Wednesday 1 July 2015

ရွှေစင်စကြ်ာ ယာဉ်တိုက်မှုတွင် ယာဉ်ပိုင်ရှင်များမှ တာဝန်ယူမှုမရှိ

ရွှေစင်စကြ်ာကား ယာဉ်တိုက်မှုတွင် ထိခိုက် ဒဏ်ရာရှိခဲ့သူ ခရီးသည်အား ရွှေစင်စကြ်ာ ဂိတ်ပိုင်၊ ယာဉ်ပိုင်ရှင် များမှ တာဝန်ယူမှု တာဝန်ခံမှု မရှိကြောင်း ၎င်း၏ မိသားစုဝင်များက ဇွန်လ(၃၀)ရက်နေ့တွင် The Messenger Media သို့ ပြောကြားခဲ့သည်။

၂၀၁၅ခုနှစ်၊ ဧပြီ ငါးရက်က ရွှေစင်စကြ်ာကားနှင့် မန်းရာဇာကားတို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ရွှေစင်စကြ်ာ ကားပေါ်တွင် စီးနင်း လိုက်ပါခဲ့သူ ကိုမင်းသူမှာ လက်ရှိအချိန်အထိ ဆေးရုံတွင် ဆေးကုသမှုခံယူ နေရပြီး ငွေကျပ်သိန်း ငါးဆယ်ကျော် ကုန်ကျနေပြီ ဖြစ်ကာ မြန်မာ့အာမခံရုံးမှ အာမခံကြေး (၂၄)သိန်း၊ ရွှေစင်စကြ်ာကားမှ ငွေကျပ်ငါးသိန်းနှင့် မုန့်ပုံးတစ်ပုံး လာရောက် ပေးခဲ့ရုံမှအပ ယနေ့အချိန်ထိ လာရောက် အားပေးစကား ပြောကြားခြင်း၊ ပံ့ပိုးကူညီခြင်းများ မရှိကြောင်း ၎င်းတို့က ဆိုသည်။

ရွှေစင်စကြ်ာကားမှ ထောက်ပံ့ငွေ ပေးသည့် ငွေကျပ်ငါးသိန်း မှာလည်း မန္တလေး အရိုးအကြောအထူးကု ဆေးရုံကြီးသို့ တက်ရောက် ကုသပြီး (၁၅)ရက်ကြာမှသာ လာရောက် ပေးအပ်ခဲ့ပြီး ဆေးရုံသို့တင်ပို့စဉ် လာရောက် ကူညီပေးမှုမရှိခြင်းနှင့် လူနာအား မည်မျှ ကုသရဦးမည်ကို မသိသေးခြင်းကြောင့် လက်မခံခြင်းခဲ့ကြောင်း လူနာရှင်၏ အစ်ကိုဖြစ်သူ ကိုအောင်ဌေးက ပြောကြားသည်။

ကိုမင်းသူမှာ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ခါးရိုးကျိုးခြင်း၊ လည်ပင်းရိုးကျိုးခြင်း၊ အာရုံကြောမကြီး ပျက်စီးခြင်းနှင့် အခြားဒဏ်ရာ များရရှိခဲ့ကာ ဖြူးမြို့ဆေးရုံတွင် တစ်ရက်ကုသခဲ့ပြီး ဧပြီ ခြောက်ရက် မှ (၁၄)ရက်အထိ မန္တလေးအထွေထွေ ရောဂါကု ဆေးရုံကြီးသို့ လည်းကောင်း၊ ထိုမှတစ်ဆင့် ဧပြီ (၁၄)ရက်မှ ယခုအချိန်ထိ မန္တလေးအရိုးအကြော အထူးကုဆေးရုံ အထူးဆောင် PR အခန်း(၅)တွင် ဆေးကုသမှု ခံယူနေရပြီး မည်သည့်အချိန်တွင် ဆေးရုံမှ ဆင်းရမည်ကို မသိသေးကြောင်း၊ ယခု ဆေးကုသရာတွင် ငွေကြေးမလုံလောက်မှု အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ၎င်းက ပြောသည်။

