Wednesday 1 July 2015

" ၀ိုင်းဝန်းပဲ့ပြင်ထိန်းသိမ်းကြပါစို့"

လက်ရှိအစိုးရသစ် လက်ထက်မှာ မီဒီယာလွတ်လပ်ခွင့်၊ စာနယ်ဇင်း လွတ်လပ်ခွင့်တွေ အတိုင်းအတာ တစ်ခု အထိ ရရှိခဲ့တာကြောင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်းမီဒီယာတွေက အစိုးရအပေါ် ၀မ်းမြောက် ၀မ်းသာကြိုဆိုခဲ့ကြသလို နိုင်ငံတကာမီဒီယာများကလည်း မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းမီဒီယာလွတ်လပ် ခွင့်ကို အသိအမှတ်ပြုခဲ့ကြပါတယ်။
မြန်မာနိုင်ငံအပေါ် စောင့်ကြည့်နေကြ တဲ့ကမ္ဘာ့ဒီမိုကရေစီဘိုးအေ နိုင်ငံကြီးများကပင် မြန်မာနိုင်ငံအစိုးရရဲ့ ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ပေးခဲ့တဲ့ မီဒီယာလွတ်လပ်ခွင့်အတွက် အံ့သြဘနန်းဖြစ်ခဲ့ကြရပါတယ်။ တပ်မတော်အစိုးရ လက်ထက်မှာ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး အဓိကဖြစ်တဲ့အတွက် မီဒီယာ စာနယ်ဇင်းဆိုင်ရာ ချုပ်ချယ်ကန့်သတ် မှုတွေရှိခဲ့ပေမယ့် လက်ရှိ အစိုးရသစ်လက်ထက် ဒီမိုကရေစီ နိုင်ငံရေး စနစ်နှင့်အညီ ယခုလို လွတ်လပ် စွာဆောင်ရွက်ခွင့်ရတဲ့ အတွက် အကျေနပ်ဆုံးကတော့ ၀ါရင့် သဘာရင့် မီဒီယာသမားများပဲ ဖြစ်ပါတယ်။

၎င်းတို့အနေနဲ့ တပ်မတော်အစိုးရလက်ထက်မှတော့ ကိုယ်တတ်ကျွမ်းတဲ့ စာနယ်ဇင်းအတတ် ပညာကို ပြည်သူလူထုကိုတင်ပြရာမှာ တပ်မတော်အစိုးရက ကန့်သတ်ခွင့်ပြုထားတဲ့ မူဘောင် အတွင်းကသာ တင်ပြခဲ့ကြရတာဖြစ်ပေမဲ့ ယနေ့အစိုးရသစ်လက်ထက်မှာတော့ ပြင်ဆင်ပြဋ္ဌာန်းထားတဲ့ မီဒီယာ ဥပဒေတွေနဲ့ အညီ မိမိရဲ့စာနယ်ဇင်းအတတ်ပညာဆိုင်ရာဖော်ပြမှုတွေကို ပြည်သူ လူထုထံ လွတ်လပ် ပြည့်စုံစွာ တင်ပြနိုင်တယ်ဆိုတဲ့ အားသာချက်တွေလည်း တွေ့ရှိရပါတယ်။ အားနည်းချက်တွေအနေနဲ့ ကတော့ မီဒီယာရဲ့စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကျင့်သုံးခြင်း မရှိသလို သတင်းမီဒီယာကျင့်ဝတ် ကိုလည်း အလေးမထားသူတွေနဲ့ ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံလျှို့ဝှက် အက်ဥပဒေ ရှိတယ်ဆိုတာတောင် မသိတဲ့ စုန်းပြူးမီဒီယာသမားအချို့ရဲ့ ချွတ်ယွင်းအားနည်းချက်နဲ့ ပျက်ကွက်မှုတွေလည်း ရှိနေကြပါတယ်။ ဒါကြောင့်လည်း တည်ဆဲဥပဒေတွေနဲ့အညီ တရားစွဲဆိုခံရသူ တွေနဲ့ ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ လျှို့ဝှက်အက်ဥပဒေအရ အရေးယူခံခဲ့ရတဲ့ မီဒီယာသမားအချို့ ရှိခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်သာဓကများအရ တွေ့ရမှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရကို အကြည်အညို ပျက်အောင် နိုင်ငံတော်သမ္မတအပါအ၀င် နိုင်ငံတော် အကြီးအကဲတွေကို ရုန့်ရင်းကြမ်းတမ်းစွာဆဲဆိုပြီး ရုပ်ပြောင်ပုံတွေအသုံးပြုမှုနှင့်အတူ အင်တာနက်နဲ့ ဂျာနယ်တွေမှာ အမျိုးမျိုးဝေဖန်ရေးသားနေတာ တွေကိုလည်း စိတ်မကောင်းဖွယ် မြင်တွေ့နေရပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ကတော့ ပြဋ္ဌာန်း ဥပဒေတွေနဲ့ ငြိစွန်းမှုမရှိရင် တတ်နိုင်သမျှ ခွင့်လွှတ်သည်းခံပေးနေတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

