Monday 26 January 2015

မြန်မာ့သမီးငယ် နှစ်ဦးအတွက် တရားမျှတမှု

သမ္မတဦးသိန်းစိန်အစိုးရတက်လာပြီးနောက် နှစ်လအကြာတွင် တစ်ကျော့ပြန်ဖြစ်ပွားသော ကချင်စစ်ပွဲများ ကြောင့် တာလောကြီးကျေးရွာ စစ်ဘေးတိမ်းရှောင် ခဲ့ရသူများတွင် အသက် (၁၇)နှစ်အရွယ် မခေါန်နန် စင်တစ်ယောက်လည်း ပါဝင်သည်။ ဂျန်မိုင်ကောင်းဒုက္ခသည်စခန်းတွင် စစ်ဘေးတိမ်းရှောင်ရင်း စိတ်ဓာတ် မကျဘဲ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် (KBC) ၏ စေတနာ့ဝန်ထမ်းဆရာမတစ်ဦးအဖြစ် လုပ်အား ပေးခဲ့သည်။

သို့သော် ကံတရားက ရက်စက်စွာ မခေါန်နန်စင်နှင့် သူမ၏ သူငယ်ချင်း မရန်လုရာတို့ကို အဖြစ်ဆိုးဖြင့် ဘ၀ကိုနိဂုံးချုပ်စေခဲ့သည်။ လူသူအရောက်အပေါက်နည်းသောဒေသတွင် ကလေးငယ်များစာတတ်မြောက် စေရန် လုပ်အားပေးနေသော အသက် (၂၀)ကျော် အရွယ်စီသာရှိသေးသည့် သူမတို့ နှစ်ယောက်မှာ ရှမ်းပြည် မြောက်ပိုင်း၊ ပန်ဆိုင်း (ကြူကုတ်) မြို့နယ်၊ ကောင်းခါး ကျေးရွာတွင် ဇန်န၀ါရီ ၁၉ ရက်ညက အဓမ္မပြုကျင့် သတ်ဖြတ်ခြင်း ခံခဲ့ရပါသည်။

လုပ်အားပေး ဆရာမငယ်နှစ်ဦး ရက်ရက်စက်စက် သတ်ဖြတ်ခံ ရမှုအတွက် အမှုမှန်ပေါ်ပေါက်ပြီး ထိထိ ရောက်ရောက် အရေးယူရန် ကချင်တိုင်းရင်းသားများ၊ ပြည်တွင်းရှိ အဖွဲ့အစည်းများနှင့် အမေရိကန် အစိုးရက တိုက်တွန်းထားသည်။ ပြည်သူအများစုကလည်း စိတ်ဝင်တစားစောင့်ကြည့်နေသည်။

ယခုဖြစ်စဉ်တွင် ကချင်တိုင်းရင်းသူ မဟုတ်ဘဲ မည်သည့်တိုင်း ရင်းသူက ကျူးလွန်ခံရသည်ဖြစ်ပါစေ ယဉ် ကျေးသော လူ့အဖွဲ့အစည်းတွင် လက်မခံနိုင်သော ဖြစ်ရပ်ဖြစ်ပါသည်။

မည်သည့်တိုင်းရင်းသား ဖြစ်ပါစေ၊ မည်သည့် ဘာသာဝင်ဖြစ်ပါစေ မြန်မာ အမျိုးသမီးငယ်များသာဖြစ်ပြီး အစိုးရက ကိုယ့်တိုင်းပြည်မှ သမီးငယ် နှစ်ဦးအတွက် ပွင့်လင်းမြင်သာစွာ၊ တရားမျှတစွာ ပြတ်ပြတ် သားသား အမှုမှန်ဖော်ထုတ်ပေးရပါမည်။ အလားတူ ယုတ်ညံ့စွာ ပြစ်မှုကျူးလွန်သော တရားခံကိုလည်း မည်သူဖြစ်ပါစေ၊ မည်သည့်အဖွဲ့အစည်းမှဖြစ်ပါစေ ထိုက်တန်သည့် ပြစ်ဒဏ်ချမှတ်ရပါမည်။

ယခုဖြစ်ရပ်တွင် အမှန်တကယ် ကျူးလွန်သူများကို ထိုက်တန်သည့်ပြစ်ဒဏ်မချမှတ်နိုင်လျှင် တရားခံများက အလားတူဖြစ်ရပ်မျိုး ထပ်မံကျူးလွန်ရန် ၀န်လေးမည်မဟုတ်ပါ။

ယခုဖြစ်ရပ်က အစိုးရအတွက်ရော၊ တပ်မတော်အတွက်ရော၊ တရားစီရင်ရေးအတွက်ပါ အလွန်အရေးကြီး ပါသည်။ အကြောင်းမှာ အစိုးရက မည်သို့ကိုင်တွယ်မလဲဆိုသည်နှင့် ကောင်းခါးကျေးရွာတွင် အခင်း ဖြစ်ပွားသော ညက ခမရ (၅၀၃) တပ်မတော်စစ်ကြောင်း စခန်းချခဲ့ပြီး သံသယဖြင့် စစ်ဆေးခံရသူများတွင် တပ်မတော်သား ၃၀ ဦးလည်း ပါဝင်၍ အမှုမှန်ပေါ်ပေါက်အောင် တပ်မတော်က မည်သို့ ပူးပေါင်း ကူညီမလဲဆိုသည်မှာ လွန်စွာအရေးပါလှသည်။

ပီရူးနိုင်ငံသူကို အဓမ္မပြုကျင့်ရန် ကြိုးပမ်းသူအား ထောင်ဒဏ် ၄၃ နှစ်၊ အမေရိကန်နိုင်ငံသူကို အဓမ္မပြုကျင့် သူအား ထောင်ဒဏ်တစ်ကျွန်း ချခဲ့သော မြန်မာ့တရားစီရင်ရေးမဏ္ဍိုင်အနေဖြင့် လုပ်အားပေးဆရာမနှစ်ဦး အဓမ္မပြုကျင့်ခံရပြီး ရက်ရက်စက်စက်အသတ်ခံရမှုကို မည်သို့စီရင်ချက်ချမည်လဲဆိုသည်က သမိုင်းဝင် ဖြစ်ရပ်တစ်ခု ဖြစ်လာပါတော့မည်။

ထို့ကြောင့် တာဝန်ရှိသူများကလည်း အဖြစ်ဆိုးဖြင့် ကြုံခဲ့ရသော စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦးအတွက် စာနာစွာ၊ အမြော်အမြင်ကြီးစွာ၊ အဂတိလေးပါးကင်းစွာ၊ သမာသမတ်ကျစွာ စုံစမ်းဖော်ထုတ်အရေးယူရန် တိုက်တွန်းအပ်ပါသည်။

7Day DAILY 

No comments:

Post a Comment