လူနာရှင်၏ ဆွေမျိုးဖြစ်သူ ကိုကျော်သူကလည်း ““မိသားစုဝင် တွေလည်း သူ့ကို ပြုစုနေရတာ တစ်မျိုး၊ စိုးရိမ်နေရတာ တစ်မျိုးဆိုတော့ အလုပ်လည်း ကောင်းကောင်း မလုပ်နိုင်ပါဘူး။ ယာဉ်ပိုင်၊ ဂိတ်ပိုင်တွေကို မေးချင်တာကတော့ ကိုယ့်ကားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်ကို ဘာကြောင့် တာဝန်ယူမှု မရှိတာလဲ။ ကျွန်တော့်ညီ ဒီလိုဖြစ်နေတာကို မသိလို့လား။ ဆေးရုံကိုလည်း တစ်ခါကလွဲပြီး ခုချိန်ထိ လုံးဝ လာမကြည့်ပါဘူး””ဟု ပြောကြားသည်။

၎င်းဖြစ်စဉ်နှင့် ပတ်သတ်၍ ရွှေစင်စကြ်ာ ယာဉ်ဂိတ်ပိုင် ဦးနေ၀င်းက ““တကယ်တော့ အာမခံကြေးကလည်း ရွှေစင်စကြ်ာကနေ ပေးတာပါ။ ရွှေစင်စကြ်ာ အသင်းကနေပြီးတော့ အောင်မင်္ဂလာ အ၀းပြေးကွင်းထဲမှာ လူမှုရေးအသင်း ဆိုပြီးတော့ မော်တော်ယာဉ် လိုင်းပေါင်းစုံမှာ ၀င်ထားတယ်။ မ၀င်ထားတဲ့ အသင်းတွေလည်းရှိတယ်။ အသင်းက ၀င်ထားတဲ့ဟာက သူတို့ဖြူးကနေ မန္တလေးဘက် ပြောင်းတဲ့အခါ အားလုံး ခြောက်သိန်းခွဲ ပေးလိုက်တယ်။ အဲဒါလည်း ရွှေစင်စကြ်ာက ပေးတာပဲ။ သူတို့က သဘော မပေါက်ဘူး ဖြစ်နေတယ်””ဟု ပြောကြားသည်။

ဖြစ်စဉ်နှင့် ပတ်သတ်၍ ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ်ကြီးကြပ်ထိန်း သိမ်းရေးကော်မတီ၊ မန္တလေးတိုင်း ဒေသကြီး မော်တော်ယာဉ် ကြီးကြပ်ထိန်းသိမ်းရေး ကော်မတီ၊ မြင်းခြံ/နွားထိုးကြီးမြို့နယ် မော်တော်ယာဉ် ကြီးကြပ်ထိန်းသိမ်းရေး ကော်မတီတို့ထံ ဇွန်လ(၂၅)ရက်ပါ ရက်စွဲဖြင့် အသနားခံစာ ပေးပို့ခဲ့သော်လည်း ယခုအချိန်ထိ ထူးခြားမှု မရှိသေးကြောင်း မိသားစုဝင်များ၏ ပြောကြားချက်အရ သိရသည်။

ယာဉ်တိုက်မှု ဖြစ်စဉ်မှာ ဧပြီလ ငါးရက်က တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ အမြန်လမ်းမကြီး မိုင်တိုင် (၁၂၀)တွင် မန်းရာဇာ ခရီးသည်တင်ယာဉ်နှင့် ရွှေစင်စကြ်ာ ခရီးသည်တင်ယာဉ်တို့  ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီး ခရီးသည်(၂၁)ဦး ဒဏ်ရာ ရှိခဲ့သည်။

Messenger News Journal 

No comments:

Post a Comment