Tuesday 13 January 2015

ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ငါးဘီလီယံကျော်နိုင်

နိုင်ငံတကာနှင့် ရင်းနှီးပွင့်လင်းစွာ ဆက်ဆံလာမှု၊ အပြန်အလှန်ကုန်သွယ်မှုများ ဆောင်ရွက်လာနိုင်မှု ကြောင့် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လျက်ရှိရာ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေး နှစ်ကုန်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ငါးဘီလီယံကျော် ရောက်ရှိနိုင် မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီး မြှုပ်နှံလုပ်ကိုင်နေသည့် ကုမ္ပဏီများမှာ အာရှနိုင်ငံများမှ အများဆုံး ရှိနေပြီး တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ စင်ကာပူနိုင်ငံနှင့် တရုတ်နိုင်ငံတို့ အများဆုံးရှိနေသည်။ အမေရိကန်နိုင်ငံမှ ကုမ္ပဏီများမှာ တောင်ကိုရီးယားနှင့် စင်ကာပူနိုင်ငံများမှတစ်ဆင့် လုပ်ငန်းခွဲများအဖြစ် ရင်းနှီး မြှုပ်နှံမှုပြုလုပ် နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှု အခြေအနေကိုကြည့်လျှင် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၁၃ ဘီလီယံခန့်သာ လာရောက်ရင်းနှီး မြှုပ်နှံခဲ့ခြင်းဖြစ်သည်။ သို့သော် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ အမေ ရိကန် ဒေါ်လာ ၄ ဒသမ ၁ဝ၇ ဘီလီယံ အထိ ရှိလာခဲ့ပြီး ယခု ၂ဝ၁၄-၂ဝ၁၅ ခုနှစ် ဘဏ္ဍာရေးနှစ် ကာလကုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ငါးဘီလီယံကျော်အထိ ရောက်ရှိလာမည်ဟု မျှော်မှန်းထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်မှုမှာ စွမ်းအင်ကဏ္ဍဖြစ်ပြီး စုစုပေါင်းရင်းနှီး မြှုပ်နှံမှု၏ ၃ဝ ရာခိုင်နှုန်းကျော် ရှိကြောင်းသိရသည်။ ဒုတိယအများ ဆုံးရင်းနှီးမြှုပ်နှံမှုမှာ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားမှလာရောက်ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်လျက် ရှိသည့်နိုင်ငံမှာ တရုတ်နိုင်ငံ ဖြစ်ပြီး ၂ဝ၁၃-၂ဝ၁၄ ခုနှစ်အတွင်း ဂျပန်နိုင်ငံ ကရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်သည်။ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ် အတွင်း ဆက်သွယ်ရေးလုပ်ငန်း၊ စွမ်းအင်နှင့်ဓာတ်သတ္တုတို့အပြင် စက်မှုလုပ်ငန်း ကဏ္ဍများ တွင်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဥပဒေ အတည်ပြုခဲ့ပြီးနောက် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် စိတ်ဝင်စားသူများခဲ့ပြီး ရင်းနှီးမြှုပ်နှံခွင့် ရရှိရန် လျှောက်ထားသူ များပြားလျက်ရှိနေသည်။

MOI Webportal Myanmar 

No comments:

Post a Comment