Wednesday 22 August 2012

စားသောက်ကုန်များတွင် အန္တရာယ်ဖြစ်စေသည့် ဇီဝပိုးများပါဝင်နေ

စားသောက်ကုန်များတွင် အန္တရာယ်ဖြစ်စေသည့် ဇီဝပိုးများပါဝင်နေ
ပြည်တွင်းထုတ်ကုန်နှင့် ပြည်ပမှ တင်သွင်းသည့် စားသောက်ကုန် ပစ္စည်းများတွင် လူကို အန္တရယ်ဖြစ်စေနိုင်သည့် အဏုဇီဝပိုးများ ပါဝင်သည် ကိုတွေ့ရှိရကြောင်း မြန်မာနိုင်ငံ စိုက်ပျိုးရေးအခြေခံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချ သူများ အသင်း ဒုတိယဥက္ကဋ္ဌ ဦးစိန်သောင်းဦး ကပြော သည်။ ပြည်တွင်းထုတ်လုပ်သည့် စားသောက်ကုန် ပစ္စည်း ၁၃၅ မျိုးကို နမူနာအဖြစ် စမ်းသပ်စစ်ဆေးရာ တွင် အန္တရာယ်ဖြစ်စေသည့် အဏုဇီဝပိုးမွှားပစ္စည်း ၂၂ မျိုးတွင် ပါဝင်သည်ကိုတွေ့ရှိရပြီး ရာခိုင်နှုန်းအားဖြင့် ၁၆ ဒသမ ၃ ပါဝင်ကြောင်း ၎င်းကပြောသည်။ ထို့ပြင် ပြည်ပမှတင်သွင်းသည့် စားသောက်ကုန်ပစ္စည်း ၁၄ မျိုးကို နမူနာအဖြစ်စစ်ဆေးရာတွင် ပစ္စည်း ၇ မျိုးတွင် အဏုဇီဝပိုးများပါဝင်နေပြီး ရာခိုင်နှုန်း အားဖြင့်ကြည့်ပါက ၅၀ ရာခိုင်နှုန်းထိပါဝင်နေကြောင်း ၎င်းကဆက်လက်ပြောသည်။ အသင်းက တည်ထောင်ထားသည့် စားသောက်ကုန်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုဓာတ်ခွဲခန်းတွင် ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့သည့်နှစ်အတွင်း စစ်ဆေးစဉ် အထက်ပါအ တိုင်း တွေ့ရှိခဲ့ခြင်းဖြစ် သည်။ ပြည်တွင်းထုတ် စားသောက်ကုန်များကို နမူနာအဖြစ်စစ်ဆေးရာ တွင် ဈေးကွက်အတွင်းရောင်းချနေ သည့် ပစ္စည်းများကို ရွေးချယ်စစ်ဆေးခြင်းမဟုတ်ဘဲ ထုတ်လုပ်သည့်လုပ်ငန်းရှင်များ တိုက်ရိုက်ရွေးချယ်ပေး သည့် ပစ္စည်းများကိုသာ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ "ထုတ်လုပ်တဲ့လုပ်ငန်းရှင်တွေက သူတို့ရဲ့ ထုတ်ကုန်တွေထဲက ပစ္စည်းကောင်းတွေကို နမူနာအဖြစ် စစ်ဆေးဖို့ ပေးတဲ့ထဲမှာတင် ပိုးတွေပါဝင်နေတာကို တွေ့နေရတယ်" ဟု ၎င်းကပြော သည်။ ပြည်ပမှတင်သွင်းသည့် စားသောက်ကုန်များကိုမူ ဈေးကွက်အတွင်းမှ ရယူစစ်ဆေးခြင်းကြောင့် စစ်ဆေးတွေ့ရှိချက်ပေါ်မူတည်ပြီး အသင်းဝင်များတင်သွင်းလာသည့် စားသောက်ကုန်များ စံချိန်စံညွှန်းနှင့် အညီ တင်သွင်းရေးကိုသာ အသင်းက အသိပေးနိုင်ပြီး အစိုးရအဖွဲ့အစည်းကဲ့သို့ အရေး ယူဆောင်ရွက်နိုင်ခြင်းမရှိကြောင်း ၎င်းကပြောသည်။ သို့သော် အဆိုပါစစ်ဆေးတွေ့ရှိချက်များကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် တင်သွင်းလာသည့် စားသောက်ကုန်များနှင့် ပြည်တွင်း ထုတ် ပစ္စည်းများကို စစ်ဆေးကြီးကြပ်ရာတွင် ယခုထက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း ၎င်းကသုံးသပ်ပြောသည်။ ပိုးမွှားပါရှိသည့် စားသောက်ကုန်များကို ဈေးကွက်အတွင်း မှ ပြန်လည်သိမ်းယူ သည့်စနစ် ကျင့်သုံးနိုင်ခြင်းရှိ၊မရှိမှာ စားသုံးသူဆိုင်ရာ ကာကွယ်သည့်ဥပဒေ ပြဋ္ဌာန်းအ တည်ပြုနိုင်ခြင်း မရှိသေးဘဲ စားသုံးသူကာကွယ်ရေးဥပဒေမူကြမ်း (Consumer Protection Law) အဆင့်သာ ပြီးစီးသေးကြောင်း သိရသည်။ "လက်ရှိမှာ ဥပဒေမရှိသေးတဲ့အတွက် ပိုးပါတဲ့ပစ္စည်းတွေကို မသိမ်းဆည်းနိုင်သေးဘူး" ဟု၎င်းကပြောသည်။ အာဆီယံဒေသတွင်း နိုင်ငံများတွင် ၎င်းဥပဒေ ကို မြန်မာနိုင်ငံမှလွှဲ၍ ကျန်နိုင်ငံများတွင် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး မှ ၁၉၈၅ ခုနှစ်တွင် စားသုံးသူများ၏အခွင့်အရေးကို ကာကွယ်ပေးနိုင်ရန် စားသုံးသူများအတွက် ၀ယ်ချင်သည့် ပစ္စည်းအား စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်ရှိရန်၊ ၀ယ်ချင်သည့်ပစ္စည်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်ကို ရယူနိုင်ရန်၊ ၀ယ်ယူသည့်ပစ္စည်းသည် လုံခြုံစိတ်ချရန်၊ ၀ယ်လိုသည့် ပစ္စည်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်ကို သိရှိနိုင်ရန်၊ စားသုံးသူတို့၏ အခြေခံလိုအပ်ချက် များနှင့်ပတ်သက်၍ ကျေနပ်မှုရရှိရန်၊ အလျော်အစားရပိုင်ခွင့်ရှိရန်၊ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ ပညာရပ်များ သင်ကြားနိုင်ခွင့်ရှိရန် ပိုမိုလုံခြုံစိတ်ချရသည့် ပတ်ဝန်းကျင်အား ရွေးချယ်ပိုင်ခွင့်ရှိရန်တို့ကို သတ်မှတ်ပေးခဲ့သည်။

No comments:

Post a Comment