Wednesday 1 July 2015

အကျဉ်းထောင် ဥပဒေ ပြင်ဆင်ရန် ပြည်ခိုင်ဖြိုး ပါတီထံ အကြံဉာဏ် တောင်းမည်

မကြာသေးမီက ထွက်ရှိလာသော အကျဉ်းထောင် ဥပဒေအား ပြင်ဆင်နိုင်ရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကို ဖိတ်ကြား ဆွေးနွေး အကြံဉာဏ် တောင်းခံသွားမည် ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ထံမှ သတင်း ရရှိသည်။

ယခုလ (၂၈) ရက်နေ့က နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးစီး ကျင်းပခဲ့သည့် အကျဉ်းထောင် ဥပဒေနှင့် ပတ်သက်၍ Debate ပွဲတစ်ခုတွင် အကျဉ်းထောင် ဥပဒေအား ပြင်ဆင်ရန် ဆွေးနွေးခဲ့ကြသည်။

“ကြံ့ခိုင်ရေး ပါတီက လွှတ်တော်ထဲမှာ နေရာ အများကြီးရှိတယ်။ ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးမယ် ဆိုရင် ကြံ့ခိုင်ရေး ပါတီက လွှတ်တော် ကိုယ်စားလှယ် လောင်းတွေလည်း ဆွေးနွေးဖို့ လိုအပ်တယ်လို့ ထင်တယ်။ ဒါကြောင့် ကြံ့ခိုင်ရေး ပါတီက လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း ဖိတ်ကြား သွားမယ်။ တက်တာ မတက်တာ သူတို့အပိုင်းပေါ့”” ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးတင်မောင်ဦးက The Messenger Media သို့ ပြောသည်။

အကျဉ်းထောင် ဥပဒေ ပြင်ဆင်နိုင်ရန် အတွက် လာမည့် ဇူလိုင်လ အတွင်း နိုင်ငံတကာ ဥပဒေ ပညာရှင်များ၊ နိုင်ငံတကာ လူ့အခွင့်အရေး ပညာရှင်များ၊ လွှတ်တော်ထဲမှ လွှတ်တော် ကိုယ်စားလှယ်များ၊ ဥပဒေ တတ်ကျွမ်းသည့် လွှတ်တော် ကိုယ်စားလှယ်များကို ဖိတ်ကြား၍ အစည်းအဝေး တစ်ခု ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ထံမှ သိရသည်။

““ကျွန်တော်တို့ နိုင်ငံတကာ အဖွဲ့အစည်းကို ဖိတ်ကြားပေမယ့် သူတို့ အဖွဲ့အစည်းတွေက တက်ချင်မှ တက်လိမ့်မယ်။ ဒါပေမဲ့ မတက်ရောက် ခဲ့ရင်တောင် ဒီအဖွဲ့ အစည်းတွေရဲ့ အကြံဉာဏ်တွေကို ရယူသွားမယ်။ အဲဒီဥပဒေ ပြင်ဆင်ချက်ကို တစ်စောင်လုံး ပြင်ရင်လည်း ပြင်မယ်။ ဒါမှမဟုတ်ရင် အချက် တချို့ကိုသာ ပြင်ဆင်ဖို့ လုပ်ရင် လုပ်မယ်။ ပြီးရင်ရလာတဲ့ အချက်တွေကို လွှတ်တော်ထဲက ဥပဒေကြမ်း ကော်မတီကို တင်ပြသွားမယ်”” ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် ၁၈၉၄ ခုနှစ်၊ အိန္ဒိယ ဥပဒေဟု သုံးနှုန်းသည့် အကျဉ်းထောင် ဥပဒေကို အခြေခံကာ ၁၉၀၇ ခုနှစ်တွင် လည်းကောင်း၊ ၁၉၂၀ ပြည့်နှစ်တွင်လည်း ပြင်ဆင် အသုံးပြုခဲ့ပြီး အကျဉ်းထောင် လက်စွဲနှင့် ပူးတွဲ အသုံးပြုခဲ့သည်။ ထို့အပြင် လက်ရှိ ဥပဒေကြမ်းသည် အဆိုပါ ဥပဒေ သုံးခုနှင့် အကျဉ်းထောင် လက်စွဲကို ပေါင်းစပ် ရေးဆွဲထားခြင်း ဖြစ်ကြောင်း ဥပဒေ ပညာရှင်များက ပြောသည်။

““ကျွန်တော်တို့ ပါတီ အနေနဲ့ လက်ရှိအချိန်မှာ အရေးကြီးတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို လုပ်ဆောင်နေတာ ရှိတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ စည်းရုံး လှုံ့ဆော်နေတာတွေ ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို ဖိတ်ကြားမယ် ဆိုရင်တော့ ကျွန်တော်တို့ဆီက လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်သွားမှာပါ”” ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဗဟိုကော်မတီဝင် ဦးအောင်သိန်းလင်းက The Messenger Media သို့ ပြောသည်။

၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ခန့်မှန်းခြေ အကျဉ်းထောင် (၄၅) ခု၊ ရဲဘက် စခန်းပေါင်း (၁၀၀) ကျော်၊ အကျဉ်းသား အချုပ်သားပေါင်း ခြောက်သိန်းခန့် ရှိပြီး၊ တစ်နိုင်ငံလုံး အတိုင်းအတာအရ လူတစ်သိန်းတွင် အကျဉ်းသား (၁၁၃) ဦး ရှိကြောင်း အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ထုတ်ပြန်သည့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာတွင် ဖော်ပြထားသည်။

အကျဉ်းသားများသည် အဆမတန် လူဦးရေ ကျပ်တည်းခြင်း၊ အချုပ်များ အလွန်များခြင်း၊ သတ်မှတ် ထားသကဲ့သို့ မဟုတ်ဘဲ အကျဉ်းသားများအား အမျိုးအစား မခွဲခြားခြင်း ဆိုးရွားသည့် ထောင်တွင်း ကျန်းမာရေး တိုက်ပိတ် ပြစ်ဒဏ်၊ အလုပ်ကြမ်း ခိုင်းစေခြင်း၊ ထောင်ဝင်စာ အခွင့်အရေးများ ဆုံးရှုံးခြင်း စသည်တို့ကို ဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံ အကျဉ်းထောင် စနစ်ကို ပြုပြင် ပြောင်းလဲရမည် ဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Messenger News Journal 

No comments:

Post a Comment