Wednesday 1 July 2015

အင်ဒိုနီးရှားစစ်လေယာဉ် လူနေရပ်ကွက်ပေါ် ပျက်ကျ၊ အနည်းဆုံး လူ ၅၅ ဦး သေဆုံး

အင်ဒိုနီးရှားစစ်ဘက်သုံး သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်း ဟိုတယ် တစ်လုံးနှင့် နေအိမ်များပေါ်သို့ ပျက်ကျခဲ့ရာ အနည်းဆုံး လူ ၅၅ ဦးခန့် သေဆုံးသွားခဲ့ကြောင်း Reuters သတင်းတစ်ရပ်က ဖော်ပြထား သည်။

အခင်းဖြစ်ခဲ့သောဒေသမှာ ဆူမားတြားမြောက်ပိုင်း မီဒန်မြို့တွင်ဖြစ်ကာ ဇွန်လ ၃၀ ရက်နေ့ အင်္ဂါနေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“နောက်ဆုံးရထားတဲ့ သတင်းတွေအရ သေဆုံးသူ ၅၅ ဦးလောက်ထိ ရှိသွားပြီဖြစ်ပါတယ်။ ဒီကိန်း ဂဏန်းဟာ ဆက်ပြီး တက်လာနိုင်ပါတယ်” ဟု ဟီစာတာနစ် ဆိုသူ အင်ဒိုနီးရှား ကယ်ဆယ်ရေး အဖွဲ့၏ ပြောခွင့်ရအရာရှိက ပြောကြားသည်။ မြေပြင်နှင့်လေယာဉ်ပေါ်တွင် ပါဝင်လာသည့် ထိခိုက်သေဆုံးသူ စုစုပေါင်း စာရင်းကို ရုတ်တရက် အတည်ပြုနိုင်ရန် ခက်ခဲမှုများ ရှိနေသည်။

C-130 Hercules အမျိုးအစား သယ်ယူပို့ဆောင်ရေး စစ်လေယာဉ် ရပ်ကွက်ထဲသို့ ပျက်ကျသွားပြီး မီးလောင်နေသည့်ပုံများကို ရုပ်သံလိုင်းများက ပြသထားသည်။ လေယာဉ်ပေါ်တွင် တပ်မတော်အမှုထမ်း ၁၂ ဦးပါဝင်သွားခဲ့ကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦး က ပြောကြားခဲ့သည်။

အသေးစား ဒဏ်ရာရရှိမှုကြောင့် ဆေးရုံသို့ရောက်ရှိလာသော လူနာများစွာရှိကြောင်း မီဒန်မြို့မှ ဆရာဝန် တစ်ဦး ဖြစ်သူ ဆန်ဒီပတ်ပါဟမ်က ဆိုသည်။ စစ်လေယာဉ်သည် မီဒန်လေတပ်စခန်းမှ ဝေးလံသော ကျွန်းဒေသဖြစ်သည့် နာတူမာသို့ ပျံသန်းသွားခြင်းဖြစ်ကာ ဝေဟင်သို့တက်ပြီး မိနစ်အနည်းငယ်အတွင်း ပြန်လည် ပျက်ကျသွားခဲ့ခြင်း ဖြစ်သည်။

နည်းပညာပိုင်းဆိုင်ရာ ပြဿနာအချို့ ရှိသဖြင့် လေယာဉ်မှူးကိုပြန်လှည့်ရန် ညွှန်ကြားချက်ပေးခဲ့သည်ဟု မီဒီယာများက ပြောကြားခဲ့သည်။ လေယာဉ်မပျက်ကျခင်တွင် လေယာဉ်သည် ခပ်နိမ့်နိမ့်အနေအထားဖြင့် အတန်ကြာအောင် လည်နေခဲ့သည်ဟု မျက်မြင် သက်သေများက ပြောကြားခဲ့သည်။

The Voice Weekly 

No comments:

Post a Comment