Monday 31 March 2014

မိတ္ထီလာ ဆိုင်ကယ်ဈေးကွက်တွင် တစ်ပတ်ရစ်ဆိုင်ကယ် အရောင်းအဝယ်ကျဆင်း

သင်္ကြန်ပွဲတော်နီးသည့် ကာလများ၌ အရောင်းအဝယ် ကောင်းလေ့ရှိသည့် မိတ္ထီလာ မော်တော် ဆိုင်ကယ် ဈေးကွက်တွင် တစ်ပတ်ရစ် ဆိုင်ကယ် အရောင်းအဝယ်မှာ အဆိုးဝါးဆုံး ကျဆင်းနေကြောင်း ဆိုင်ကယ် ဝယ်ရောင်းလုပ်ငန်းများ၊ ဆိုင်ကယ် ပွဲစားတန်းများထံမှ စုံစမ်းသိရှိရသည်။
“အဓိက အကြောင်းကတော့ ရွာတွေက ဝယ်လက်တွေ တက်မဝယ်တာ။ တောင်သူတွေက အဆင် မပြေတော့ မဝယ်ကြတော့ဘူး။ မြို့ပေါ်က ဝယ်လက်ကို အားထားလို့ မရဘူး။ မြို့တွင်းမှာ အိမ်တိုင်းနီးပါး ဆိုင်ကယ်ရှိတယ်။ ဝိုင်း (ပွဲစားတန်း) ထဲမှာ တစ်နေ့ကို ရောင်းမယ့် ဆိုင်ကယ်က အစီး ၁၀၀ ဝန်းကျင် အမြဲရှိနေပေမယ့် တစ်နေ့ကို ငါးစီးလောက်ပဲ အရောင်းအဝယ် ဖြစ်နေတယ်။ ဒါတောင် ကျောက်ပန်းတောင်း နယ်ဘက်က လာဝယ်ကြလို့” ဟု ဆိုင်ကယ် အရောင်းအဝယ်သမား ဦးသစ်က ဆိုသည်။

ကညနမှ လိုင်စင်ပေးနေချိန် ဖြစ်၍ ဖြည့်ရန် ငွေရှိပါက လက်ရှိ စီးနေသော ဆိုင်ကယ်များကို ရောင်းကြပြီး ဘီးသစ်ဝယ်ကာ လိုင်စင် ဝင်ကြကြောင်း၊ ယခုရက်ပိုင်းတွင် လိုင်စင် ရှိပြီးသား တစ်ပတ်ရစ် ဆိုင်ကယ်များကို လမ်းမတော်ရှိ ဆိုင်ကယ် ပွဲစားတန်းတွင် လာရောင်းသူ များ၍ တစ်ပတ်ရစ် ဆိုင်ကယ်များ ပုံနေကြောင်း၊ ပျမ်းမျှပေါက်ဈေး တစ်သိန်းခွဲနှင့် နှစ်သိန်း ဝန်းကျင်သာရှိသော အမျိုးအစား စုံလင်လှသည့် တစ်ပတ်ရစ်ဘီးများ (လိုင်စင်မပါ) နှင့် နှစ်သိန်းခွဲ ဝန်းကျင်သာရှိသော တစ်ပတ်ရစ်ဘီးများ (လိုင်စင်ပါ) ကို ဝယ်သူ မရှိသလောက် ဖြစ်နေကြောင်း ဆိုင်ကယ်ပွဲစား ဦးကိုကိုက ပြောကြားသည်။

“လိုင်စင်ဘီး စီးချင်တဲ့ သူကလည်း သုံးသိန်းခွဲလောက်ဆို နာမည်ကြီး အမှတ်တံဆိပ် မဟုတ်တဲ့ ဘီး သစ်စီးလို့ ရနေတယ်။ လိုင်စင်မှာ ကိုယ့်နာမည်လည်း ပေါက်တယ်။ ဒါကြောင့် လိုင်စင်ဘီးဟောင်းကို စိတ်မဝင်စားတော့ဘူး။ အရင်နှစ်တွေကဆိုရင် လိုင်စင်သာ ပါပစေ။ ဘီးက ဘယ်လောက် ဟောင်းဟောင်း အရောင်းအဝယ် သွက်ခဲ့တယ်။ ဒီရက်ပိုင်းမှာ ဘီးသစ်တွေလည်း အရောင်းပါးတယ်။ ဆိုင်ကယ် ဈေးကွက် က အရင်နှစ်တွေကလို မှန်းလို့ မရတော့ဘူး” ဟု ၎င်းကဆိုသည်။

ယခင်က မိတ္ထီလာနယ်တွင် ဒေသတွင်း လူကြိုက် အများဆုံး တရုတ်နိုင်ငံထုတ် ဆိုင်ကယ် အမျိုးအစား များမှာ Kenbo,YinXing နှင့် Luojia အမျိုးအစားများ ဖြစ်ကြောင်း၊ နောက်ပိုင်း ကာလများတွင် ဆိုင်ကယ် စီးသူများက အမျိုးအစားအစွဲ သိပ်မရှိတော့ဘဲ ဈေးသင့်ရာကို ဝယ်စီး နေကြကြောင်း၊ မိတ္ထီလာသို့ ဝင်ရောက်သော တရုတ်နိုင်ငံထုတ် ဆိုင်ကယ် အမျိုးအစားပေါင်း ၃၀ ကျော် ဝင်ရောက်ကြောင်း ဆိုင် ကယ် ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

မြဝတီမှဝင်သော ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်များနှင့် ကြယ်ဂေါင်မှ ဝင်သော တရုတ်နိုင်ငံထုတ် ဆိုင်ကယ် များ၏ ဆုံချက်မြို့ဖြစ်သော မိတ္ထီလာတွင် နှစ်စဉ်သင်္ကြန်ပွဲ မတိုင်မီကာလတွင် ဆိုင်ကယ် အရောင်းအဝယ် အသွက်ဆုံး ဖြစ်ခဲ့သော်လည်း ယမန်နှစ်မတ်လ နောက်ဆုံး သီတင်းပတ် ပဋိပက္ခ ဖြစ်ပွားခဲ့ချိန်မှ စတင်ကာ ဆိုင်ကယ်ဈေးကွက် ဖရိုဖရဲ ဖြစ်သွားခဲ့သည်မှာ ယခုတိုင် ဖြစ်ကြောင်း ဆိုင်ကယ် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူများက ဆိုသည်။

The Voice Weekly

No comments:

Post a Comment