Monday 26 January 2015

ထိုင်း-မြန်မာ လူကုန်ကူးမှု လုပ်ငန်း စီမံချက် သက်တမ်း ထပ်မံတိုးဖွယ်ရှိ

ထိုင်း-မြန်မာနှစ်နိုင်ငံ လူကုန်ကူးမှု ပူးပေါင်းရေး ဆိုင်ရာ လုပ်ငန်း စီမံချက် သက်တမ်းကို တတိယ အကြိမ် မြောက် မြန်မာနှင့်ထိုင်း နှစ်နိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ပြစ်မှုဆိုင်ရာ တရားစီရင်မှု ပူးပေါင်း မြှင့်တင်ရေး အစည်းအဝေးတွင် ဆုံးဖြတ် နိုင်ဖွယ် ရှိကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး (ဗဟို) ထံမှ သိရသည်။

လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေးကို ၂၀၀၉ခုနှစ် ကတည်းက နားလည်မှု စာချွန်လွှာ လက်မှတ် ထိုးထားခဲ့ ပေမယ့် တကယ်တမ်း ၂၀၁၁ ခုနှစ်မှ အကောင်အထည်ဖော် ဖြစ်တယ်။ အခုသုံးနှစ် စီမံချက်က ပြီးသွားပြီး၊ ထပ်ပြီး လုပ်စရာတွေက ရှိသေးတယ်။ နှစ်နိုင်ငံ ပုဂ်္ဂိုလ်ရေး အရ ရင်းနှီးနေရင် ဘာပဲဖြစ်ဖြစ် ချက်ချင်း ဆောင်ရွက်ပေး နိုင်တဲ့ အနေအထား ရှိတယ် ဟု လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး (ဗဟို) မှ ရန်ကုန်တိုင်း တပ်ဖွဲ့ ခွဲမှူး ဒုရဲမှုးကြီး ဦးခင်မောင်လှက The Messenger Media သို့ ပြောသည်။ ၂၀၁၁-၂၀၁၄ ခုနှစ် လုပ်ငန်း စီမံချက်ကို Plan of Action ခြောက်ခု သတ်မှတ် ထား၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇန်န၀ါရီလ (၂၇) ရက်နေ့နှင့်(၂၈) ရက်နေ့တို့တွင် မန္တလေးတွင် ပြုလုပ်မည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ အထူးစုံစမ်းရေး စစ်ဆေးရေး ဦးစီဌာနတို့အကြား နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ အစည်းအဝေးတွင် ထိုင်းနိုင်ငံ အတွင်း လူကုန်ကူးမှုများ တရားစွဲဆိုရေး ကဏ္ဍ တွင် အမှုများ အမြန်ဆုံး စီရင် ဆုံးဖြတ်ချက်ချ နိုင်ရေး၊ လူကုန်ကူးခံရ သူများ၏ သက်သေ ထွက်ဆိုချက်များကို အမြန် စစ်ဆေးပေးရေး၊ နှစ်နိုင်ငံ ပူးပေါင်း ကာ တရားစွဲဆိုရေး လုပ်ငန်းများ ဆောင်ရွက်ရေးနှင့် ထိုင်းနိုင်ငံဘက်ရှိ အလုပ် ရှာဖွေသည့် တရားမ၀င်  အေဂျင်စီများနှင့် လူကုန်ကူးမှု ကျူးလွန်နေသည့် အေဂျင်စီများအား ထိရောက်စွာ အရေးယူရေး အစရှိသည် တို့ကို ဆွေးနွေး သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်က အခုချိန်ထိကို လူကုန်ကူးမှု တရား စွဲဆိုရေး ကဏ္ဍတွေမှာ အားနည်းနေတုန်းပဲ။ အမြန် ဆုံး စီရင်တာတွေ မလုပ်နိုင်သေးဘူး။ ပြီးရင် လူလွှဲ ပြောင်းပေးမှုတွေ မှာလည်း ကြန့်ကြာနေ တာတွေ ရှိတယ်။ ဒါတွေ ကိုလည်း အမြန်ဆုံး ဆောင်ရွက် ရမယ် ဟု ဒုရဲမှူးကြီး ဦးခင်မောင်လှက ပြောသည်။ လက်ရှိတွင် နှစ်နိုင်ငံ ပူးပေါင်း နယ်စပ် စခန်းများ ဖွင့်လှစ်ကာ လူကုန်ကူးမှု များကို တားဆီးခြင်း၊ ပညာပေးမှုများ ပြုလုပ်ခြင်းများကို လုပ်ဆောင် နေကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့ထံမှ သိရသည်။

Messenger News Journal 

No comments:

Post a Comment