Tuesday 13 January 2015

နည်းပညာ တက္ကသိုလ် ကျောင်းသားသမဂ္ဂ (၂) နှစ်ကြာမှ ပြန်လည် ဖွဲ့စည်း

မန္တလေး နည်းပညာ တက္ကသိုလ်တွင် နှစ်နှစ်ကြာ အဆက်ပြတ် နေသည့် နည်းပညာ တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့အား ယာယီအလုပ် အမှုဆောင် များဖြင့် ဇန်န၀ါရီလ (၆) ရက်နေ့တွင် ပြန်လည် ဖွဲ့စည်းခဲ့ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။ နည်းပညာ တတ္ကသိုလ် ကျောင်းသားသမဂ္ဂ ကို ယမန်နေ့ နေ့လယ် (၁၂) နာရီတွင် ဖွဲ့စည်းခဲ့ပြီး ဗကသ အဖွဲ့မှ သမဂ္ဂအလံ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခါးဆက်ပြတ်နေတဲ့ ကျွန်တော်တို့ နည်းပညာ တက္ကသိုလ် ကျောင်းသားသမဂ္ဂကို ပြန်လည် အသက် သွင်းတာ ဖြစ်တယ်။ ကျောင်းသား တွေနဲ့ သက်ဆိုင်ရာတွေ ကိုလည်း သမဂ္ဂပြန်လည် အသက်ဝင်လာ ပြီလို့ ပြောချင်တယ် ဟု နည်းပညာ တက္ကသိုလ် ကျောင်းသား သမဂ္ဂ ယာယီဥက္ကဋ္ဌ ကိုကောင်းဇော်ဟိန်း က ပြောသည်။

ကျောင်းသားများ တက်ကြွ ပါဝင်မှုများ လာလျှင် ကျောင်းသားသမဂ္ဂ အမှုဆောင် များကို ပြန်လည် ရွေးချယ် တင်မြှောက် သွားမည် ဖြစ်ပြီး တက္ကသိုလ် အတွင်း သမဂ္ဂ ဖွဲ့စည်းပုံ ကိုလည်း ပြန်လည် ရေးဆွဲ သွားမည် ဖြစ်ကြောင်း သိရသည်။ နည်းပညာ တက္ကသိုလ် ကျောင်းသား သမဂ္ဂကို ၂၀၁၂ ခုနှစ်မှာ စဖွဲ့ ခဲ့တယ်။ ၂၀၁၃၊ ၂၀၁၄ မှာ ခါးဆက်ပြတ် သွားတဲ့ ပုံစံ ဖြစ်သွားတယ်။ သမဂ္ဂက ရှိနေပြီးသား ဖြစ်တယ် ဟု မန္တလေးခရိုင် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုဆွေ လင်းထွန်းက ပြောသည်။ နည်းပညာ တက္ကသိုလ် ကျောင်းသား သမဂ္ဂ အနေဖြင့် တက္ကသိုလ် အတွင်း ကျောင်းသား များ ချိုးဖောက်ခံနေ ရသည့် အခွင့်အရေး များကို ပြန်လည် တောင်းဆို သွားမှာ ဖြစ်ပြီး ဗကသ မူအတိုင်း ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ထဲမှာ ကျောင်းချိန် အတွင်း အပြင်ထွက်လို့ တွေ့ရင် ဖမ်းချုပ် အရေးယူမယ် ဆိုတာတွေ၊ ကျောင်း အပြောင်း အရွှေ့ ပြဿနာတွေ၊ သင်ထောက်ကူ ပစ္စည်း မလုံလောက်တာ တွေကို တောင်းဆို သွားမယ်။ သမဂ္ဂ အင်အား တောင့်အောင် တက္ကသိုလ် အတွင်းမှာ ရှိတဲ့ ကျောင်းသား အခွင့် အရေး ဆုံးရှုံးမှု တွေကို တောင်းဆိုပြီး ကျောင်းသား ကျောင်းသူတွေ တက်ကြွ ပါဝင် လာအောင် လုပ်ဆောင် သွားမှာ ဖြစ်ပါတယ် ဟု နည်းပညာ တက္ကသိုလ် ကျောင်းသား သမဂ္ဂ  ယာယီ အတွင်းရေးမှူး ကိုရှင်းသန့်က ပြောသည်။

The Messenger News Journal 

No comments:

Post a Comment