လက်ရှိအစိုးရလက်ထက် မီဒီယာတွေအားလုံးက အမျိုးမျိုးပုံဖော်ရေးသားကြပြီး ပြည်သူလူထု အားလုံးက စိတ်ဝင်စားနေတဲ့သတင်းကတော့ လောက်ကိုင်ဒေသတိုက်ပွဲအကြောင်းဖြစ်ပြီး ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ကစလို့ ယနေ့အထိ မြန်မာနိုင်ငံသားအားလုံးက စိတ်ဝင်စားစရာသတင်း တစ်ခုအဖြစ် ဆက်လက်ရပ်တည်လျက်ရှိပါတယ်။ လောက်ကိုင်ဒေသ တိုက်ပွဲသတင်းတွေကို ပြည်သူ လူထုထံ မှန်ကန်မျှတစွာ တင်ပြပေးနေတဲ့ မီဒီယာတွေကြောင့်လည်း အမိမြေကို တစ်လက်မမျှ အဆုံးရှုံးမခံဘဲ တိုင်းပြည်အတွက် အသက်ပေးပြီး တာဝန်ကျေပွန်စွာထမ်းဆောင်နေတဲ့ တပ်မတော် သားတွေအကြောင်း၊ စစ်သားတွေဖြတ်သန်းနေရတဲ့ ရှေ့တန်းစစ်မြေပြင်အကြောင်းတွေကို ပြည်သူ တွေပိုမိုသိရှိခဲ့ရပြီး တပ်မတော်သားတွေအပေါ် စာနာနားလည်နိုင်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း လောက်ကိုင်ဒေသမှာ တိုင်းပြည်အတွက်အသက်စွန့်သွားကြတဲ့ တပ်မတော်သားတွေအတွက်၊ လက်ရှိ ဆက်လက်တိုက်ပွဲဝင် နေတဲ့ တပ်မတော်သားတွေအတွက် တစ်ခဲနက်ထောက်ခံအားပေးကာ အလွှာ ပေါင်းစုံက ပြည်သူလူထုက ငွေပစ္စည်းများပေးအပ်လှူဒါန်းနေဆဲဖြစ်ပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်း မကြုံစဖူး ထူးကဲလှတဲ့ ပြည်သူလူထုရဲ့ထောက်ခံအားပေးမှုတွေကို တပ်မတော်သားတွေရရှိလျက် ရှိပါတယ်။

လောက်ကိုင်ဒေသမှာ တိုက်ပွဲများစတင်ဖြစ်ပွားနေချိန်တွင် တပ်မတော်အနေနဲ့ တိုက်ပွဲသတင်း တွေကို ထိန်းထိန်းသိမ်းသိမ်းထုတ်ပြန်ခဲ့ပေမယ့် သောင်းကျန်းသူဘက်မှ ၀ါဒဖြန့်မှုတွေနဲ့ မီဒီယာများရဲ့ မဟုတ်မမှန်ဖော်ပြတဲ့ သတင်းတွေကြောင့် တိုက်ပွဲသတင်းတွေကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ရန် လိုအပ်လာခဲ့ပါတယ်။ လောက်ကိုင်ဒေသအခြေအနေနှင့် တိုက်ပွဲသတင်းတွေကို နိုင်ငံပိုင်ရုပ်သံ/ သတင်းစာများနှင့် တပ်မတော်ရုပ်သံ/သတင်းစာများကနေပြီး နေ့စဉ်ဖော်ပြပေးလျက်ရှိပါတယ်။ ဒါ့အပြင် တပ်မတော်နဲ့မီဒီယာအကြား ကောင်းမွန်သော မီဒီယာဆက်ဆံရေးတည်ဆောက်မှုအဖြစ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)နှင့် တွေ့ဆုံမှု ၂ ကြိမ် အပါအ၀င် သတင်း မီဒီယာ များနှင့် အကြိမ်အရေအတွက် မြောက်များစွာတွေ့ဆုံခဲ့ပြီးဖြစ်သလို တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေဖြင့်လည်း မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)နဲ့ တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ်ခဲ့ကြပြီး နှစ်ဖက်နားလည်မှုများ အခိုင်အမာတည်ဆောက်နိုင်ခဲ့ပါတယ်။

