Wednesday 1 July 2015

ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သော ဒေသများတွင် ကူညီဆောင်ရွက်၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ငရုတ်ကောင်းမြို့နယ်ခွဲ၊ ကျီးချောင်း ကျေးရွာအုပ်စု အတွင်းရှိ ငရုတ်ကောင်း တောင်ကျေးရွာ၊ ဆင်မှုန်ကျေးရွာနှင့် ၀က်ကော်ကျေးရွာများ၌ ဇွန် ၂၈ ရက် နံနက်ပိုင်းတွင် တောင်ကျရေများခြင်း၊ ချောင်းရေတက်ခြင်းများကြောင့် ချောက်ကမ်းပါးများ ပြိုကျပြီး လူနေအိမ် ၁၄၈ လုံး ရေ၀င်ပျက်စီးခြင်း၊ အလျား ၂၀ ပေ၊ အနံ ၆ ပေရှိ သစ်သားတံတားနှင့် လမ်းများ ပျက်စီး ခြင်းများကြောင့် လူဦးရေ ၄၉၀ ဦးအား အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တပ်မတော် သားများက ယာယီ ရွှေ့ပြောင်းပေးခဲ့ပြီး ဇွန် ၂၉ ရက်တွင် ရေပြန်ကျသွား သဖြင့် ပျက်စီးနေသော နေအိမ်၊ လမ်း၊ တံတားများအား ပြန်လည် ပြင်ဆင် ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။


ထို့အတူ ဇွန် ၂၈ ရက် နေ့လယ်ပိုင်းတွင် လပွတ္တာမြို့၊ အမှတ်(၉)ရပ်ကွက် အတွင်း ရေအမြင့် ၃ ပေ ခွဲခန့် ၀င်ရောက်ခဲ့ပြီး နေအိမ် ၃၇၀ လုံးမှာ ရေများ ၀င်ရောက်ခဲ့သဖြင့် အိမ်ထောင်စု ၃၆၂ စု၊ လူဦးရေ ၁၉၈၉ ဦးသည် နီးစပ်ရာ ဆွေမျိုးများ ထံ သွားရောက်နေထိုင်လျက်ရှိရာ ဇွန် ၂၉ ရက်တွင် ရေဘေး သင့်ပြည်သူ များနှင့် ပစ္စည်း များအား ကူညီရွှေ့ပြောင်းပေးခြင်းများ ဆောင် ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်လူအေးနှင့် တာဝန်ရှိသူ များက သွားရောက်ကြည့်ရှု အားပေးပြီး ရေဘေးသင့် ပြည်သူများအတွက် စားသောက်ဖွယ်ရာနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ကာ ၀က်ကော်ကျေးရွာ၊ မြစ်တစ်ရာဘုန်းတော်ကြီးကျောင်း ဆရာတော်အား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။

အလားတူ ရခိုင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည့် ရပ်ကွက်၊ ကျေးရွာများ၌ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော် သားများနှင့် နယ်လှည့် ဆေးကုသရေးအဖွဲ့က ပြန်လည် တည်ဆောက်ရေး နှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကျောက်တော်မြို့နယ်၊ ပျင်လှ ကျေးရွာ၊ မဟာမုနိကျေးရွာ၊ သရက်တစ်ပင်ကျေးရွာနှင့် သာယာကုန်း ကျေးရွာများမှ ဒေသခံ တိုင်းရင်းသား ပြည်သူ ၃၅၂ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ခြင်အန္တရာယ်ကာကွယ် ဆေးပက်ဖျန်းပေးခြင်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ဆောင်ရွက်ပေးနေမှုကို တိုင်းမှူး ဗိုလ်ချုပ်အောင်လင်းဒွေးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားပြီး ပျင်လှကျေးရွာ၊ စပါးဆိပ်ကျေးရွာနှင့် ကျင်ကြီးကျေးရွာများရှိ ဒေသခံ ပြည်သူ များအတွက် ဆန် ၇၀ အိတ်၊ ရေသန့် ဘူးကြီး ၂၈၀ ဘူးနှင့် တာပေါ်လင်စ လေးလိပ် တို့အား ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။

မြ၀တီ

No comments:

Post a Comment