Wednesday 1 July 2015

သမ္မတနှင့် ဒုသမ္မတများ ပါတီ လုပ်ငန်းများ၌ ပါဝင်မှုကို တပ်မတော်သား ကိုယ်စားလှယ် ကန့်ကွက်

ပြည်ခိုင်ဖြိုး ပါတီမှ တင်သွင်းသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆(ခ) ပြင်ဆင်ချက်တွင် သမ္မတနှင့် ဒုသမ္မတများမှ ပါတီ လုပ်ငန်းများ၌ ပါဝင်ပတ်သက်မှု မရှိစေရ ဆိုသည့် ပုဒ်မအား ပယ်ဖျက် ထားခြင်းကို တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး ခင်မောင်ထွန်းက ကန့်ကွက် ပြောဆိုသည်။

ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆(ခ)နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး ဆွေးနွေးရာတွင် ဗိုလ်မှူးကြီး ခင်မောင်ထွန်းက ကန့်ကွက် ခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများ အနေနဲ့ ရွေးကောက် တင်မြှောက်ခံမှု မပြုမီက တာဝန် ထမ်းဆောင်ခဲ့တဲ့ ဌာန အဖွဲ့အစည်း ရွေးကောက် တင်မြှောက် ခဲ့တဲ့ လွှတ်တော်များနဲ့ သီးခြားစီ မဖြစ်ဘဲ ဆက်နွယ် နေပြီး ၎င်းတို့ရဲ့လုပ်ပိုင်ခွင့် အာဏာ နဲ့ အခွင့်အရေးတွေကို အခြား ကဏ္ဍတွေမှာ လွဲမှားစွာ အသုံးပြုခဲ့ပါက မိမိတို့ မျှော်မှန်းထားတဲ့ စစ်မှန်၍  စည်းကမ်း ပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားရေး ဆိုတဲ့ ရည်ရွယ်ချက်ကိုလည်း အဟန့်အတား ဖြစ်စေမှာ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီး ခင်မောင်ထွန်းက ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောသည်။

၂၀၀၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၃၆(ခ) ရှိ ပုဒ်မ ၆၄တွင် ယခင်က နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများသည် နိုင်ငံရေးပါတီ တစ်ခုခု၏ အဖွဲ့ဝင် ဖြစ်လျှင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများ အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့် နေ့မှစ၍ မိမိတို့ ရာထူး သက်တမ်း အတွင်း ယင်းပါတီ အဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ခြင်း မပြုရဟု ပြဌာန်းချက်ကို ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ‘ဖြိုးရေးပါတီမှ ပယ်ဖျက် ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း ခဲ့ခြင်းဖြစ်သည်။

“ပါလီမန် ဒီမိုကရေစီစနစ်မှာ အုပ်ချုပ်ရေး မဏ္ဍိုင်နဲ့ ဥပဒေပြုရေးမဏ္ဍိုင် ရောထွေး နေပြီးတော့ အုပ်ချုပ်ရေး အကြီးအကဲများဟာ အာဏာရ ပါတီခေါင်းဆောင် လွှတ်တော် အမတ် ဖြစ်တာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်ကို ကိုယ်စားပြုတဲ့ နိုင်ငံတော် သမ္မတနဲ့  ဒုတိယသမ္မတများဟာ လွှတ်တော် ကိုယ်စားလှယ် အဖြစ်ပါ တစ်ချိန်တည်းမှာ ပူးတွဲ တာဝန်ထမ်းဆောင် နေပါ က နိုင်ငံ့ခေါင်းဆောင်များဟာ ပါတီနိုင်ငံရေး ဆောင်ရွက်ခွင့် ပေးသကဲ့သို့ ဖြစ်နေပြီး အမျိုးသား နိုင်ငံရေးနဲ့ ပါတီနိုင်ငံရေး ရောထွေးမှုများ ရှိလာပြီး ပါတီစွဲ ဂိုဏ်းဂဏစွဲများ လွှတ်တော်နဲ့ အစိုးရအတွင်း ဖြစ်ပေါ်လာ  နိုင်ပါတယ်”ဟု ဗိုလ်မှူးကြီး ခင်မောင်ထွန်းက ပြောသည်။

ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းတွင် ပါရှိသည့် ပုဒ်မ ၄၃၆(ခ)ကို ပြင်ဆင်ရန် ကိုယ်စားလှယ် (၁၀)ဦးမှ စတင် ဆွေးနွေး ခဲ့ပြီး ယင်းဥပဒေ ပုဒ်မကို ယခု သီတင်းပတ် အတွင်း အပြီးသတ် ဆွေးနွေးကာ နောက် သီတင်းပတ်တွင် တစ်ပိုဒ်ချင်းစီ အလိုက် အတည်ပြု သွားမည် ဖြစ်ကြောင်း  ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက ပြောသည်။

Messenger News Journal 

No comments:

Post a Comment