Wednesday 30 December 2015

ဘာသာတရား ဆိုတာ လူတိုင်း လိုက်နာကျင့်ကြံ ပွားများ အားထုတ်သင့်တဲ့ အရာပါပဲ Oasix

လူကြီး၊ လူငယ် ဘယ်သူမဆို အချိန်ရရင် ရသလောက် ဘာသာရေး လိုက်စား ကျင့်ကြံပွား များကြမယ်ဆို စိတ်ငြိမ်းချမ်းမှုတွေ ရရှိခံစားရ မှာ ဧကန်ပဲဖြစ်ပါတယ်။
ဘုရားရိပ် တရားရိပ်မှာ ခိုလှုံမွေ့လျော်ခြင်း ကနေ ဗုဒ္ဓဘုရားရဲ့ ဓမ္မစကား အဆုံးအမ များမှ လောက နိယာမ သဘောတွေ၊ လူမှုဘဝ အနှစ် သာရတွေ ညွှန်းဆိုပြတာမို့ ကောင်း ခြင်းဂုဏ်အင် မေတ္တာတရားရိပ် ဆင်ကာ စိတ်အေးချမ်း စေပါတယ်။ ဘာသာတရား လိုက်စား ကျင့်ကြံ ပွား များကြ အနုပညာရှင်တွေ ထဲမှာ ဂီတမျိုးဆက်သစ် လူငယ် အနုပညာရှင် တစ်ဦးဖြစ်တဲ့ Oasix လည်း ပါဝင်နေတာ တွေ့ရှိ ရပါတယ်။ သူ့ရဲ့ဘာသာတရား အပေါ် ကိုးကွယ် ယုံကြည် သက်ဝင်မှုနဲ့ ဘုရားသွား ကျောင်းတက် လုပ်ကာ ဂုဏ်တော်များ ရွတ်ဖက် ပွားများပြီး အနုပညာ အလုပ်အကိုင်တွေရော၊ လူမှုရေးရာ ကိစ္စ တွေပါ အားလပ်ချိန် ရရင် ရသလောက် ကုသိုလ်ပြု လုပ်ကိုင်ဖြစ်ပုံတွေ ကို ထပ်ဆင့် ကုသိုလ်ပွား များကာ သာဓုခေါ်ဆို ကြည်ညို သဒ္ဓါပွား များလာစေဖို့ ဖော်ပြ လိုက်ရပါတယ်။

အချိန်ရရင်ရသလောက် ဘုရားမှာ သွားဆုတောင်းဖြစ်တယ်

“ကျွန်တော် အားတဲ့အချိန်တွေ ဆို တစ်ပတ်မှာ တစ်ခါ ကျွန်တော့် မွေးနေ့ဖြစ်တဲ့ သောကြာနေ့မှာ ဘုရား သွားဖြစ်တယ်။ ဒါမှမဟုတ် ရင် ကျွန်တော် ခရီးတွေ သွားစရာရှိ လို့ပဲဖြစ်ဖြစ်၊ ပွဲတွေ ရှိလို့ပဲဖြစ်ဖြစ် အဲဒီ အချိန်တွေမှာဆို တစ်ရက်၊ နှစ် ရက်လောက် ကြိုပြီးတော့ ဘုရားမှာ သွားဆုတောင်း ဖြစ်တယ်။ ဥပမာ – စိတ်ညစ်စရာတွေ တအားများနေ တာတို့၊ ဒါမှမဟုတ် အလုပ်တစ်ခု ကို သေသေချာချာ လုံးဝ လုပ်လို့မရ တော့ဘူး ဆိုရင် ကျွန်တော် ဘုရား သွားလိုက်တယ်။ ဘုရားပေါ် စရောက် လိုက်တာနဲ့ စိတ်ကတော့ ငြိမ်းချမ်း သွား တယ်။ ကျန်တာတွေ မေ့ပြီးတော့ ပေါ့။ ပြီးရင် ဘုရား ရှိခိုးလိုက်တယ်။ တအားကို စိတ်အေးချမ်းပါတယ်”

ဘာသာတရားက ဘဝအတွက် အရေးပါတယ်

“ဘာသာတရား ဆိုတာ လူတိုင်း လိုက်နာ ကျင့်ကြံပွားများ အားထုတ် သင့်တဲ့အရာပါပဲ။ အဲဒီလိုမျိုး ဆိုတော့ ကျွန်တော့် အနေနဲ့ ဘာသာ တရား ကို ယုံကြည်တယ်။ ဘာသာတရားက ကျွန်တော့် ဘဝအတွက် အရေးပါတဲ့ အစိတ် အပိုင်း တစ်ခုအဖြစ် တည်ရှိပါ တယ်။

ကျွန်တော့် အစ်ကိုလိုခင်ရတဲ့ အစ်ကိုတစ်ယောက် ကပြောဖူးတယ်။ အနုပညာ အလုပ်လုပ်မယ် ဆိုရင် ဘာ သာရေး လုပ်တာ ပိုကောင်း တယ်ပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်ဘာ သာဝင်ပဲဖြစ်ဖြစ် ဘာသာ တရားကို လုပ်တဲ့အခါမှာ ကိုယ့်ကို အားပေးကြ တဲ့ သူတွေ ကို မေတ္တာ ထားနိုင်မယ်။ မေတ္တာတရား ဆိုတာကလည်း ရောင် ပြန်ဟပ်တယ်လေ။

တကယ်လည်း အဲဒီလိုမျိုး မေတ္တာထားရင် သူတို့ ကပြန်ပြီးတော့ ကိုယ့်အပေါ်ကို မေတ္တာ ထားနိုင်မယ်။ ကျွန်တော့် အနေ နဲ့ဆိုရင် အနုပညာ အလုပ် လုပ်လာခဲ့တဲ့ တစ်လျှောက်မှာ အဲဒီလိုမျိုး ပြန်ခံစားရပါတယ်”

ဘုရားဂုဏ်တော်ပွားများတယ်

“ကျွန်တော် ညအိပ်တော့မယ့် အချိန်၊ မနက် အိပ်ရာနိုးလာတဲ့ အချိန်၊ ခရီးသွားတော့မယ့် အချိန် တွေမျိုးမှာ ဘုရားဂုဏ်တော် ကိုးပါးရယ်၊ သမ္ဗုဒ္ဓေ ရယ် အမြဲရွတ်ဖြစ်ပါတယ်”

ဘာသာတရားကို သက်ဝင်ယုံကြည်စေချင်တယ်

“ပရိသတ်တွေ ကို ပြောချင်တာ က ဘယ် အလုပ်မဆို ကိုယ့် အလုပ်ကို တော့ ကြိုးစားပြီး လုပ်ကြပါ။ အဲဒီ လိုလုပ်ရင်းနဲ့ ဘယ်ဘာသာ တရားပဲ ဖြစ်ဖြစ် ကိုယ့် ကိုးကွယ် ယုံကြည်ရာ တရား တစ်ခုခုကို ယုံကြည် သက်ဝင် ပြီးတော့ ကိုးကွယ်မယ် ဆိုလို့ရှိရင် ကံ ကောင်း လာပြီး ကိုယ်လုပ်တဲ့ အလုပ် က အဆင်ပြေ လာနိုင်တယ်လို့ ထင်မြင်မိပါတယ်”

မျိုးမောင်
Popular Journal

No comments:

Post a Comment