)သင်း ရှုံးထွက်အဆင့်တွင် မိုနာကိုအား (၂-၀)ဖြင့် အနိုင်ရခဲ့သော်လည်း အဝေးဂိုး စည်းမျဉ်းအရ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ အာဆင်နယ်သည် ပထအကျော့တွင် ပြင်သစ်ကလပ်ကို အိမ်ကွင်း၌ (၃-၁)ဖြင့် ရှုံးထားရာ နှစ်ကျော့ပေါင်း (၃-၃)ဖြင့် သရေကျခဲ့သည့်တိုင် အဝေးကွင်းတွင် ဂိုးပိုသွင်းသည့် မိုနာကိုက ကွာတားဖိုင်နယ် တက်ခွင့် ရသွားခြင်း ဖြစ်သည်။ (၁၉၆၅)ခုနှစ် ကတည်းက ဥရောပ ပွဲစဉ်များတွင် ကျင့်သုံးလာသည့် အဆိုပါ စည်းမျဉ်းကို ပြန်လည် စဉ်းစားရန် အချိန်တန်ပြီဟု ပြင်သစ်သား မန်နေဂျာကြီးက တောင်းဆိုလိုက်သည်။

၎င်းက “အင်္ဂလန် ကလပ်နှစ်ခု (ချယ်လ်ဆီးအပါအဝင်)ဟာ အဝေးဂိုး စည်းမျဉ်းအရ ပြိုင်ပွဲက ထွက်လိုက်ရတယ်။ ဒီအခြေအနေကို မေးခွန်းထုတ်သင့်ပြီလို့ ကျွန်တော် ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ စည်းမျဉ်းဟာ ဒီနေ့အချိန်မှာ ခေတ်နောက်ကျနေပြီ။ ဒါကို ပြောင်းသင့်နေပြီ။ ဒီတောင်းဆိုမှုအတွက် ကျွန်တော် တိုက်ပွဲဝင်နေခဲ့တာလည်း ကြာပြီ။ တကယ်ဆို အဲဒီစည်းမျဉ်းကို (၁၉၆၀)ပြည့်လွန် နှစ်တွေကတည်းက သတ်မှတ်ခဲ့တာ။ အဝေးကွင်းမှာ တိုက်စစ်ပိုပြီး ဖွင့်ကစားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်း ဘောလုံးလောကရဲ့ သဘောသဘာဝက အပြောင်းအလဲတွေ ဖြစ်လာပြီ။ ဒီနေ့ခေတ်မှာ အဝေးဂိုးရဲ့ ဖိအားက အရမ်းကို ကြီးမား လေးလံလာပါပြီ”ဟု ပြောကြားသွားသည်။

Ref: Sky Sports
Soccer Myanmar 

No comments:

Post a Comment