သို့သော်လည်း သတင်းမီဒီယာတွေထဲမှာ မီဒီယာကျင့်ဝတ်တွေနဲ့အညီ စတုတ္ထမဏ္ဍိုင်အဖြစ် မှန်ကန်စွာ ခံယူရပ်တည်လုပ်ကိုင်ဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေရှိသလို နိုင်ငံရေး ရည်မှန်းချက်၊ စီးပွားရေး အခွင့် အလမ်းနဲ့ သောင်းကျန်းသူအဖွဲ့အစည်းတွေထံမှရမည့် အထောက်အပံ့ ကိုမျှော်ကိုးပြီး သောင်းကျန်းသူအဖွဲ့ အစည်းများနှင့်ဆက်သွယ်ကာ မဟုတ်မမှန် လုပ်ကြံတိုက်ပွဲ သတင်းများ တစ်ဖက်သတ်ရေးသားဖော်ပြနေသော မီဒီယာအချို့ရှိနေတာကိုလည်း စိတ်မကောင်းဖွယ် တွေ့ရှိနေရ ပါတယ်။ ဒါကြောင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ နိုင်ငံတော်အစိုးရက မတရားအသင်း ကြေညာ ထားတဲ့ (MNDAA)ကိုးကန့်သောင်းကျန်းသူအဖွဲ့နဲ့ ဆက်သွယ်မေးမြန်းမှုများ ကိုပြုလုပ်ပါက နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေများနှင့်အညီ အရေးယူခံရမှာဖြစ်ကြောင်း ၃-၅-၂၀၁၅ ရက်စွဲဖြင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) သို့ မလွှဲမရှောင်သာ အကြောင်းကြားခဲ့ပါတယ်။ ယခုလို အကြောင်းကြားစာ ပေးပို့ရခြင်းဟာလည်း အခြေတည်ပြီးဖြစ်တဲ့ တပ်မတော်နဲ့ သတင်း မီဒီယာများအကြား ကောင်းမွန်သော ဆက်ဆံရေးကို အထိအခိုက်မခံနိုင်တာကြောင့်လည်း ကြိုတင် ဟန့်တား ဆောင်ရွက်ခြင်းဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။

မတရားအသင်းအက်ဥပဒေဆိုတာကို မသိနားမလည်ဘဲ အဲဒီအဖွဲ့တွေနဲ့ ဆက်သွယ်မေးမြန်း ပြောဆို သတင်းရေးသားနေကြသော မီဒီယာသမားများအနေနဲ့ မတရားအသင်းအက်ဥပဒေနှင့် ပြစ်ဒဏ်များကို သိရှိထားဖို့တော့လိုအပ်ပါတယ်။ မတရားအသင်းအက်ဥပဒေမှာ ပါဝင်တဲ့ပြစ်ဒဏ်များ အနေနဲ့ "ပုဒ်မ-၁၇(၁) မည်သူမဆိုမတရားအသင်း ၀င်ဖြစ်လျင်သော်လည်းကောင်း၊ ထိုအသင်း တစ်ခုခု၏ အစည်းအဝေးများတွင် ပါဝင်ဆောင်ရွက်လျင်သော်လည်းကောင်း၊ ထိုအသင်း တစ်ခုခု ကိစ္စအတွက် ငွေကြေးထောက်ပံ့လျင်၊ လက်ခံရယူလျင်၊ သို့မဟုတ် တောင်းခံလျင်သော်လည်းကောင်း၊ အသင်း၏ လုပ်ကိုင်ဆောင်ရွက်ရာတွင် တစ်နည်းနည်းဖြင့် ကူညီလျင်သော်လည်းကောင်း ထိုသူသည် ထောင်ဒဏ် ၂ နှစ် ထက်မနည်း၊ ၃ နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ခြင်းခံရမည့်အပြင် ငွေဒဏ် လည်းကျခံစေရမည်။" "ပုဒ်မ-၁၇(၂) မည်သူမဆို မတရား အသင်းကိုစီမံအုပ်ချုပ်လျင်၊ သို့မဟုတ် မတရားအသင်း၏ စီမံအုပ်ချုပ်မှုတွင် ကူညီလျင်သော် လည်းကောင်း၊ ထိုအသင်းတစ်ခုခု၏ အစည်း အဝေး၊ သို့မဟုတ် အသင်းဝင်များ၏ အစည်းအဝေး ဖြစ်မြောက် ရေးအတွက် ဆော်သြ ကမကထ ပြုလျင်၊ သို့မဟုတ် ကူညီလျင်သော်လည်းကောင်း၊ ထိုသူသည် ထောင်ဒဏ် ၃ နှစ်ထက်မနည်း၊ ၅ နှစ် ထက်မပိုသော ထောင်ဒဏ်ချမှတ်ခြင်းခံရမည့်အပြင် ငွေဒဏ်လည်း ကျခံစေရမည်" ဟု ရှင်းလင်း တိကျစွာ ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။

သို့သော်လည်း မီဒီယာအချို့အနေနဲ့ (MNDAA) ကိုးကန့်သောင်းကျန်းသူအဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံ ထွန်းမြတ်လင်းလို သောင်းကျန်းသူအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ်မေးမြန်းပြီး တိုက်ပွဲသတင်းတွေ အပါအ၀င် သောင်းကျန်းသူတွေရဲ့ စစ်ရေး၊ နိုင်ငံရေးလှုပ်ရှားမှုများအပေါ် မဟုတ် မမှန် လိမ်လည်ပြောဆို မှုများကို အမှားအမှန်မခွဲခြားဘဲ သတင်းရေးသားဖော်ပြမှုများ ဆောင်ရွက် နေတာကို တွေ့မြင်နေရဆဲပဲ ဖြစ်ပါတယ်။ သတင်းသမားတစ်ယောက်အနေဖြင့် နိုင်ငံတော်ရဲ့ တည်ဆဲ ဥပဒေအရ မတရားအသင်း အဖွဲ့အစည်းများ၊ ၎င်းအဖွဲ့အစည်းများနှင့် ဆက်နွယ်ပတ်သက်နေတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းများကို ဆက်စပ် ပတ်သက်ခြင်းမှ ရှောင်ကြဉ်ရန်လိုအပ်မှာဖြစ်သလို၊ ရရှိတဲ့ သတင်းတွေအပေါ်မှာလည်း သတင်း အခြေအမြစ် ခိုင်မာမှုရှိ/မရှိနဲ့ သတင်းအဆင့်အတန်း မှန်ကန် တိကျမှုရှိ/မရှိကိုလည်း စိစစ်ရန် တာဝန်ရှိပါတယ်။ မိမိရေးသားဖော်ပြထုတ်လွှင့်တဲ့ သတင်းတစ်ခု အပေါ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမယ်ဆိုတာ မီဒီယာကျင့်ဝတ်ထဲမှာ အတိအလင်းပါပြီးဖြစ်ပါတယ်။ လက်ရှိဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတဲ့ ဒီမိုကရေစီဘိုးအေနိုင်ငံကြီးများတွင်လည်း မီဒီယာကဏ္ဍ လွတ်လပ်စွာ ဆောင်ရွက် လုပ်ကိုင်ခွင့် ပြုထားသည်ဟုဆိုသော်လည်း ၎င်းတို့နိုင်ငံရဲ့ တည်ဆဲဥပဒေ များကို လိုက်နာဖို့ပျက်ကွက် ရင်တော့ ဥပဒေအတိုင်း အရေးယူနေတယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း အစိုးရအဆက်ဆက် ပြဋ္ဌာန်းထားတဲ့ ဥပဒေများ အပါအ၀င် သတင်းမီဒီယာဥပဒေနဲ့ ကျင့်ဝတ်တွေကို လေးစားလိုက်နာကြရမှာပဲဖြစ်ပါတယ်။ ဒါကြောင့် စည်းမျဉ်းစည်းကမ်းများနဲ့အညီ မီဒီယာကျင့်ဝတ်ကို တန်ဖိုးထားလေးစားလိုက်နာ ဆောင်ရွက်လျက် ရှိတဲ့ ၀ါရင့်မီဒီယာသမားကြီးများအနေဖြင့် တက်သစ်စ ညီငယ်၊ ညီမငယ် မီဒီယာသမားများကို လမ်းမှား မရောက် အောင် ဥပဒေရဲ့ ဆုံးမပဲ့ပြင်မှုမခံရအောင် ၀ိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ပေးကြရန် လိုအပ် ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။

တရားစောင့်နတ်
အင်းလေးမီဒီယာ‬

No comments:

Post a Comment