Monday 31 March 2014

ကွင်းလယ်ဒိုင်ကို လက်သီးဖြင့် ထိုးခဲ့သည့် ရခိုင်အသင်းမန်နေဂျာကို ထုတ်ပယ်

မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲ၏ ပွဲစဉ်တစ်ခုဖြစ်သည့် ဟံသာဝတီ ယူနိုက်တက်နှင့် ရခိုင်ယူနိက်တက် အသင်းတို့ ပွဲစဉ်တွင် ကွင်းလယ်ဒိုင်လူကြီးကို လက်သီးဖြင့် ထိုးခဲ့သည့် ရခိုင်ယူနိုက်တက် အသင်းမန်နေဂျာ ကို ထုတ်ပယ်လိုက်ကြောင်း ယင်းအသင်း အမှုဆောင် အရာရှိ ဦးရဲလှိုင်ဝင်းက ပြောကြားသည်။
ဟံသာဝတီယူနိုက်တက်နှင့် ရခိုင်ယူနိက်တက် အသင်းတို့ မတ်လ ၂၈ ရက်နေ့က ပဒုမ္မာကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့ရာ ဒုတိယပိုင်း ပြီး၍ နာကျင်အချိန်ပိုတွင် ကွင်းလယ်ဒိုင်က ဟံသာဝတီယူနိုက်တက်ကို ပယ်နယ် တီ ပေးခဲ့သည့် အပြင် ကျန်ကစားချိန်၌ ရခိုင်ယူနိုက်တက် ကစားသမားတစ်ဦးကို အနီကတ်ပြ ထုတ်ပယ် ခဲ့ခြင်းကြောင့် ရခိုင်ယူနိုက်တက် အသင်းမန်နေဂျာ ဦးဖြိုးညီညီစိုးက ကွင်းလယ်ဒိုင် ဦးဇော်ခိုင်၏ မျက်နှာကို ကွင်းအတွင်း၌ လက်သီးဖြင့် ထိုးခဲ့ကြောင်း၊ ယင်းကြောင့် ယခုကဲ့သို့ ထုတ်ပယ် လိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ အသင်းထံမှ သိရသည်။

ပြည်တွင်းခရီး ထွက်နေသည့် အသင်းပိုင်ရှင် ပြန်လည် ရောက်ရှိလာပါကလည်း ယင်းကိစ္စအတွက် ထပ်မံ အရေးယူမည် ဖြစ်ကြောင်း၊ စည်းကမ်းထိန်းသိမ်းရေး ကော်မတီ၏ အရေးယူခြင်းကိုလည်း ကျခံရ မည် ဖြစ်ကြောင်း ဦးရဲလှိုင်ဝင်းက ဆိုသည်။

“စည်းကမ်းထိန်းသိမ်းရေး ကော်မတီအနေနဲ့ ဒီကိစ္စကို တရားမျှတစွာ ဆုံးဖြတ်မယ်လို့ ယုံကြည်ပါတယ်။ အသင်းကို ချမှတ်မယ့် ပြစ်ဒဏ်က မတရားဘူး ဆိုရင်တော့ ဖြေရှင်းရဦးမှာပေါ့” ဟု ၎င်းက ဆက် လက် ပြော ဆိုသည်။

“ဒိုင်လူကြီးက ကျွန်တော့်ကို မင်းအဆင့်က ဘာရှိလို့ ငါ့ကို လာပြောနေတာလဲ။ ငါဒိုင်လူကြီး။ ငါလုပ်ရင် ပြီးတယ် လို့ ပြောတဲ့အချိန်မှာ စိတ်မထိန်းနိုင်ဘဲ ထိုးခဲ့မိတာပါ” ဟု ဦးဖြိုးညီညီစိုးက ပြောကြားသည်။

ယင်းသို့ ထိုးခဲ့သည့်အတွက် ဒိုင်လူကြီးကို တောင်းပန်မည် မဟုတ်ဘဲ စည်းကမ်းထိန်း သိမ်းရေး ကော်မတီ ၏ အရေးယူခြင်းကို ခံယူမည် ဖြစ်ကြောင်း၊ ပြန်လည် ထိုးခဲ့သည့် ဒိုင်လူကြီးကိုလည်း အရေးယူစေ လိုေ ကြာင်း၎င်းက ဆိုသည်။

ယင်းဖြစ်ရပ်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် လက်အောက်ရှိ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင် က တရားစွဲမည်ဆိုပါက ရင်ဆိုင်မည် ဖြစ်ကြောင်း ရခိုင်ယူနိုက်တက်အသင်းအုပ်ချုပ်မှုမန်နေဂျာ ဦးလှိုင်းဝင်နိုင် က ပြောဆိုသည်။

လက်ရှိ အချိန်၌ ယင်းဖြစ်ရပ်အတွက် စည်းကမ်းထိန်းသိမ်းရေး ကော်မတီသို့ ကွင်းလယ်ဒိုင်၏ အစီရင်ခံစာ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီ၏ အစီရင်ခံစာနှင့် ရခိုင်ယူနိုက်တက်အသင်း၏ အစီရင်ခံစာတို့ တင်ပြထားခြင်း မရှိသေးသည့်အတွက် မည်သို့ အရေးယူမည်ကို ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း စည်းကမ်းထိန်း သိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ထွေး (ပျဉ်းမနား) က ပြောဆိုသည်။

ဦးဖြိုးညီညီစိုးမှာ ဥဿာယူနိုက်တက် (ယခု ဟံသာဝတီယူနိက်တက်) တွင် ဈေးကွက်ရှာဖွေရေး မန်နေဂျာအဖြစ် ၂ နှစ်ကြာ တာဝန်ယူခဲ့သူ ဖြစ်ပြီး ရခိုင်ယူနိုက်တက်အသင်း၏ မန်နေဂျာအဖြစ် တာဝန်ယူလာခဲ့သည် မှာလည်း ၂ နှစ်ခန့် ရှိပြီဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင် အသင်းဖြစ်သည့် ဇွဲကပင်ယူနိုက် အသင်းပိုင်ရှင် ဦးလှဌေးက ကွင်းလယ်ဒိုင် ကို ပါးရိုက်ခဲ့သည့် ဖြစ်ရပ် ဖေဖော်ဝါရီလ အတွင်းက ဖြစ်ပွားခဲ့ရာ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ၎င်းကို ဒဏ်ငွေ ကျပ် ၁၅ သိန်း ချမှတ်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment