Wednesday 1 July 2015

လွှတ်တော်တွင်းရှိ တပ်မတော်သားကိုယ်စားလှယ်များ ထွက်ခွာပေးရန် ဆန္ဒပြတောင်းဆို ====== ဆန္ဒပြအဖွဲ့နှင့် ရဲတပ်ဖွဲ့ထိပ်တိုက်တွေ့ဆုံ

ဇွန်လ၃၀ရက်က ရန်ကုန်မြို့တွင် ဆန္ဒပြသူများနှင့်ရဲတပ်ဖွဲ့ဝင်များ ထိပ်တိုက်ရင်ဆိုင်တွေ့နေစဉ်-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ) 
 ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ပေးရန်နှင့် လွှတ်တော်တွင်းရှိ တပ်မတော်သား ကိုယ်စားလှယ် ၂၅ရာခိုင်နှုန်း ထွက်ခွာပေးရန် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှကျောင်းသား ၅၀ခန့်က ရန်ကုန်မြို့တွင် ကန့် ကွက်ဆန္ဒပြတောင်းဆိုခဲ့ကြပြီး ဆန္ဒပြသူများနှင့်လုံခြုံရေးတပ်ဖွဲ့ ၀င်များ ထိပ်တိုက်တွေ့ဆုံခဲ့သည်။

အဆိုပါဆန္ဒပြပွဲကို ဇွန်လ ၃၀ရက် ညနေ ၃နာရီတွင် သိမ်ကြီးဈေးမှ စတင်ခဲ့ကာ ဟောပြောမှုများပြုလုပ် ခဲ့ပြီးနောက် မြို့တော်ခန်းမ ရှေ့သို့ လမ်း လျှောက် ထွက်ခွာခဲ့ကြသည်။

သိမ်ကြီးဈေးမှ စတင်ထွက် ခွာချိန်တွင် ရဲတပ်ဖွဲ့များက သွား ရောက်ခွင့် မပေးဘဲ ကျောင်းသားများ လမ်းလျှောက်ချီတက်သည့် မဟာဗန္ဓုလမ်းမကြီးကို ပိတ်ဆို့ ထားခဲ့သည်။ ရဲတပ်ဖွဲ့က လူစု ခွဲပေးရန် ပြောကြား ခဲ့သော်လည်း ကျောင်းသားများက အတားအ ဆီးများကို အတင်းတိုး ထွက်ခဲ့ကြ သည်။

ထို့အပြင် ၂၅လမ်းထိပ်တွင်  ၁၀မိနစ်ကြာ ထပ်မံပိတ်ဆို့ခဲ့ရ ခြင်းကြောင့် ကျောင်းသားများက အတားအဆီး များကို ထပ်မံတိုး ထွက်ခဲ့ကြသည်။ ရဲတပ်ဖွဲ့ကပိတ် ဆို့တားဆီးမှုများအကြိမ်ကြိမ်ပြု လုပ်နေသောကြောင့် ပြည်သူအ ချို့ကကျောင်းသားများဘက်မှဝန်းရံပေးခဲ့သည်ကိုတွေ့ရသည်။

၂၈လမ်းထိပ်တွင် ရဲတပ်ဖွဲ့ က အင်အား ၂၀၀ခန့်ဖြင့် ထပ်မံ တားဆီးရာကျောင်းသားများက အတင်း တိုးထွက်သောကြောင့် ၁၅ မိနစ်ခန့်ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။  ရဲတပ်ဖွဲ့သည် ကျောင်းသား များအား မြို့တော်ခန်းမရှေ့ထိ သွားလာခွင့်မပေးဘဲပိတ်ဆို့တားဆီးမှုများသုံးကြိမ်ပြုလုပ်ခဲ့သော်လည်း အကြမ်းဖက်လူစုခွဲခြင်းမရှိခဲ့ပေ။

မြို့တော်ခန်းမ ရှေ့တွင် ကျောင်းသားခေါင်းဆောင်များ က ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေး ရန်နှင့် လွှတ်တော်အတွင်းမှ တပ်မတော်သားကိုယ်စားလှယ် ၂၅ရာခိုင်နှုန်းထွက်သွားရေးအတွက် ဟောပြောမှုများပြုလုပ်ခဲ့ကြသည်။

‘‘ကျွန်တော်တို့ လွှတ်တော်ထဲမှာ ၂၅ရာခိုင်နှုန်းရှိတဲ့ တပ်မတော်သားတွေ ထွက်သွားပေးဖို့ ဆန္ဒထုတ်ဖော် တာပါ။   ဘာကြောင့်လဲဆိုတော့ ပြည်သူရွေး ကောက်ခံကိုယ်စားလှယ်မဟုတ် ဘဲနဲ့ ဒီမိုကရေစီရဲ့ သရုပ် မှန်ဖြစ် တဲ့ လွှတ်တော်ဆိုတဲ့နေရာမှာဝင် ရောက်ပြီး ပြည်သူရဲ့အရေးအရာ တွေဆုံးဖြတ်နေတာဟာ လွှတ် တော်ဆိုတဲ့ စကားလုံးစကားရပ်နဲ့ မလျော်ညီသလို ဒီမိုကရေစီဆိုတဲ့ စံနှုန်းနဲ့လည်းလုံးဝမကိုက်ညီတဲ့ အတွက် ဒီတပ်မတော်သားကိုယ် စားလှယ် ၂၅ရာခိုင်နှုန်းလွှတ် တော်ထဲက ထွက်သွားနိုင်ဖို့ ကျွန် တော်တို့ ဒီနေ့ဆန္ဒပြတောင်းဆိုရ ခြင်းဖြစ်ပါတယ်’’ဟု ရန်ကုန်စီး ပွားရေးတက္ကသိုလ်ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ ကိုဇေယျာလွင်က ပြောသည်။

လွှတ်တော်တွင်းမှ တပ်မတော်သား ၂၅ရာခိုင်နှုန်းထွက်ခွာ ပေးရန် တောင်းဆိုလှုပ်ရှားမှုများကို ပြည်သူ များက  ပူးပေါင်း ပါဝင်စေလိုကြောင်း တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှကျောင်း သားကိုနန်းလင်းက ပြောသည်။

ယခုဆန္ဒပြပွဲကို ခွင့်ပြုချက် ကြိုတင်မတောင်းခံဘဲ ပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈ဖြင့်အရေးယူမည်ဖြစ်ကြောင်း အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ကျောင်းသားများသည် ည နေ ၄နာရီတွင် ဆန္ဒပြမှုကိုရုပ်သိမ်း ကာ လူစုခွဲသွားခဲ့သည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေမှ အရေးပါသည့်ပုဒ်မအချို့ ပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်တွင် ဇွန်လ ၂၅ရက်က မဲခွဲဆုံးဖြတ်ခဲ့ရာ အများမျှော်လင့်သည့်ပုဒ်မများမပြင်ဆင်နိုင်ခဲ့ဘဲ ပုဒ်မ ၅၉(ဃ)မှ စာစုတစ်ခု သာ ပြင်ဆင်နိုင်ခဲ့သည်။

7Day DAILY 

No comments:

Post a Comment