Monday 31 March 2014

မန္တလေး-မူဆယ် ပြည်ထောင်စုလမ်း မူးယစ်ဆေး ဖမ်းမိမှု လေးဆ နီးပါး မြင့်တက်

မန္တလေးမြို့တော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နယ်စပ်ဒေသ တစ်ခုဖြစ်သည့် ကြယ်ဂေါင်မြို့တို့ကို ဆက် သွယ်ပေးရာ အချက်အချာလမ်း တစ်ခုဖြစ်သော မန္တလေး-မူဆယ် ပြည်ထောင်စုလမ်း မူးယစ်ဆေးဝါး ဖမ်းဆီးရေးဂိတ် (နောင်ချို) တွင် မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုမှာ ၂ နှစ်တာ ကာလအတွင်း သိသိသာ သာ မြင့်တက်လာကြောင်း အဆိုပါ မြို့မရဲတပ်ဖွဲ့စခန်း မူးယစ်တပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
မူးယစ်အထူးတပ်ဖွဲ့ အမှတ်၂၄ (လားရှိုး) နှင့် နောင်ချိုမြို့နယ် မူးယစ်တပ်ဖွဲ့တို့ ပူးပေါင်းဖမ်းဆီးချက် အရ ၂၀၁၁ ခုနှစ်တွင် ၂၂ မှုသာ ရှိခဲ့ရာ ၂၀၁၂ ခုနှစ်တွင် ၇၅ မှုနှင့် ၂၀၁၃ ခုနှစ်တွင် ၇၈ မှု အထိ ရှိလာပြီး သိသိသာသာ မြင့်တက်လာကြောင်း အဆိုပါစခန်း မူးယစ် မှတ်တမ်းများအရ သိရသည်။

“၂၀၁၂ ခုနှစ်ကစပြီး ရှမ်းပြည်နယ် မူးယစ်တပ်ရဲ့ အထူးစီမံချက်အရ စနစ်တကျ စောင့်ဆိုင်း ဖမ်းဆီးခဲ့ တာကြောင့် အခုလို အကြိမ်ရေ မြင့်တက်လာတာ ဖြစ်ပါတယ်” ဟု အဆိုပါ စခန်းရှိ အကြီးတန်း ရဲအရာရှိ တစ်ဦးက ရှင်းပြသည်။

ယင်းသို့ မန္တလေးမြို့တော်နှင့် တရုတ်နိုင်ငံ ကြယ်ဂေါင်မြို့အထိ ဆက်သွယ်ထားရာ ပြည်ထောင်စုလမ်းမှာ ကုန်သွယ်ရေးဆိုင်ရာ အဓိက ဖြစ်နေသဖြင့် မူးယစ်ဆေးဝါး သယ်ဆောင်သူများကို အကြိမ်ကြိမ် ဖမ်းဆီး ရမိနေခြင်း ဖြစ်ကြောင်း အဆိုပါ ရဲအရာရှိက ထပ်မံဆိုသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအထိ သုံးနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု ၁၇၅ မှုရှိခဲ့ပြီး ကာလတန်ဖိုးနှင့် အလေးချိန်ပေါင်း မည်မျှအထိ ရှိခဲ့ကြောင်းကိုမူ အသေးစိတ် ထုတ်ပြန်ခြင်း မရှိပေ။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့/မူးယစ်ဆေးဝါး အထူးနှိမ်နင်းရေး တပ်ဖွဲ့အမှတ် (၂၄) နှင့် နောင်ချို မူးယစ်တို့ ပူးပေါင်း ဖမ်းဆီးလျက် ရှိသော မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမ (နောင်ချိုဂိတ်) တွင်၂၄ နာရီ အထူးရှာဖွေ ဖမ်းဆီးလျက် ရှိကြောင်း အဆိုပါ အဖွဲ့မှ ထပ်မံသိရသည်။

(သန်းဖေသား)
The Voice Weekly

No comments:

Post a Comment