Monday 26 January 2015

နှစ်ပေါင်း (၆၀) အတွင်း သံတွဲတွင် ပထမဆုံး အကြိမ် ရခိုင်ရိုးရာ ရထားဆွဲပွဲ ပြန်လည် ကျင်းပမည်

ရခိုင် ပြည်နယ် သံတွဲမြို့နယ်တွင် ပထမဆုံး အကြိမ် ရခိုင်ရိုးရာ ရထားဆွဲပွဲအား ပြန်လည် ကျင်းပ သွားမည်ဖြစ်ကြောင်း ရခိုင်ရိုးရာ ရထားဆွဲပွဲ ကျင်းပရေး ကော်မတီထံမှ သိရသည်။

ကျွန်တော်တို့ ရှေးရိုးရာ အစဉ်အလာကို ပြန်လည် ဖော်ထုတ် တာပါ။ နောက်ပြီး ရထားဆွဲရင် တစ်ဖက်ကို လူအယောက် ငါး ဆယ်၊ ခြောက်ဆယ် လောက်ဆွဲရတဲ့ အခါကြတော့ အသင်းတွေ ဖွဲ့ကြ ရတယ်။ ရင်းနှီး ချစ် ကြည်မှုရ စေတယ် ဟု ရခိုင်ရိုးရာ ရထားဆွဲ ပွဲကျင်းပရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစန်းကို ကပြော သည်။

အဆိုပါ ရိုးရာပွဲအား မကျင်းပ ဖြစ်သည်မှာ နှစ်ပေါင်း (၆၀) ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ကာ ယခုနှစ်တွင် လေးဝတီ ရခိုင်ရိုးရာ ယဉ်ကျေးမှု အသင်းမှ ဦးဆောင်ပြီး သံတွဲမြို့နယ်၌ ဖေဖော်ဝါရီလ (၂) ရက်နေ့မှ (၃) ရက်နေ့အထိ ညပိုင်းတွင် ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။ ဟိုးရှေးခတ် တုန်းက ရထား ဆွဲပွဲ အောင်မြင်လို့ ရှိရင် အဲဒီဒေသမှာ ဆန်ရေစပါး ပေါများတယ်။ ဘေးအန္တရာယ် ကင်းရှင်းတယ်။ စီးပွား တိုးတက်တယ် ဆိုတဲ့  ယုံကြည်မှု ရှိပါတယ် ဟု ဦးစန်းကိုက ဆက်ပြောသည်။

ရခိုင်ရိုးရာ ရထားဆွဲ ပွဲအား ရပ်ကွက် (၅) ခုတွင် အရပ်ဘက် အဖွဲ့အစည်းများ၊ စစ်တွေ၊ သံတွဲ၊ တောင် ကုတ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ငသိုင်းချောင်းမြို့ များမှ အဖွဲ့များက ပြိုင်ပွဲဝင်ရန် စာရင်းပေး ထားပြီး ပြိုင်ပွဲဝင် စာရင်းအား ဇန်န၀ါရီလ (၂၇) ရက်နေ့ နောက်ဆုံးထား လက်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။

ရထားဆွဲပွဲတွင် အသင်းတစ်သင်း၌ လူအယောက် (၅၀) ခန့်ပါဝင် ကြမည် ဖြစ်ပြီး တစ်ဖက်နှင့် တစ်ဖက် အနိုင်အရှုံး အတွက် သုံးကြိမ် တိုင်တိုင် အားပြိုင်ဆွဲကြ ရသည်။ ရှေးယခင်က ဗိုလ်စွဲသည့် အဖွဲ့မှာ တပိုတွဲ လပြည့်နေ့ သန်းခေါင်မကျော်မီ ရထားကို မီးရှို့ခွင့် ရရှိကြပြီး၊ ယခုခေတ်တွင် ရထားမီးရှို့ခွင့် အပြင် နောက်ဆုံးနေ့တွင် ရွှေဖလား၊ ငွေဖလား စသည့် ဆုများကို ချီးမြှင့်ကြောင်း သိရသည်။

ရထားအား ငွေကုန်ကြေးကျခံကာ ပန်းနွယ်ပန်းခက် သစ်ဝါး အညွန့်အခက် များဖြင့် အလှတန်ဆာ ဆင်ကာ ပြုလုပ်ရပြီး သစ်သားဖြင့် အခိုင် အမာ ပြုလုပ် ထားသော ဘီးလေးလုံးပါ ရထားယာဉ်ငယ် ပေါ်တွင် တပ်ဆင် ကာ တစ်ဖက်နှင့် တစ်ဖက် အပြိုင်အဆိုင် လွန်ဆွဲ ကြသည့် ပွဲတော်တစ်ခု ဖြစ်သည်။

Messenger Nes Journal 

No comments:

Post a Comment