Monday 26 January 2015

ကျောင်းသားသပိတ် စစ်ကြောင်းများ ထပ်တိုးချဲ့ရန်နှင့် ရန်ကုန်တွင် သပိတ်စခန်းဖွင့်ရန် စီစဉ်

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်သပိတ်မှောက်ပွဲများ နိုင်ငံလုံးအနှံ့ ထပ်မံပေါ်ပေါက်လာစေရန် အထက်မြန်မာပြည် သပိတ်စစ်ကြောင်းများအပြင် အောက်မြန်မာပြည် သပိတ်စစ်ကြောင်းများပါ ထပ်မံ တိုးချဲ့ရန် စီစဉ်နေပြီး ရန်ကုန်တွင် သပိတ်စခန်းဖွင့်မည် ဖြစ်ကြောင်း ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုရဲဇာနည်ထွန်းက The Voice သို့ ပြောကြားသည်။

အဆိုပါ သပိတ်စစ်ကြောင်းများသည် ရန်ကုန်မြို့တော်တွင် ပူးပေါင်းပြီး သပိတ်စခန်း ဖွင့်လှစ်ရန် စီစဉ် ထားခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

မန္တလေး သပိတ်စစ်ကြောင်း၊ မြေလတ်ဒေသ သပိတ်စစ်ကြောင်း၊ ထားဝယ် သပိတ်စစ်ကြောင်း၊ ဧရာဝတီ သပိတ် စစ်ကြောင်းနှင့် ရခိုင်သပိတ်စစ်ကြောင်းများ အသီးသီးခွဲထားကြပြီး လက်ရှိအချိန်တွင် မြေလတ် ဒေသ သပိတ်၊ ဧရာဝတီ သပိတ်နှင့် ရခိုင်ပြည်နယ် သပိတ်စစ်ကြောင်းများကို ရန်ကုန်မြို့တွင် ပူးပေါင်းရန် ညှိနှိုင်းနေကြောင်း သပိတ်ဦးဆောင်ကော်မတီထံမှ သိရှိရသည်။

“ကျွန်တော်တို့ လုပ်တာ အောင်မြင်မယ်၊ မအောင်မြင် ဆိုတာတော့ မသိရသေးဘူးလေ။ ဒါပေမဲ့ တိုးတိုး တိတ်တိတ် အတည်ပြုခဲ့တဲ့ အမျိုးသားပညာရေး ဥပဒေကို အခုတော့ ပြည်သူလူထုက သိလာပြီ” ဟု ကိုရဲဇာနည်ထွန်းက ထပ်လောင်းပြောကြားသည်။

မြေလတ်ဒေသ ကျောင်းသားသပိတ်စစ်ကြောင်း ကော်မတီဝင်များနှင့် မန္တလေးမြို့တော်မှ ချီတက်လာ သော သပိတ်စစ်ကြောင်း ပူးပေါင်းရေး အတွက်လည်း လတ်တလော ညှိနှိုင်းဆဲရှိကြောင်း၊ ညှိနှိုင်းမှု အောင်မြင်ပါက ပခုက္ကူ၊ မကွေး၊ ရေနံချောင်း၊ ချောက်နှင့် ပြည်မြို့နယ်တို့မှ ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းပါဝင်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယင်းအပြင် ဧရာဝတီ စစ်ကြောင်းတွင် မြောင်းမြ၊ ပုသိမ်၊ ဟင်္သာတ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ မအူပင်၊ ကျိုက်လတ်၊ ဖျာပုံနှင့် ဒေးဒရဲတို့မှ ကျောင်းသားသမဂ္ဂများ ပါဝင်မည်ဖြစ်ကြောင်း၊ ယင်းအပြင် မွန်ပြည်နယ် ကျောင်းသားသမဂ္ဂများဘက်ကလည်း ပါဝင်ပူးပေါင်းရန် စီစဉ်နေကြောင်း အဆိုပါသမဂ္ဂ အသိုင်းအဝိုင်းထံမှ သိရှိရသည်။

“ခရိုင်တွင်း ကျောင်းသားတွေ အနေနဲ့ကတော့ ဆွေးနွေးနေပါတယ်။ သပိတ်ကော်မတီနဲ့ ဘယ်လို ပေါင်းမယ်ဆိုတာ၊ ဘယ်လမ်းကြောင်းဆိုတာ သွားခါနီးမှ ဆုံးဖြတ်မှာပါ။ သပိတ်ကော်မတီနဲ့လည်း ဆွေးနွေး ဦးမှာပါ” ဟု ဟင်္သာတ နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ တာဝန်ခံ ကိုမျိုးမင်းဇော်က The Voice သို့ ဆိုသည်။

မန္တလေးမြို့တော်မှ ဇန်နဝါရီလ ၂၀ ရက်နေ့က ထွက်ခွာခဲ့သော သပိတ်စစ်ကြောင်းသည် ဇန်ဝါရီလ ၂၅ ရက်နေ့တွင် မြင်းခြံမြို့သို့ ရောက်ရှိခဲ့သည်။

ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သပိတ်မှောက် ကျောင်း သားများ တောင်းဆိုနေသည့် ဗဟိုချုပ်ကိုင်မှု လျှော့ချပေးရန် အပါအဝင် တောင်းဆိုချက်များကို ထည့် သွင်းပြီး အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပညာရေး ဝန်ကြီးဌာနက ပြန်လည်ပြင်ဆင်ရေးဆွဲရန် ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတထံ သဝဏ်လွှာ ပြန်ပို့ရန် ဆုံးဖြတ်ခဲ့သည်။

The Voice Weekly 

No comments:

Post a Comment