Monday 26 January 2015

မ.ထ.သ မှ သယ်ယူ ပို့ဆောင်ရေး ကဏ္ဍ အတွက် (၂) ရာခိုင်နှုန်းကျော်သာ တာဝန်ယူနိုင်သေး

ရန်ကုန်မြို့နေ ပြည်သူများ သွားလာရေး အတွက် သယ်ယူ ပို့ဆောင်ရေး ကဏ္ဍမှ တစ်လလျှင် (၂ ဒသမ ၃) ရာခိုင်နှုန်းခန့်သာ တာဝန်ယူ ပို့ဆောင်ပေးနိုင် သေးကြောင်း မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။ ယင်းကဲ့သို့ ဖြစ်ပေါ်ရခြင်းမှာ ခရီးသည်နှင့် ယာဉ်အစီးရေ မျှတမှု မရှိခြင်း၊ ယာဉ်လိုင်း တချို့မှ ရပ်နား ထားခြင်း စသည် တို့ကြောင့် သယ်ယူ ပို့ဆောင်ရေး ကဏ္ဍတွင် ရာခိုင်နှုန်း အနည်းငယ်သာ တာဝန်ယူနိုင် သေးကြောင်း သိရသည်။

ပြီးခဲ့တဲ့ နှစ်ကတော့ ပြည်သူတွေကို သွားလာရေး ကဏ္ဍမှာ ထိရောက်စွာ ပံ့ပိုးပေးခြင်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဒီနှစ်မှာတော့ သယ်ယူ ပို့ဆောင်ရေးကို အကောင်းဆုံး ဖြစ်ဖို့ ကြိုးပမ်းနေ ပါတယ် ဟု မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဦးလှအောင်က  ပြောသည်။ သို့ဖြစ်၍ ၂၀၁၅ ခုနှစ်တွင် ပြည်သူများ သွားလာရေး အတွက် ထိရောက်စွာ ပံ့ပိုးပေးနိုင်ရန် ယာဉ်ကြီး များဖြင့် အစားထိုး လဲလှယ်ခြင်း၊ ယာဉ်လိုင်းသစ်များ ထပ်မံပြေးဆွဲခြင်း စသည်တို့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယာဉ်လိုင်းများ ခရီးစဉ် အစ အဆုံးပြေးဆွဲစေရန် GSP စနစ်အား ယာဉ်များပေါ်တွင် တပ်ဆင်ကာ စောင့်ကြည့် သွားမည် ဖြစ်ပြီး၊ ခရီးစဉ် အစအဆုံး ပြေးဆွဲခြင်း မပြုပါက အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ မနက်ရုံးချိန် ဆိုရင် ကိုယ်သွားမယ့် ခရီးကို ရောက်တဲ့ လိုင်းကား ကနည်းတော့၊ လူကများ ပြီးကားက နည်းနေ တာပေါ့။ အဲဒီတော့ ကျပ်ညပ်ပြီးတော့ပဲ မဖြစ်မနေ စီးနေရတာပဲ ဟု သုဝဏ္ဏမြို့ (၂၉) ရပ်ကွက် တွင် နေထိုင်သည့် ကုမ္ပဏီ ၀န်ထမ်း မထက်ထက်အောင်က ဆိုသည်။

ယခုလက်ရှိ မထသ (ဗဟို) လက်အောက်တွင် ယာဉ်လိုင်း (၃၆၅) လိုင်းမှ ယာဉ်အစီးရေ (၆၇၀၄) စီး မှတ်ပုံ တင်ထား သော်လည်း အမှန်တကယ် ပြေးဆွဲနေသည့် ယာဉ် အစီးရေမှာ (၄၀၀၀) ကျော်ခန့်သာ ရှိကြောင်း မထသ (ဗဟို) မှ သိရသည်။ ယာဉ်အစီးရေ(၂၀၀၀) ကျော်မှာ ရပ်နား ထားခြင်း ကြောင့် နေ့စဉ် မော်တော် ယာဉ်စီးနင်းသူ ပြည်သူ သုံးသိန်းကျော်အား ယာဉ်အစီးရေ (၄၀၀၀) ကျော်ဖြင့်သာ ပို့ဆောင်ပေးနေ ရ၍ ထိရောက်စွာ ပံ့ပိုးနိုင်မှု မရှိခြင်း ဖြစ်ကြောင်း သိရသည်။

Messenger News Journal 

No comments:

Post a Comment