Wednesday 1 July 2015

အနည်းဆုံးလုပ်အားခ ကျပ် ၃၆၀၀ သတ်မှတ်ရန် အဆိုပြုချက် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ကန့်ကွက်မည်

မြန်မာနိုင်ငံတွင် အနည်းဆုံး လုပ်အားခသတ်မှတ်ရန် လုပ်အားခ သတ်မှတ်ရေးကော်မတီ ဖြစ်သည့် အမျိုးသားကော်မတီက အဆိုပြုသတ်မှတ်သည့် ကျပ် ၃၆၀၀ နှုန်းထားကို ကန့်ကွက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (MTUF) မှ ဒုတိယဥက္ကဋ္ဌ ဦးထွန်းဝေက ပြောကြားသည်။

နိုင်ငံ့ဝန်ထမ်းများ အနိမ့်ဆုံး ရရှိနေသည့် တစ်လလုပ်ခ ကျပ်တစ်သိန်း နှစ်သောင်း (တစ်ရက် ကျပ်လေး ထောင်) နှုန်းအတိုင်း အနည်းဆုံး လုပ်အားခကို သတ်မှတ်ပေးရန် တင်ပြမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အနည်းဆုံး လုပ်အားခအဖြစ် ကျပ်လေးထောင် သတ်မှတ်ပေးလျှင်လည်း ကုန်ဈေးနှုန်း တိုးမြင့်လာမှုအရ အလုပ်သမားများ၏ လူမှုဘဝဖူလုံနိုင်မှု မရှိသည့် အခြေအနေဖြစ်ကြောင်း၊ ကျပ် လေးထောင်အောက် လျှော့ချသတ်မှတ်ပါက အခက်အခဲများ ပိုမိုကြုံတွေ့ရမည် ဖြစ်၍ ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ဦးထွန်းဝေ က ပြောဆိုသည်။

“အနည်းဆုံး လေးထောင်တော့ ဖြစ်သင့်တယ်။ ကုန်ဈေးနှုန်းက ထိုးတက်နေတယ်။ တက်နေတဲ့အချိန်မှာ လေးထောင်အောက် လျော့သွားရင် စားဝတ်နေရေး မပြေလည်ဖြစ်မှာပဲ” ဟု ၎င်းက ဆိုသည်။

ယင်းသို့ ကန့်ကွက်ရန် အလုပ်သမားများ၏ သဘောဆန္ဒကို ရယူနေပြီဖြစ်ပြီး သတ်မှတ်ကာလ အတွင်း ဥပဒေနှင့်အညီ ကန့်ကွက်သွားမည် ဖြစ်ကြောင်း၊ CMP လက်ခစား လုပ်ငန်းများ မှအပ ကျန်လုပ်ငန်း များတွင် လေးထောင်ပေးနိုင်သည်ဟု ပြောဆိုထားပြီး ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အထည်ချုပ် လုပ်ငန်းရှင်များ အသင်းအနေနှင့်လည်း အသင်းသားများနှင့် ဆွေးနွေးပြီး ဥပဒေကပေး ထားသည့် အချက်များကို အသုံးပြုကာ ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း အဆိုပါ အသင်း၏ ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြားသည်။

အနည်းဆုံး လုပ်အားခအဖြစ် ကျပ်လေးထောင်ထက်မနည်း သတ်မှတ်ပေးရန် အလုပ်သမားများက တောင်းဆိုထားပြီး CMP လက်ခစား လုပ်ငန်းရှင် များကမူ ၂၅၀၀ ကျပ်အထိသာ ပေးနိုင် မည်ဖြစ်ကြောင်း ပြောဆိုထားသည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က CMP လုပ်ငန်းများ အနေနှင့် ၎င်းတို့ အဆိုပြုသော တစ်ရက်လုပ်ခနှုန်းထား ၂၅၀၀ ကျပ်သာ ပေးနိုင်မည်ဖြစ်ပြီး လုပ်ငန်းရှင် များ ထပ်မံဆွေးနွေးကာ ဥပဒေဘောင် အတွင်းမှ ပြန်လည်တင်ပြ ဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြား သည်။

“ဒီနှုန်းထားကိုတော့ မပေးနိုင်ဘူး၊ ကျွန်မတို့အနေနဲ့ လုပ်နိုင်တဲ့ဟာတွေတော့ ဥပဒေဘောင် အတွင်းက လုပ်သွားမယ်၊ မလုပ်နိုင်တဲ့ ဟာတွေကို တင်ပြဆွေးနွေးသွားမယ်” ဟု ၎င်းက ပြောဆိုသည်။

ယခုသတ်မှတ်လိုက်သော အနည်းဆုံးလုပ်ခ နှုန်းထားသည် အလုပ်သမား ၁၅ ယောက်အထက်ရှိသော လုပ်ငန်းတိုင်းနှင့် သက်ဆိုင်သည်ကို လုပ်ငန်းရှင် အများစုက မသိရှိသေးကြောင်း အလုပ်သမား ဥပဒေတွင် ပါရှိသည့် အချိန်ပိုနှုန်း ထားသည် အခြားနိုင်ငံများ၏ နှုန်းထားထက် များနေခြင်းကိုလည်း အစိုးရအနေနှင့် ပြင်ဆင်ပေးသင့်ကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဒေါက်တာအောင်ဝင်း က ပြောကြားသည်။

“ဒီနှုန်းထားဆိုရင် အလုပ်ချိန် ရှစ်နာရီကျော်လို့ အချိန်ပိုလုပ်ရရင် အချိန်ပိုက တစ်နာရီကို တစ်ထောင် ပေးရမှာ၊ လူမှုဖူလုံကြေးပါ တက်သွားတော့မှာ၊ အလုပ်သမားက အများကြီး ရှိတယ်လေ” ဟု ၎င်းက ပြောကြားသည်။

နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ သတ်မှတ်သည့် အဆိုပြု အနည်းဆုံး လုပ်အားခမှာ တစ်နာရီကို ၄၅၀ ကျပ်နှုန်းဖြင့် ပုံမှန်အလုပ်ချိန် ရှစ်နာရီအတွက် ၃၆၀၀ ကျပ် သတ်မှတ်ကြောင်း၊ အလုပ်သမား ၁၅ ဦးအောက် ရှိသည့် လုပ်ငန်းများနှင့် မိသားစု တစ်နိုင်တစ်ပိုင် လုပ်ငန်းများသည် အနည်းဆုံး လုပ်အားခ သတ်မှတ်ချက်နှင့် သက်ဆိုင်ခြင်းမရှိကြောင်း အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ဇွန်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပြု အနည်းဆုံးလုပ်အားခ နှုန်းထားနှင့် ပတ်သက်၍ အကြံပြုခြင်း၊ ကန့်ကွက်ခြင်း၊ ပြင်ဆင်ခြင်းများ ပြုလုပ်လိုသူများသည် နှုန်းထားထုတ်ပြန်သည့်နေ့ မှစ၍ နှစ်ပတ်အတွင်း အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မတီထံသို့ ပေးပို့ ရမည်ဖြစ်ကြောင်း၊ ယင်းအပြင် အမျိုးသားကော်မတီနှင့် အလုပ်သမားညွန်ကြားရေး ဦးစီးဌာနသို့လည်း ပေးပို့ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

The Voice Weekly 

No comments:

Post a Comment