Monday 26 January 2015

NDF နှင့် UDP တို့ ပူးပေါင်း၍ ရွေးကောက်ပွဲတွင် နေရာ ၃၀၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဆို

တတိယနိုင်ငံရေး အင်အားစုအဖြစ် ရပ်တည်နိုင်ရန် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) နှင့် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) တို့ ညီနောင်ပါတီအဖြစ် ပူးပေါင်းပြီး ၂ဝ၁၅ အထွေထွေ ရွေး ကောက်ပွဲတွင် မဲဆန္ဒနယ် ၃ဝဝ ခန့် ဝင်ရောက်ယှဉ်ပြိုင်ရန် အပြန်အလှန် ကူညီသွားမည်ဖြစ်ကြောင်း နှစ်ဖက်ပါတီ ဥက္ကဋ္ဌများကပြောသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ''လောလောဆယ် ရွေးကောက် ပွဲကာလ မဖြတ်သန်းခင်မှာ မြို့နယ်တွေကို ခွဲတမ်းချမယ်။ တိုင်းအလိုက် ပြည်နယ်အလိုက် သူတို့ ဘယ်နှနေရာဝင်မလဲ။ ကျွန်တော်တို့ ဘယ်နှနေရာဝင်မလဲ အရင်ဆုံး ခွဲတမ်းချပါမယ်။ ပြီးတော့ ကိုယ်စား လှယ်တွေ ရှာတဲ့နေရာမှာ၊ မဲဆွယ်စည်းရုံးမှုတွေ၊ ငွေရေးကြေးရေး ကဏ္ဍမှာလည်း အပြန်အလှန်ကူညီပြီး လုပ်ပါမယ်'' ဟု ပြောသည်။

ပါတီနှစ်ပါတီသည် ပါတီတစ်ခုတည်း ပေါင်းစည်းရေးအဆင့်သို့ မရောက်သော်လည်း တပ်ပေါင်းစု မဟာ မိတ် ညီညွတ်ရေး (United Front) ထက် ပိုမိုသည့်ဆက်ဆံရေး အနေအထားဖြင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်သည်ဟု ၎င်းက ပြောသည်။

ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ဥက္ကဋ္ဌ ဦးလှမြင့်က ''ရွေးကောက်ပွဲကိုလည်း ညီနောင်အနေနဲ့ ဖြတ် သန်းမယ်။ မူတစ်ခုအရတော့ ဝင်မယ့်မြို့နယ် တစ်ခုမှာ NDF က ပိုပြီးတော့ လူထုနဲ့ အဆင်ပြေ တယ်ဆိုရင် ကျွန်တော်တို့က ရှောင်ပေး ရမှာပေါ့။ အဲ့ဒီအခြေခံနဲ့ သွားကြမှာပေါ့။

အသေးစိတ်တွေကတော့ ဆွေးနွေးရဦးမှာပါ။ ပူးတွဲပြီး အလုပ်ကော်မတီတစ်ခု ဖွဲ့ထားပါတယ်။ တစ်လ တစ်ခါ ဆွေးနွေးဖြစ်ပါတယ်'' ဟု ပြောသည်။ အဆိုပါညီနောင် နှစ်ပါတီမှာ ဇန်နဝါရီလ ၂၅ ရက်က လက်မှတ် ရေးထိုး ပူးပေါင်းလိုက်ခြင်း ဖြစ်သည်။

Mizzima - News in Burmese 

No comments:

Post a Comment