Monday, 31 March 2014

မန္တလေးမြို့လယ်တွင် မူးယစ်တရားခံ ဖမ်းရာ၌ သေနတ်ပစ်ဖောက်ခြောက် လှန့်

မန္တလေးမြို့လယ် တစ်နေရာတွင် မူးယစ်ဆေးဝါး ရောင်းချနေသူတစ်ဦးကို ရဲတပ်ဖွဲ့တာဝန်ရှိသူများက အရပ်ဝတ်ဖြင့် ဖမ်းဆီးစဉ် ထွက်ပြေးရန် ပြင်ဆင် ခဲ့သည့်အတွက် သေနတ်ပစ်ဖောက်၍ ခြောက်လှန့် ခဲ့ရကြောင်း သတင်းရရှိသည်။
မတ်လ ၃၀ ရက်က အောင်မြင်သာစံမြို့နယ် (၁၉) လမ်း၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြားနေရာတွင် ညနေ ၆ နာရီခွဲ အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အဆိုပါနေရာသို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူများက  ဆေးပြားများဝယ်ယူရန် အရပ်ဝတ်ဖြင့် ဆေးပြားရောင်းချမည့် အမျိုးသားနှင့် သွားရောက်တွေ့ဆုံစဉ် ဆေးပြားရောင်းသူက ရိပ်မိခဲ့ပြီး ကားချင်းတိုက်မည့်အနေအထား ပြင် လိုက် သည့် အတွက်  အရပ်ဝတ်ရဲတာဝန်ရှိသူက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရသည်။ ထိုသို့သေနတ် ပစ်ဖောက်ကာ ဖမ်းဆီးရန် ပြင်ဆင်ခဲ့သော်လည်း  မူးယစ်ဆေးလာရောက်ရောင်းချသူမှာ လွတ်မြောက် သွားကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ထိုနေ့ နေ့လယ်က မန္တလေးမြို့ရှိ ဟိုတယ်တစ်ခုအတွင်း မူးယစ်ဆေးဝါးသုံးစွဲနေသူများကို ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ၀င်ရောက်ဖမ်းဆီးခဲ့ပြီး ၎င်းတို့ထံမှ ရရှိသည့် အချက်အလက်များနှင့်  ကွင်းဆက် အနေဖြင့် အဓိကမူးယစ်ဆေးဝါး ရောင်းချနေသူကို ဖမ်းဆီးရန်စီစဉ်ခဲ့ရာမှ ယခုကဲ့သို့ဖြစ်ပွားခဲ့ ရခြင်းဖြစ်ကြောင့် တိုင်းရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး ဇော်မင်းဦးကပြောသည်။

‘‘သူတို့ဘက်က ရဲတွေမှန်း ရိပ်မိသွားပြီး ကားချင်းတိုက်ဖို့လုပ်လိုက်တော့ ခြောက်လှန့် ပစ်ဖောက် လိုက် ရတာပါ’’ ဟု ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောသည်။

ရဲများမှာ အရပ်ဝတ်ဖြင့် သေနတ်ပစ်ဖောက်ခဲ့ခြင်းကြောင့် အနီးတွင်ရှိသူများက အချင်းချင်း ကားဖြင့်ပြိုင် ပြီး သေနတ်ပစ်ခတ်မှုဖြစ်ပွားသည်ဟု ထင်မှတ်ကာ အထိတ်တလန့် ဖြစ်ခဲ့ ရကြောင်း ဖြစ်ပွားခဲ့ သည့် နေရာအနီး နန်းရှေ့အရပ်တွင် နေထိုင်သူ အမျိုးသားတစ်ဦးကပြောသည်။

လွတ်မြောက်သွားသည့် မူးယစ်ဆေးဝါးရောင်းချသူ အမျိုးသားအား ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နိုင်ရေး အတွက် တိုင်းဒေသကြီး မှုခင်းအကူရဲတပ်ဖွဲ့ တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်နေကြောင်း ဒုတိယရဲမှူးကြီး ဇော်မင်းဦးကဆိုသည်။

Author: အေးမွန်ရာပြည့်
7DAY DAILY

No comments:

Post a Comment