မော်တော်ယာဉ်အို ယာဉ်ဟောင်းများကို မော်တော်ယာဉ်သစ်များဖြင့် အစားထိုး လဲလှယ်ရေး စီမံချက်အရ ထုတ်ပေးနေသော စလစ်စနစ်ကို ဖျက်သိမ်းမည် ဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။
ရန်ကုန်မြို့တော် မြန်မာငြိမ်းချမ်းရေး စင်တာ၌ မတ်လ ၂၉ ရက်နေ့က နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။ “ကားဟောင်းက တော်တော်များများ ကုန်သွားပြီ။ အခု Showroom (အရောင်းပြခန်း) တွေ ရောက်လာပြီ။ ကြိုက်တဲ့ အချိန်မှာ ဝယ်လို့ရပြီ” ဟု ဦးအောင်မင်းက ပြောဆိုသည်။စလစ်စနစ်ကို ထားရှိခြင်းမှာ ယာဉ်အိုယာဉ်ဟောင်း ပိုင်ဆိုင်သူများ အရင်းအနှီး မပျက်စေရန် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ သို့သော် စလစ်စနစ် ဖျက်သိမ်းမည့် အချိန်အတိအကျကိုမူ ထုတ်ဖော် ပြော ဆိုခြင်းမရှိပေ။
စလစ်ကပ်၍ မော်တော်ယာဉ် တင်သွင်းခြင်းကို ဖျက်သိမ်းမည် ဆိုပါက မော်တော်ယာဉ် ဈေးနှုန်းများ ထပ်မံ ကျဆင်း ဦးမည် ဖြစ်ကြောင်း မော်တော်ယာဉ် ရောင်းဝယ်သူ အချို့က ပြောကြားသည်။
“တကယ်သာ စလစ် ဖျက်သိမ်းမယ်ဆိုရင် ယာဉ်အိုယာဉ်ဟောင်း အပ်နှံပြီး အသစ်ပြန်သွင်းရတဲ့ ကားတွေ ကို ဘယ်လိုလုပ်မလဲ။ အက္ခရာ နံပါတ်တွေက အများကြီး ကျန်နေပါတယ်။ ဒီလိုသာဆိုရင် ကားတင်သွင်း ရတာ ကမောက်ကမ ဖြစ်သွားနိုင်ပါတယ်” ဟု သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ မော်တော်ယာဉ် ဝယ်ရောင်း ဦးအောင်ကျော်စိုးက ပြောဆိုသည်။
စလစ် ဖျက်သိမ်းပါက စလစ်ဖြင့် တင်သွင်းရသော မော်တော်ယာဉ် ဈေးနှုန်းများ ကျဆင်းနိုင်သော် လည်း မော်တော်ယာဉ်ဈေးနှုန်း အတက်အကျ ဖြစ်ခြင်းမှာ ဂျပန်လေလံ ဈေးကွက်ပေါ် မူတည်ကြောင်း ၎င်းက ဆိုသည်။
“ကားဈေးက နောက်ပိုင်း အကျဘက်ပဲ ဦးတည်နေတာပါ။ ဘယ်ကား အမျိုးအစား၊ ဘယ်မော်ဒယ်လ် ပဲ ဖြစ်ဖြစ် ဒီထက်ဈေးကျဖို့ပဲ ရှိပါတယ်” ဟု ဝါရင့် မော်တော်ယာဉ် ဝယ်ရောင်း ဦးကျော်စိုးက သုံး သပ် ပြောကြားသည်။
လက်ရှိတွင် စလစ်ဈေးနှုန်းများ ကြီးမြင့်နေခြင်းကို ညှိနှိုင်းပေးရန် မြန်မာနိုင်ငံ မော်တော်ယာဉ် လုပ်ငန်းရှင် များ အသင်းက မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာ ကြီးကြပ်ရေး ကော်မတီထံ သို့ တောင်းဆို ထားကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။
The Voice Weekly
No comments:
Post a Comment